spot_img
Monday, April 22, 2024
More
    spot_img
    Homeဆောင်းပါးမိန်ဗလာတောင် မျက်လှည့်ပြပွဲလား

    မိန်ဗလာတောင် မျက်လှည့်ပြပွဲလား

    -

    မိန်ဗလာတောင် တူးဖော်နေမှု(Facebook)

    ဒဏ္ဍာရီဆန် နောက်ခံသမိုင်းအကျဉ်း
    ရှေးနှစ်ပေါင်းများစွာက မွန်တို့ရဲ့ ဝါခရူနန်းတော်မှ အိမ်ရှေ့မင်းသားမင်းပျိုတစ်ပါး တောလည်ထွက်ရာသေလာတောင် မွန်ဘာသာ “ဒေသ္မိင်ဗလိုင်” ကို “မိန်ဗလာတောင်”လို့ တိုက်ရိုက်အသံဖလှယ်ခေါ်ဝေါ်သလို ပြောဆိုလို့မကုန်နိုင်တဲ့ ပါးစပ်ရာဇဝင်အမျိုးမျိုး၊ ပဥ္စလက် ဒဏ္ဍာရီပုံပြင်ဆန်ဆန် အကြောင်းအရာတွေနဲ့ မိန်ဗလာတောင်ဘိုးဘိုးဆိုရင်လည်း နတ်ကန္နားတွေမှာ တန်ခိုးကြီးထွားနေဆဲပါ။

    ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၂-၄၅ ခုနှစ်မှာတည်ဆောက်တဲ့ ယိုးဒယား-မြန်မာမီးရထားလမ်းကို သေမင်းတမန် Death Railway လို့ ကမ္ဘာသိဖြစ်ခဲ့ပြီး မြန်မာနိုင်ငံဘက်က မီးရထားလမ်းဟာ သံဖြူဇရပ်မှအစပြုတော့ မဟာဗျူဟာအရ မိန်ဗလာတောင်ဟာ ဂျပန်စစ်စခန်းကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။

    စစ်ပွဲအတွင်း ဂျပန်တွေဖမ်းဆီးရမိတဲ့ မဟာမိတ်တပ်ဖွဲ့မှစစ်သုံ့ပန်းတွေကို မြန်မာနိုင်ငံဘက်အခြမ်း မီးရထားလမ်းဖောက်လုပ်စေခိုင်းခဲ့ရာမှာ ဗြိတိသျှစစ်သည် ၁၇၂၈ ယောက်၊ သြစတေးလျ ၁၁၆၃ ယောက်၊ ဒတ်ချ် ၆၂၁ ယောက် စုစုပေါင်း ၃၅၁၂ ယောက်တို့ သေဆုံးခဲ့တဲ့အရိုးမြေပုံတွေကို ပြန်လည်ဖော်ထုတ်ပြီး သံဖြူဇရပ်စစ်သင်းချိုင်းမှာ မြှုပ်နှံထားတာ တွေ့မြင်နိုင်ပါတယ်။

    မြန်မာချွေးတပ်သားအလုပ်သမားတွေဟာ သံဖြူဇရပ်-ဘုရားသုံးဆူ မီးရထားလမ်းဖောက်လုပ်ဖို့ မိန်ဗလာတောင် ဂျပန်စစ်စခန်းမှတဆင့် ဘုရားသုံးဆူတောင်ကြားလမ်းဘက်သို့ အဆင့်ဆင့်ထွက်ခွာခဲ့ကြပြီး လူဦးရေ ၃ သောင်းကနေ ၈ သောင်းကြား သေဆုံးခဲ့ရတယ်လို့ သမိုင်းမှတ်တမ်းတွေမှာ ဖော်ပြပါတယ်။

    ကိုယ်တွေ့ကြုံခဲ့ရသူတစ်ဦး

    နိုင်ရှား-ဝယ်ကဝါကျေးရွာ(MNA)

    ဂျပန်စစ်တပ်အခြေစိုက်တဲ့ကာလတွေမှာ မိန်ဗလာတောင်အနီးတဝိုက် ၁၂ နှစ်သား ခလေးဘဝ အဖော် ၄ ယောက်နဲ့ နွားကျောင်းခဲ့တဲ့ နိုင်ရှားကတော့ ဝယ်ကဝါကျေးရွာမှာ နေထိုင်လျက်ပါ။

    “ဂျပန်စစ်သား ၃ ယောက်ဆိုရင် သူတို့တွန်းလှည်းတစ်စီးစီနဲ့ သေတ္တာတွေ၊ ကျည်ဆံပုံးတွေ၊ ပန်ကာဒလက်တွေပါတဲ့ ပေါင်လုံးလောက်ရှိတဲ့ ဗုံးကျည်တွေကို နေ့ရောညပါ တောင်ပေါ်ကိုဆက်တိုက်ဆက်တိုက် သယ်ပို့နေကြတာ တွေ့ရတယ်၊ တောင်ပေါ်မှာ ဂျပန်စစ်သားသက်သက်နေကြတယ် ဘယ်သူမှလည်း တက်ခွင့်မရှိဘူး၊ ဘယ်မှာ သူတို့ဝှက်ထားတာကိုလည်း မသိနိုင်ပါဘူး”လို့ နိုင်ရှားက ဆိုပါတယ်။

    စစ်ရှုံးတာကို အလွန်ရင်းနှီးတဲ့ဂျပန်မာစတာတစ်ယောက် နိုင်ရှားကိုပြောပြခဲ့ပြီး လက်နက်အချို့နှင့် ပစ္စည်းကရိယာတော်တော်များကို မီးရှို့ဖျက်ဆီးခဲ့တာ တွေ့မြင်ခဲ့ရတယ်လို့ မွန်သတင်းအေဂျင်စီနဲ့ သီးသန့်ပြုလုပ်တဲ့အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။

    ဘုရားသုံးဆူတောင်ကြားလမ်းဟာ မြန်မာနိုင်ငံကို ဂျပန်တပ်တွေဝင်ရောက်တဲ့ အဓိကလမ်းကြောင်းဖြစ်သလို စစ်ရှုံးဂျပန်တွေ ဆုတ်ခွာတဲ့လမ်းကြောင်းလည်းဖြစ်တဲ့အတွက် မိန်ဗလာတောင်လှိုင်ဂူတွေထဲမှာ အဖိုးတန်ရတနာတွေ၊ လက်နက်ကျည်ဆံ၊ ဗုံးတွေ သိုလှောင်ခဲ့တာကို ကောက်ချက်ချနိုင်ပေမယ့် ဒီရတနာပစ္စည်းတွေကို စစ်ရှုံးဂျပန်တွေအချိန်မှီ သယ်ထုတ်သွားနိုင်ခဲ့သလား(သို့တည်းမဟုတ်) ကျန်ရှိနေသေးလား ဆိုတာ ပဟေဠိတရပ်လိုပါပဲ။

    သို့သော်လည်း ရှေ့မီနောက်မီ ဂျပန်ခေတ်မိန်ဗလာတောင်နဲ့မကင်းကြတဲ့ သက်ရှိထင်ရှားလူကြီးတွေ၊ ဒေသခံအများစုကတော့ အဖိုးရတနာတွေကိုမြှုပ်နှံထားတဲ့နေရာမှာ ဗုံးတွေနဲ့အရံအတား အဆင့်ဆင့်ပြုလုပ်ထားတာလို့ ယူဆပြောဆိုနေကြပါတယ်။

    ခွင့်ပြုချက်မဲ့တူးဖော်နေမှု
    မိန်ဗလာတောင်ပေါ်ရှိ ဒုတိယကမ္ဘာစစ် ဂျပန်စစ်ကျန်လက်နက်ပစ္စည်း တရားဝင်တူးဖော်ခြင်းကို မွန်ပြည်နယ်အစိုးရမှ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူးလို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ မွန်သတင်းအေဂျင်စီကို ပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။

    “ဒီကိစ္စက ကျွန်တော်တို့မွန်ပြည်နယ်အစိုးရ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး၊ သူတို့စာတင်လာတာ ၂ ကြိမ်ရှိပြီး အရင်ဝန်ကြီးချုပ်ဟောင်း ဦးမင်းမင်းဦးကတစ်ကြိမ်၊ အခုလက်ရှိဝန်ကြီးချုပ်လက်ထက်မှာလည်း ထပ်တင်ထား တယ်၊ ဒီကိစ္စကပြည်ထောင်စုကို တိုက်ရိုက်တင်မှရမယ်၊ တင်ပြီးလို့ ပြည်ထောင်စုကနေ မွန်ပြည်နယ်အစိုးရရဲ့ သဘောထားကိုမေးမှ ကျွန်တော်တို့ဒီကိစ္စကိုမှတ်ချက်ပေးလို့ရမယ်” လို့ ဒေါက်တာမင်းကြည်ဝင်းက ဆိုခဲ့ပါတယ်။

    ထို့ကြောင့် ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းမှာ ခွင့်ပြုချက်မရှိဘဲ မိန်ဗလာတောင်ကို ပထမတကြိမ်တူးဖော်ခဲ့တဲ့ ရန်ကုန်အခြေစိုက် Golden Geo Myanmar Co.,LTD ကို ပြည်နယ်အစိုးရတားမြစ်ခဲ့သော်လည်း အရေးယူမှုမရှိခဲ့ပါ။

    နောက်တဖန် “ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့မြှပ်နှံထားခဲ့သော ဂျပန်စစ်ကျန်ပစ္စည်းများအား ပျက်စီးမှုမှကာကွယ်ရန်၊ တရားမဝင်တူးဖော်သူများအား တားဆီးနိုင်ရန်နှင့် နိုင်ငံတော်ဘဏ္ဍာမဆုံးရှုံးစေရန် ရည်ရွယ်၍ အကျိုးတူပူးပေါင်းလုပ်ကိုင်ခွင့်ပြုပါရန် ရန်ကုန်အခြေစိုက် Royal Eagle Development Group Co,Ltd ကုမ္ပဏီ တင်ပြလာသည့်အပေါ် ဧပြီလ ၂၄ ရက်နေ့က ခွင့်ပြုခဲ့တယ်” လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်း ဆိုပါတယ်။

    “ကနဦးစူးစမ်းလေ့လာဆိုတာ Data အချက်အလက်ကောက်ရမယ် ဖြစ်နိုင်စွမ်းရှိ မရှိစစ်ဆေးရမယ်၊ ဒီအချက်ပေါ် မူတည်ပြီးတော့ ဆက်တူးမယ်၊ မတူးဘူးဆိုတာ ပြည်ထောင်စုက ဆုံးဖြတ်ချက်ချမယ်၊ ဒါကတော့ စီမံကိန်းကြီးတစ်ခုလုံးကို လုပ်ဖို့ခွင့်ပြုလိုက်တာမဟုတ်ဘူး၊ လေ့လာစမ်းသပ်ခွင့် ပြုတဲ့အဆင့်ပဲရှိတယ်” ၄င်းက ဆက်ပြောပါတယ်။

    “(၁၈-၄-၂၀၁၈) ရက်နေ့တွင် ပြုလုပ်သည့် မွန်ပြည်နယ်အစိုးရ အစည်းအဝေးအမှတ်စဉ်(၁၅/၂၀၁၈) ဆုံးဖြတ်ချက်အပိုဒ် (၁၄) အရ မွန်ပြည်နယ်အစိုးရ၏သဘောတူခွင့်ပြုချက်နှင့် လုံခြုံရေးကိစ္စတို့အား ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးပါကြောင်းနှင့် Feasibility Study(F/S) (ဖြစ်နိုင်ခြေလေ့လာမှု) ဆောင်ရွက်ခွင့်ပြုကြောင်း အကြောင်းကြားပါသည်”လို့ ပြည်နယ်အစိုးရရုံးမိတ္တူစာကို ဖတ်ရှုရပါတယ်။

    ယခုရက်ပိုင်းအတွင်း ဒေါက်တာမင်းကြည်ဝင်းရဲ့ အင်တာဗျူးတစ်ခုမှာလည်း စက်ယန္တရားနဲ့ တူးဖော်ခွင့်ပြုထားခြင်းမရှိဘူးလို့ ပြောဆိုတာရှိခဲ့ပြီး အာဏာပိုင်တွေအနေနဲ့ ကုမ္ပဏီကိုတားမြစ်တာ မကြားမိသေးပါ။

    Facebook ပေါ်မှတဆင့် ဖြန့်ဝေသည့်ပုံအရ “မိန်ဗလာတောင်၌ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်ဌာနချုပ်အဆောက်အဦနေရာများအား စစ်သမိုင်းပြတိုက်ဖော်ဆောင်မည့်ရှေ့ပြေးစီမံကိန်း” ဆိုင်းဘုတ်တင်ပြီး “စီမံကိန်းတာဝန်ရှိသူများမှအပ အခွင့်မရှိမဝင်ရ” အနီရောင်အောက်ခံ တားမြစ်နေရာသတ်မှတ်လို့ ယန္တရားစက်များနဲ့ တူးဖော်နေတာကို မွန်ပြည်နယ်အစိုးရ လုံးဝမသိထားသလို အသံတိတ်နေတာ အံ့သြမဆုံးဖြစ်ရပါတယ်။

    ယခင်ဆိုင်းဘုတ်(Facebook)

    သို့ရာတွင် ခွင့်ပြုချက်မရှိဘဲခုလို စက်ယန္တရားတွေနဲ့တူးဖော်နေကို ပြည်နယ်လွှတ်တော်က ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးတချို့ကို ခေါ်ယူတွေ့ဆုံခဲ့ပြီး ခွင့်ပြုချက်မဲ့တူးဖော်နေတာကို တားမြစ်ပေးဖို့နဲ့ ဥပဒေနဲ့အညီအရေးယူပေးဖို့ မေလ ၇ ရက်နေ့ကတည်းက အကြောင်းကြားစာပေးပို့ခဲ့တယ်လို့လည်း မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက ဆိုပါတယ်။
    ဒေါက်တာအောင်နိုင်ဦးက “ဘက်ဟိုးတွေနဲ့ တူးခွင့်မရဘဲနဲ့ ယန္တရားတွေနဲ့တရားဝင်တူးတဲ့အဆင့်မျိုး လုပ်ပိုင်ခွင့်မရှိပါရက်နဲ့ သူတို့က ကနဦးလေ့လာဆန်းစစ်မှုမှာပင် ပရိုစီဂျာအရ ကျော်လွန်ပြီးလုပ်နေတာကို တွေ့ရတယ်” လို့ DVB သတင်းဌာနကို ပြောပါတယ်။

    မိန်ဗလာတောင်တူးဖော်နေတဲ့ကုမ္ပဏီကလည်း သတင်းဌာနတွေ၊ လူမှုကွန်ယက်ဆိုရှယ်စာမျက်နှာတွေပေါ် တစ်နေ့ပြီးတစ်နေ့ ဝေဖန်သံများလာတဲ့နောက်ပိုင်းမှာ “မွန်ပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုချက်ဖြင့် ဒုတိယကမ္ဘာစစ် လက်ကျန်ပစ္စည်း ပဏာမလေ့လာစူးစမ်းရေးအဖွဲ့” ဆိုပြီး ဆိုင်းဘုတ်အသစ်တဖန် ပြောင်းတင်လိုက်တာကို တွေ့ရပါတယ်။

    ယခုဆိုင်းဘုတ်(Facebook)

    “မွန်ပြည်နယ်အစိုးရခွင့်ပြုချက်မရှိပဲနဲ့တောင် ဂျပန်စစ်ကျန် ရတနာသိုက်ကို လာတူးတယ်ဆိုတော့ ဒီကုမ္ပဏီက ဥပဒေတွေ ဘာတွေ မသိတာလား၊ သိရက်နဲ့ ရူးချင်ယောင်ဆောင်ထားတာလား၊ လေ့လာယုံလောက်ပဲ ပြောပြီးတော့ လက်တွေ့ကျမှ အပီတူးတာလား၊ ပြည်နယ်အစိုးရကို ဂရုမစိုက်တာလား၊ ဂရုစိုက်စရာမလိုဘူးလို့ သဘောထားတာလား၊ ဒီလိုဖြစ်နေတာကို ပြည်နယ်အစိုးရက မသိတာလား၊ အရင်က ပါးစပ်ကျွံထားလို့ သိရက်နဲ့ မမြင်ချင်ယောင်ဆောင်ပေးတာလား၊ နောက်ကွယ်မှာ ကြိတ်လုပ်ထားတာ ရှိလို့လား။ XXXXXXလား XXXXXX လား” လို့ ရေးမြို့နယ်မှ အမျိုးသားလွှတ်တော်အမတ် ဦးမျိုးဝင်းက Facebook မှာ ဝေဖန်ထားပါတယ်။

    စီမံကိန်းဆောင်ရွက်မှုမှာ ရက်ပိုင်းမျှသာ ရှိသေးသဖြင့် ထူးခြားမှုတစ်စုံတစ်ရာမတွေ့ ရသေးကြောင်း စီမံကိန်းမှ တာဝန်ရှိသူတစ်ဦးက မြန်မာ့အလင်းကို ပြောပါတယ်။

    “ကျွန်တော်တို့ စီမံကိန်းကိုဆောင်ရွက်နေတာ ရက်ပိုင်းလောက်ပဲရှိပါသေးတယ်၊ အကြောင်းအရာအသေးစိတ်အချက်အလက်၊ တွေ့ရှိမှုအခြေအနေတွေကို ထူးခြားမှု ရှိတဲ့အချိန်ပဲဖြစ်ဖြစ် လကုန်ပိုင်းလောက်မှာပဲဖြစ်ဖြစ် မီဒီယာတွေကိုပြောပြသွားဖို့ရှိပါ တယ်၊ ပြည်နယ်အစိုးရဆီက ခွင့်ပြုချက်နဲ့ စီမံကိန်းကိုဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်၊ ခွင့်ပြုချက်တစ်စုံတစ်ရာမရှိဘဲ လုပ်နေတာမဟုတ်ပါဘူး၊ ပြင်ပလူဝင်ခွင့်မပြုသေးဘူး ဆိုတာက စက်ယန္တရား တွေသုံးပြီး အလုပ်လုပ်နေတာဖြစ်လို့ အန္တရာယ်ရှိနိုင်တာကြောင့် ပေးမဝင်တာလည်းဖြစ်ပါတယ်၊ တားမြစ်နယ်မြေအပြင်ကနေ ကြိုက်တဲ့ နေရာက ဓာတ်ပုံ ရိုက်ခွင့်ရှိပါတယ်၊ လောလောဆယ်အနေနဲ့ ဒီလောက်ပဲပြောနိုင်ပါတယ်”လို့ ၎င်းက ဆိုပါတယ်။

    ထို့ကြောင့် ကနဦးဆန်းစစ်လေ့လာမှုအဆင့်မှာ စက်ယန္တရားတွေတူးဖော်ခွင့်မရှိဘူးလို့ လွှတ်တော်၊ အစိုးရဘက်ကပြောနေပြီး တူးဖော်နေတဲ့ကုမ္ပဏီဘက်ကတော့ ခွင့်ပြုချက်နဲ့တူးဖော်တာလို့ မီဒီယာကနေ အပြန်အလှန်ငြင်းခုံနေကြတာ၊ စီမံကိန်းဆိုင်းဘုတ်ဆိုရင်လည်း အရင်တစ်မျိုး အခုတစ်မျိုးပြောင်းလဲတပ်ဆင်နေတာတွေကို မိန်ဗလာတောင် မျက်လှည့်ပြပွဲ ကြည့်နေရသလို ဖြစ်ပါကြောင်း။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,500SubscribersSubscribe
    spot_img

    Latest posts