ယမန်နှစ်က ယခုလိုအချိန်တွင်”သတင်း၊သတင်းဆောင်းပါး၊ ဆောင်းပါးနှင့်အမြင်သုံးသပ်ချက်”အများစုသာဖော်ပြသော Online Media တစ်ခုဖြစ်သည့် မွန်သတင်းအေဂျင်စီ Mon New Agency Website တွင် ထူးထူးခြားခြားကဗျာတစ်ပုဒ်ဖော်ပြခဲ့ဖူးသည်။
ထို(Website)တွင်ဖော်ပြခဲ့သော “စိတ်ကောက်နေတဲ့တံတား” ကဗျာ၏ဖန်တီးရှင်ကဗျာဆရာကမ်လူဝေးသည်လည်း မကြာသေးမီကပင် “ရွှေအိုးရွက်လာတဲ့ကောင်းကင်” အမည်ရ ကဗျာစုစည်းမှုစာအုပ်ထွက်ရှိထားပါသည်။
မွန်ပြည်နယ်သားခြင်းအတူတူ ကျနော်နဲ့လည်းရေးဖော်ရေးဖက် ညီအစ်ကိုယ်လိုခင်မင်နေသောကြောင့် ကဗျာဆရာကမ်လူဝေးမှ ကဗျာစာအုပ်လက်ဆောင်ပေးလာသည်။ ကမ်လူဝေးရဲ့ကဗျာစာအုပ်အား ဖွင့်ဖတ်ရင်းယခုသုံးသပ်ချက်ဆောင်းပါးကို ရေးဖြစ်ပါသည်။
“ရွှေအိုးရွက်လာတဲ့ကောင်းကင်” ကဗျာစုစည်းမှုစာအုပ်သည် ကမ်လူဝေး၏ဒုတိယမြောက် တစ်ကိုယ်တော်ကဗျာစုစည်းမှုစာအုပ်ဖြစ်သည်။ (၂၀၁၃)ခုနှစ်က “အသက်ဖမ်းသူ” ကဗျာစုစည်းမှုဖြင့် ပထမခြေလှမ်းထွက်ရှိခဲ့ဖူးသည်။
ယခုစာအုပ်တွင် မိုးမခမီဒီယာနဲ့ အခြားသောမဂ္ဂဇင်း၊ ဂျာနယ် စာမျက်နှာပေါ်တွင် ဖော်ပြခံရသော ကဗျာပုဒ်ရေစုစုပေါင်း (၆၀) ပါဝင်သည်။ အမှာစာကိုဆရာ “နရီမင်း” ကရေးသားပေးထားပါသည်။
ကဗျာဆရာသည် ‘မွန်ပြည်နယ်၊ မော်လမြိုင်မြို့’တွင် နေထိုင်သူဖြစ်သောကြောင့် သူ့ကဗျာများတွင်လည်း မွန်ဒေသအငွေ့အသက်များလွှမ်းခြုံနေသည်ကို တွေ့မြင်နိုင်မည်ဖြစ်ပါသည်။
ကမ်လူဝေး၏ရွှေအိုးရွက်လာတဲ့ကောင်းကင်စာအုပ်ထဲမှ ပထမဦးဆုံးအမြည်းအနေဖြင့် “မော်လမြိုင်မှာနေသည်” ဆိုသည့်ကဗျာကို ကနဦးမိတ်ဆက်လိုပါသည်။
ဟုတ်တယ်ဟုတ်
သမီးရေ
အဖေတို့မိသားစု
မော်လမြိုင်မှာနေကြတယ်
ဟုတ်တယ်ဟုတ်။
ဟုတ်တယ်ဟုတ်
သမီးကိုဆံပင်ညှပ်ဖို့
အိမ်ရှေ့ကအလှပြင်ဆိုင်ကို အဖေလိုက်ပို့တော့
မွန်စကားမတတ်
ဗမာစကားမတတ်
ဘောင်းဘီတိုတို မျက်စေ့မှေးမှေး
ကောင်လေးတွေ၊ကောင်မလေးတွေ
ကွိစိကွစိစကားတွေဆိုရင်း
ဆံပင်တွေညှပ် ခေါင်းတွေလျှော်နေတော့
အဖေသမီးလက်ကိုဆွဲပြီး
အိမ်ပြန်ခဲ့တယ်
ဟုတ်တယ်ဟုတ်။
ဟုတ်တယ်ဟုတ်
သမီးကိုရှမ်းခေါက်ဆွဲကျွေးဖို့
အိမ်နားကခေါက်ဆွဲဆိုင်ကို
အဖေလိုက်ပို့တော့
မွန်စကားမလည်
ဗမာစကားမလည်
ဘောင်းဘီတိုတိုနဲ့ မျက်စေ့မှေးမှေး
ကောင်မလေးတွေ
ကွီစိကွစိစကားတွေဆိုရင်း ရောင်းနေကြတော့
အဖေတို့အစားပဲ အိမ်ပြန်ခဲ့တယ်
ဟုတ်တယ်ဟုတ်။
ဟုတ်တယ်ဟုတ်
သမီးရေ
အဖေတို့အိမ်ထဲမှာနေရင်း
နိုင်ငံခြားကိုရောက်မှန်းမသိ
ရောက်ရှိနေပြီးဆိုတာ
အဖေဒီနေ့သိလိုက်ရပြီး
သမီးရေ
ဟုတ်တယ်ဟုတ်။
(မော်လမြိုင်မြို့နယ်မဂ္ဂဇင်း)
‘ဟုတ်တယ်ဟုတ်’ဆိုသည့် ဟန်ဆောင်မှုကင်း ကင်းပွင့်လင်းဖော်ရွေသော မွန်လူမျိုးစကားပြောဟန်များဖြင့် ကဗျာကိုအစချီထားပါသည်။ မွန်ပြည်နယ်၏မြို့တော်မော်လမြိုင်တွင် ဌာနေတိုင်းရင်းသားလူမျိုစုများ၏ စကားသံတဖြည်းဖြည်းတိတ်ဆိတ်လာပုံ၊ ပြည်နယ်တွင်းစီးပွားရေးအခွင့်အလမ်းများ ဌာနေတိုင်းရင်းသားပြည်သူလက်ထဲမရှိပုံကို ကဗျာဆရာကထောက်ပြထားပါသည်။ မိမိအိမ်၊ မိမိဒေသ၊ မိမိတို့ပတ်ဝန်းကျင်းအဝန်းအဝိုင်းထဲ နေထိုင်တာတောင် နိုင်ငံရပ်ခြားရောက်နေသလားဟု ကဗျာဆရာက စိတ်ပျက်လက်ပျက် ညည်းညူထားသည်။
ဌာနေတိုင်းရင်းသားမဟုတ်သည့်လူမျိုးစုများက ရာမညမြေ၏လူမှုရေး၊ စီးပွားရေးကိုနည်းအမျိုးမျိုးဖြင့် တဖြည်းဖြည်းဝါးမြိုနေသည်။ ဒေသတွင်းစီးပွားရေး စိုးမိုးခြယ်လှယ်ခံရသောကြောင့် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာသည်။ မိမိဒေသအကျိုးစီးပွား၊ အလုပ်အကိုင်အခွင့်အလမ်းများ မိမိလူမျိုးစုလက်ထဲတွင်မရှိ၍ ဌာနေတိုင်းရင်းသားများတိုင်းတပါးသို့ ရွေ့ပြောင်းလုပ်သားဘဝဖြင့် တစ်ရပ်တကျေးသို့ သွားရောက်လုပ်ကိုင်ရပုံကို “ရေကြည်ရာ” ကဗျာတွင် တွေ့မြင်နိုင်ပါသည်။
ဘဝအတွက်လို့
ကြီးကြီးကျယ်ကျယ်မပြောလိုပါဘူး။
ငတ်လို့ရရာလုပ်ဖို့
တိုင်းပြည်ကထွက်ခဲ့ရတာပါ။
ကလေးတွေလား
မွေးပြီးသူ့အဖွားနဲ့ထားခဲ့တယ်
ရွာမှာပေါ့။
ယောက်ျားလား
တစ်ခါတခါတော့
သူလည်းအားကိုယ်လည်းအား
ဆန္ဒရှိတော့တွေ့ဖြစ်ပါတယ်။
အခုလည်းနောက်တစ်ဗိုက်တဲ့
အချိန်တန်ရွာပြန်မွေးရဦးမယ်။
ရွာအခြေအနေလား
တရွာလုံး
အဘိုးအဖွားတွေနဲ့ကလေးတွေပဲနေကြတော့
ရွာကအေးချမ်းပါတယ်။
(သူရိယနေဝန်းဂျာနယ်)
မွန်ပြည်နယ်ထဲရှိအခြေခံလူတန်းစား သရုပ်မှန်ကိုဖော်ပြနေသလိုပါ။ လက်ရှိမွန်ပြည်နယ်ထဲ ဖြစ်ပေါ်နေတဲ့ အဖြစ်အပျက်နှင့်လည်း တစ်ထေရာတည်းဖြစ်နေသည်။ ဝမ်းတစ်ထွာအတွက် လုပ်စရာအလုပ်မရှိသောကြောင့် တိုင်းတပါးထွက်စီးပွားရှာကြရသည်။ လူမမယ်ကလေးများငယ်ရွယ်စဉ်မှာပဲ မိကွဲဖကွဲဘဝဖြစ်မိဘမေတ္တာငတ်မွတ်ခဲ့ရသည်။ မိသားစုမျက်နှာစုံညီစွာဆုံဆည်းဖို့ ဘယ်အချိန်ထိဆက်လက်စောင့်မျှော်ရဦးမှာလဲ။ ရင်နာစွာဆက်လက်အတွေးပွားမေးခွန်းထုတ်ချင်စရာပါ။
တိုင်းတပါးစီးပွားရေးလုပ်ငန်းရှင်များက ပြည်တွင်းခရိုနီများ၊ အုပ်ချုပ်သူလူတန်းစားများနဲ့လက်ဝါးရိုက်ပြီး ၄င်းတို့ကိုယ်ကျိုးစီးပွားအတွက် နည်းမျိုးမျိုးဖြင့် စီးပွားရေး လက်တံချဲ့ထွင်လာကြသည်။ ‘ဒေသတွင်းအလုပ်လက်မဲ့ဦးလျော့ကြစေရန်စက်ရုံ၊ အလုပ်ရုံကြီးများ တည်ဆောက်ရသည်’ဟု ရေပေါ်ဆီစေတနာဖြင့် နှမ်းဖြူးကျင့်စဉ်ကျင့်ထားသည်။
မိမိဒေသတွင်းအေးဆေးစွာ လုပ်ကိုင်စားသောက်ခွင့်ရတော့မည်ဖြစ်၍ ရိုးသားသည့်တောင်သူတောင်သားများ ပြုံးပျော်လို့မဆုံးကြ။ သို့သော်စက်ရုံကြီးနှင့်အတူ ခိုးကြောင်ခိုးဝှက်နှင့်အနာဂတ်မျိုးဆက်ကြီးတစ်ခုလုံးကို ဖျက်ဆီးမည့် ”ကျောက်မီးသွေး”ကြောင့် ဒေသခံများဆိုင်းဘုတ်ကိုင် လမ်းပေါ်ထွက်ခဲ့ရပြန်ပြီ။
ယနေ့တွေ့ကြုံနေရသော အာမခံချက်မရှိသည့်ဒေသရင်တွင်းအပူကို မည်သို့ဆက်လက်တွန်းလှန်ရမည်ကို “ရင်ထဲကဓား” ကဗျာတွင် တွေ့မြင်နိုင်သည်။
စက်မှုခေတ်ပြောင်းတော်လှန်ရေးက
ငါတို့ရွာကိုအတော်နောက်ကျမှရောက်လာ။
စက်ရုံကြီးတွေဆောက်
နေ့ခြင်းညခြင်းဖြစ်လာ။
လူမှူဘဝတွေတိုးတက်လာမတဲ့
အလုပ်လက်မဲ့လျော့ချမတဲ့
အလုပ်သစ်ပေါ်ပြီတဲ့
လုပ်ခလစာထိုက်တန်အောင်ရမတဲ့။
တခုရှိတာက
ဆောက်လိုက်တဲ့ဘိလပ်မြေစက်ရုံထဲ
ခိုးကြောင်ခိုးဝှက်ပါလာတဲ့
ကျောက်မီးသွေးဓါတ်အားအေးစက်က
ထွက်လာတဲ့အဆိပ်ငွေ့တွေ။
ငါ့အဘွားရှူနေရပြီ
ငါ့အဖေရှူနေရပြီ
ငါတို့ရှူနေရပြီ
ငါ့သားသမီးတွေရှူနေရပြီ
ငါတို့ရွာသားတွေရှူနေရပြီ။
ငါတို့လောလောလတ်လတ်
အလုပ်သစ်တွေရကြ
ဆိုင်းဘုတ်ကိုယ်စီကိုင်ရင်း
ဆန္ဒပြရတဲ့ဘဝ။
ဂုတ်သွေးစုပ်အမြတ်ထုတ်မှုက
နားထောင်လို့ကောင်းတဲ့
မျက်နှာဖုံးပြောင်းပြောင်းစွပ်ပြီ
မနေ့ကလည်းရောက်လာခဲ့တယ်
ဒီနေ့လည်းရောက်လာပြန်တယ်
မနက်ဖြန်လည်းရောက်လာဦးမယ်။
ငါတို့က
တောသူတောင်သား
နင်းပြားတွေလို့ဆိုရမလား
ရင်ထဲမှာ သွေးနေတဲ့ဓား
မင်းတို့သတိထား။
(Mon Writer Associated Megazine)
Clean Coal -ဆိုသည့်ယုံကြည်မှုရဖို့ တဖက်လှည့်ကွက်တွေနှင့်ရိုးသားသော ပြည်သူများကိုဂျင်းထည့်ဖို့ ကြိုးစားနေဆဲပင်။ ဒေသခံပြည်သူများအဖြစ်က ခိုကိုးရာမဲ့နာကျင်မှု တပွေ့တပိုက်နှင့်။ အပေးအယူဆန်ဆန် အလုပ်လက်မဲ့ကို လျော့ချဖို့အဆိပ်ငွေ့တွေလက်ဆောင်ပေးခဲ့သည်။ အလုပ်ခွင်တောင်မရောက်ကြသေး ဆိုင်းဘုတ်ကိုယ်စီကိုင် ဆန္ဒပြနေရသည့်အဖြစ်ပါ။ ရိုးသားသည့်တောသူတောင်သားအမျိုးများမှာ မိအေးနှစ်ခါနာသည့် အလုပ်သစ်ကိုရခဲ့ကြသည်။
စိတ်ဆိုးစိတ်ကောက်သည့်အကျင့်သည် မရင့်ကျက်သေးသူအများစုတွင် တွေ့မြင်တတ်ကြသည်။ တနည်းအားဖြင့်လိုဘမပြည့်၊ တင်းတိမ်ရောင့်ရဲမှုမရှိကြသူအများစုတွင် တွေ့ရသည်။ ‘လူကြီးရှက်တော့ရယ်သည်’ဆိုသလိုများ ပြောမလား။ လူကြီးစိတ်ဆိုးစိတ်ကောက်လျှင် လက်အောက်ငယ်သားများကို အပြစ်မရှိအပြစ်ရှာ၊ နိုင်ရာဖိဆဲဆိုတတ်သည့်အကျင့်ရှိသည်။ သက်ရှိသာမကသက်မဲ့ပစ္စည်းများလည်း စိတ်ကောက်တတ်သည်ဟု ပြောလျှင်လှောင်ရယ်ကြမလားပဲ။ ခေတ်မီပစ္စည်းများဖြင့် တည်ဆောက်ထားသည့်တံတားကြီးမှာ ဟီးထနေသည်။ ပြည်သူအများစုက လမ်းခရီးအဆင်ပြေချောမွေ့ရန် တံတားကြီးပေါ်ဖြတ်သန်းဖို့ စောင့်ဆိုင်းနေကြသည်။ စိတ်ကောက်နေတဲ့တံတားက သူ့အလိုကိုဆန့်ကျင်သည့် ဆန်ကုန်မြေလေးတွေ ပေးမဖြတ်နိုင်ဘူးလို့ စိတ်ကောက်ခဲ့ဖူးသည်။
ကဗျာဆရာကမ်လူဝေးက ပြည်သူအများစုမှာ တံတားကြီးကိုကြည့်ပြီး အံ့သြမှင်သက်သွားရသည်ဟု သရော်ရေးထားသည့် “စိတ်ကောက်နေတဲ့တံတား” ကဗျာကိုနောက်ဆုံးအမြည်းအနေဖြင့် တင်ဆက်လိုက်ရပါသည်။
သူဟာ သူသဘောနဲ့သူ
သူ့ကျောကို အလျားလိုက်ဖြန့်ခင်းပေးခဲ့။
ကမ်းနှစ်ဖက်ကိုဆက်သွယ်ပြီး
သူရဲ့ကျောကိုအသုံးပြုခွင့်ပေးဖို့ဆုံးဖြတ်ခဲ့။
တကယ့်အချိန်ရောက်မှ
သူဟာ သူ့ခါးပေါ်တက်လာတဲ့အရာတွေဟာ
သူ့ကိုယားယံနာကျင်စေသတဲ့
ဆန်ကုန်မြေလေးတွေကို
ဖြတ်ခွင့်မပေးနိုင်ဘူး။
တံတားဟာ တံတားနဲ့မလိုက်အောင်
စိတ်ကောက်ရင်း
သူ့အလိုဆန္ဒတွေကိုတောင်းဆိုတယ်။
ငါတို့ကတော့
တံတားပေါ်ဖြတ်ဖို့စောင့်ရင်း
စိတ်ကောက်နေတဲ့တံတားကို
တအံ့တသြငေးမော။
(မွန်သတင်းအေဂျင်စီ)
ကဗျာဆရာကမ်လူဝေးသည် သူဖြတ်သန်းနေသည့်ခေတ်ကို ကဗျာပုဒ်ရေ(၆၀)၊ “ရွှေအိုးရွက်လာတဲ့ ကောင်းကင်”အမည်ဖြင့် ထွေးအန်ဖွင့်ထုတ်ထားလေပြီ။ နေ့စဉ်ဘဝပြည်သူလူထုများ ရင်းစီးခံစားနေရသည့် ကျပ်တည်းမှုများ၊ မွန်းကြပ်မှုများနှင့် မတရားမှုများကို ရသမျိုးစုံဖြင့်တင်ဆက်ထားပါသည်။
ကမ်လူဝေး၏သရော်ဟန်ဖြစ်ခံစားရေးဖွဲ့ထားသော ‘စိတ်ကောက်နေတဲ့ တံတား’ ကဗျာကို အသစ်တစ်ခေါက်ထပ်မံဖတ်ရင်း ကျနော်တစ်ယောက်တည်း ကျိတ်ပြုံးနေမိတော့သည်။
<strong>ရာမညမင်းငြိမ်းချမ်း</strong>
20/3/2018