Homeသတင်းရာမည မွန်ရှေ့နေများကွန်ရက် တရားဝင်မှတ်ပုံတင်ရန်စီစဉ်

ရာမည မွန်ရှေ့နေများကွန်ရက် တရားဝင်မှတ်ပုံတင်ရန်စီစဉ်

-

ရာမညရှေ့နေများကွန်ရက်မှ သင်တန်းတစ်ခု(Facebook)

ဥပဒေအထောက်အကူပြုရေးနှင့် ဥပဒေအသိပညာမြင့်မားရေး ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသည့် ရာမည မွန်ရှေ့နေများ ကွန်ရက်ကို တရားဝင်မှတ်ပုံတင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ရာမည မွန်ရှေ့နေများကွန်ရက်ကို ရန်ကုန်နှင့် မော်လမြိုင်တို့တွင် ဖွဲ့စည်းထားပြီး တရားဝင်မှတ်ပုံတင်ပြီးပါက ဥပဒေဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ လွပ်လပ်စွာ ဆက်သွယ်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ကွန်ရက်အဖွဲ့ဝင် ဦးအောင်ဆန်းဦးက မွန်သတင်းအေဂျင်စီကို ပြောသည်။

ဦးအောင်ဆန်းဦးက “လက်ရှိမှာ ကျနော်တို့ ကွန်ရက်ရဲ့ အခြေခံဖွဲ့စည်းပုံကို ယာယီတော့ ရေးဆွဲထားပြီးပြီ၊ ဒီ ရာမညမွန်ရှေ့နေများကွန်ရက်ကို ရန်ကုန်မှာ ဖွဲ့ထားတာရှိသလို မွန်ပြည်နယ် (မော်လမြိုင်) မှာလည်း ဖွဲ့ထားတာရှိပါတယ်။ ဒီနှစ်ခုပေါင်းစည်းပြီးတော့ အစိုးရမှာ မှတ်ပုံတင်နိုင်အောင် ဒီလာမည့် ၆ လပိုင်းမှာ ကျနော်တို့စပြီးလှုပ်ရှားသွားမယ်” ဟု ပြောသည်။

ရာမည မွန်ရှေ့နေများကွန်ရက်အနေဖြင့် ကျားမရေးရာအကြမ်းဖက်ခြင်းခံရမှုများ၊ မတရားပြုလုပ်ခံရသူ၊ နစ်နာသူများ၊ ရှေ့နေငှားရန် ငွေရေးကြေးရေး အခက်အခဲရှိနေသူများအတွက် အခမဲ့အမှုလိုက်ပေးနိုင်ရန်၊ ဥပဒေပိုင်းဆိုင်ရာ အသိပညာမြင့်တင်ခြင်းနှင့် အကြံပေးခြင်းကိစ္စတို့ကိုလည်း လိုက်ပါကူညီပေးနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။

ရာမည မွန်ရှေ့နေများကွန်ရက် ဦးဆောင်သူ အငြိမ်းစား မွန်ပြည်နယ်ဥပဒေချုပ်ဟောင်း နိုင်ဝင်းကြည်က “ကျနော်တို့ကွန်ရက်မှာ လုပ်ငန်းကော်မတီ ၃ ရပ်နဲ့ ဖွဲ့စည်းထားပါတယ်။ တစ်ခုက အမှုတွေ လိုက်ပေးမယ်၊ ပညာပေးမယ်၊ နောက်တစ်ခုက တိုင်းရင်းအခွင့်အရေးဆိုင်ရာ ဖက်ဒရယ်ကိစ္စပေါ့။ လက်ရှိကျနော်တို့မြန်မာနိုင်ငံမှာ ဖက်ဒရယ်စနစ်နှင့် သွားနေတယ်ဆိုတော့ ဖက်ဒရယ်နှင့်ပတ်သက်ပြီးတော့လည်း ကျနော်တို့ ပညာပေးရမယ်၊ အများသိအောင် ဖြန့်ဝေရမယ်” ဟု ပြောသည်။

အလားတူ ကရင်ပြည်နယ်၊ မန္တလေး၊ ပဲခူးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင်လည်း ရာမည မွန်ရှေ့နေများကွန်ရက်ကို ဆက်လက်ဖွဲ့စည်းသွားရန် စီစဉ်ထားကြောင်း ကွန်ရက်တာဝန်ရှိပုဂ္ဂိုလ်များထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts