spot_img
Monday, December 15, 2025
More
    spot_img
    Homeသတင်းနှစ်ပါတီသင်တန်းအတူဆောင်ရွက်ခြင်းသည် ပေါင်းစည်းရေးမကြာမီအောင်မြင်လိမ့်မည်ဟု မျှော်လင့်

    နှစ်ပါတီသင်တန်းအတူဆောင်ရွက်ခြင်းသည် ပေါင်းစည်းရေးမကြာမီအောင်မြင်လိမ့်မည်ဟု မျှော်လင့်

    -

    မွန် ၂ ပါတီ၏ အခြေခံဖက်ဒရယ်သဘောတရားဆိုင်ရာ သင်တန်းသားများ(Nai Ko Thu)

    မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP နှင့် မွန်အမျိုးသားပါတီ MNP မြို့နယ်/ကျေးရွာအဆင့်ပါတီဝင်များ Workshop သင်တန်းများ အတူဆောင်ရွက်ခြင်းသည် ချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မာစေပြီး ၂ ပါတီပေါင်းစည်းရေး မကြာမီအောင်မြင်လိမ့်မည်ဟု မျှော်လင့်ကြောင်း သက်ဆိုင်ရာပါတီဝင်များက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    မွန် ၂ ပါတီပူးပေါင်း၍ မုဒုံမြို့နယ် မွန်အမျိုးသားပါတီရုံးခန်းမ၌ အခြေခံဖက်ဒရယ်သဘောတရားဆိုင်ရာ သင်တန်းကို မေလ ၂၈-၂၉ ရက်များတွင် ၂ ရက်တာကျင်းပရာ မြို့နယ်/ကျေးရွာအဆင့်ပါတီဝင် ၇၀ ဦးခန့် တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

    AMDP မုဒုံမြို့နယ် အမျိုးသမီးရေးရာတာဝန်ခံ မိသဇင်ထွေးက “အရမ်းမျှော်လင့်ခဲ့တဲ့အချိန်ပေါ့နော် မထင်မှတ်ဘူးပေါ့၊ ဒီ ၂ ပါတီတွေ့ဆုံရေးမှာ အစ်မတို့မျှော်လင့်ထားတဲ့ ပေါင်းစည်းရေးဆိုတဲ့ ပေါင်းကူးတံတား ဘဲပေါ့နော်၊ အဲဒါ အောင်မြင်မယ်လို့ အစ်မတို့ယုံကြည်တယ်၊ အရမ်းလည်းပျော်တယ် ဒီနေ့ဘယ်လိုပျော်မှန်းမသိဘူး၊ ဘာလို့လည်းဆိုတော့ ၂ ပါတီကျတော့ အခုမှ တခါဘဲဆုံဖူးသေးတယ် သူတို့လည်းနွေးနွေးထွေးထွေးနဲ့ ကြိုဆိုတဲ့အတွက်ကြောင့် အစ်မတို့အရမ်းဝမ်းသာတယ်”ဟု ပြောသည်။

    အခြားသောမြို့နယ်အသီးသီးတို့တွင် မွန်နှစ်ပါတီပူးပေါင်း၍ အလားတူ အခြေခံဖက်ဒရယ်သင်တန်းများ ပြုလုပ်ပေးနိုင်ပါက အောက်ခြေပါတီဝင်အချင်းချင်း ပိုမိုရင်းနှီးလာကြပြီး ပါတီပေါင်းစည်းရေး ပိုမိုမြန်ဆန်လိမ့်မည်ဟု ၄င်းက ဆိုသည်။

    ထို့အတူ သင်တန်းတက်ရောက်နေသည့် မုဒုံမြို့နယ် MNP အလုပ်အမှုဆောင်အဖွဲ့ဝင် မိလှလှရီက “တခါမှ ဒီလိုမျိုး မကြုံဆုံလာခဲ့ရဘူးလေ၊ အားလုံးကပြေပြေလည်လည်နဲ့ တယောက်နဲ့ တယောက်က ညီအစ်ကိုမောင်နှစ်မ အရင်းလိုဘဲပေါ့နော် သဘောထားတာ၊ အစည်းဝေးမှာလဲ တယောက်နဲ့တယောက်က စိမ်းနေမလား တယောက်နဲ့တယောက်ကစကားပြောရင် အထစ်ငေါ့များရှိနေမလား၊ အဲလိုလည်းမဟုတ်ဘူးနော် အားလုံးရင်းရင်းနှီးနှီးဘဲ ကျမအနေနဲ့ မြင်တယ်ပေါ့နော် ဒီရှေ့ပြေး ၂ ပါတီပေါင်းဖို့ နီးစပ်မယ်လို့ ထင်တယ်ပေါ့နော်”ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ထို့အပြင် နှစ်ပါတီပေါင်းစည်းရေးကိစ္စကို လာမည့်ဇွန်လပထမအပတ်တွင် နှစ်ဖက်ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးရန် ညှိနှိုင်းထားပြီးဖြစ်ကြောင်း သက်ဆိုင်ရာပါတီများမှ သိရသည်။

    “သူတို့အချင်းချင်းထိတွေမှု အခွင့်အလမ်းတွေ ပိုပြီးတော့ပွင့်လာတာပေါ့၊ လက်တွေ့ပိုင်းမှာ သူတို့လှုပ်ရှားမှုကိုမြင်လာရတယ်၊ အရင်ကဆို ပေါင်းမယ်ပြောပြီးတော့ လှုပ်ရှားမှုတွေ မတွေ့ရဘူး၊ ခုဆိုရင်အစည်းအဝေးတွေမှာ အတူတူတက်တာ တွေ့လာတယ်၊ ဆိုချင်တာက နိုင်ငံရေးအရ သဘောတူညီချက်တွေ ဘာတွေကျတော့ သူတို့ထိပ်သီးခေါင်းဆောင်အချင်းချင်း တွေ့ဆုံတာတော့ ရှိမှာပေါ့လေ၊ သူတို့အချင်းချင်းတွေ့ဆုံမှုခြေလှမ်းတွေကလည်း စိပ်လာတယ်၊ ကျနော်ကတော့ အကောင်းဘက်က မြင်တယ်” ဟု Federal Training Team Consultant အကြံပေး မင်းချမ်းထိုက်က ဆိုသည်။

    အဆိုပါသင်တန်းကို မွန်ပြည်နယ်အခြေစိုက် မွန်လူထုဆုံရပ်နှင့် Federal Training Team-FTT မှ ဖယ်ဒရယ်ရေးရာ ကျွမ်းကျင်သူများဖြစ်ကြသော Consultant ဆရာ မင်းချမ်းထိုက်၊ ဆရာ စိုင်းဇင်မင်းအေး နှင့် ဆရာ ဆလိုင်းရှိုင်းထွန်းတို့မှ သင်ကြားပို့ချခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts