Homeသတင်းတိုင်းရင်းသားတို့၏ ဖက်ဒရယ်ပြည်ထောင်စုအခြေခံမူများ တူညီကြသည်ဟုဆို

တိုင်းရင်းသားတို့၏ ဖက်ဒရယ်ပြည်ထောင်စုအခြေခံမူများ တူညီကြသည်ဟုဆို

-

တိုင်းရင်းသားတို့၏ ဖက်ဒရယ်ဆိုင်ရာအခြေခံမူများ တူညီကြသည်ဟု မေလ ၇ ရက်နေ့က ရေးမြို့တွင် ကျင်းပခဲ့သော မွန်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ အခမ်းအနားပိတ်ပွဲသို့ တက်ရောက်လေ့လာသော တိုးတက်သောကရင်နီအမျိုးသားများပါတီ KNPP အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

 “တိုင်းရင်းသားတွေအနေနဲ့ ဒီဖက်ဒရယ်ပြည်ထောင်စုတစ်ခု တည်ဆောက်မယ်ဆိုတဲ့ Frame တစ်ခုအပေါ်မှာ အစောကြီးကတည်းက ကျွန်တော်တို့ ကြားမှာလက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ လုပ်ဆောင်ပြီးသွားပါပြီး၊ ဖက်ဒရယ်နိုင်ငံရေးစနစ်တွေ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေတွေ ကျွန်တော်တို့ကြားမှာ အစောကြီးကတည်းက လေ့လာတာ၊ ဆည်းပူးတာ အတူတကွ ပူးပေါင်းဆောင်ရွက်တာတွေက ရှိပြီးသားပါ၊ ဒီမှာဆွေးနွေးနေတဲ့ဟာက ကြည့်လိိုက်ရင် ကျွန်တော်တို့နဲ့ကြီးကြီးမားမားကွဲလွဲတာဘာမှ မရှိဘူး၊ အခြေခံကြောရိုးတွေက အားလုံးအတူတူပဲဖြစ်နေတယ်” ဟု ဦးရွှေမျိုးသန့်က ဆိုသည်။

KNPP အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့် အခမ်းအနားတက်ရောက်စဉ်(MNA)

တိုင်းရင်းသားများ လိုလားနေသည့် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို သွားရောက်နိုင်ရန်အတွက် လက်ရှိနိုင်ငံရေးဆွေးနွေးပွဲမှတစ်ဆင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ UPC သို့ တက်ရောက်ဆွေးနွေးရမည်ဖြစ်သောကြောင့် တိုင်းရင်းသားအချင်းချင်းကြား ဖက်ဒရယ်ပြည်ထောင်စုစနစ်ဆိုင်ရာ  အခြေခံမူများမကွဲလွဲအောင် မွန်လူမျိုးအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို လာရောက်လေ့လာခြင်းဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

 KNPP အနေဖြင့် NCA လမ်းကြောင်းအတိုင်း ဆက်လက်ဆွေးနွေးသွားမည်ကို သိရသည့်အတွက်ကြောင့် မွန်လူမျိုးအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို လာရောက်လေ့လာခြင်းဖြစ်ကြောင်း ကယားပြည်နယ်အရပ်ဖက်အဖွဲ့အစည်း နည်းပညာအထောက်အကူပြု ဒါရိုက်တာ ဦးကျော်ထင်အောင်က ပြောသည်။

“ကျွန်တော်တို့ပြည်နယ်မှာ ရှိနေတဲ့ KNPP ကတော့ NCA Process ကနေ ငြိမ်းချမ်းရေးကို ဆက်လက်ပြီးတော့မှ ကြိုးပမ်းသွားမယ်၊ သို့သော် NCA မှာ မပြည့်စုံသေးတဲ့အချက်အလက်တွေရှိနေပါတယ်၊ ဒါကြောင့် ပိုမိုခိုင်မာတဲ့၊ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့အတွက်ကြောင့် KNPPအနေနဲ့ ဒီ NCA လမ်းကြောင်းအတိုင်း ဆက်လက်ဆွေးနွေးသွားမယ့်အနေအထားတစ်ရပ်ကို ကျွန်တော်တို့သိထားတာဖြစ်တဲ့အတွက် အခုလို NCA လမ်းကြောင်းနဲ့ Peace Process (၂၁) ရာစုပင်လုံတတိယအစည်းအဝေးအတွက် ကျင်းပတဲ့ မွန်လူအမျိုးအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို လာရောက်လေ့လာတာပါ” ဟု သူက ပြောသည်။

ကယားပြည်နယ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း၊ နိုင်ငံရေးပါတီများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းမှ လေ့လာသူ (၃၀) ဦးခန့့် ရေးမြို့တွင် ကျင်းပပြီးစီးခဲ့သည့် မွန်လူမျိုးအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို တက်ရောက်လေ့လာခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts