Homeသတင်းတပ်မတော်မှလူဦးရေကန့်သတ်လာသဖြင့် မွန်ပြည်သစ်ပါတီလူထုတွေ့ဆုံပွဲများ မကျင်းပဖြစ်

တပ်မတော်မှလူဦးရေကန့်သတ်လာသဖြင့် မွန်ပြည်သစ်ပါတီလူထုတွေ့ဆုံပွဲများ မကျင်းပဖြစ်

-

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးပြီးဖြစ်သည့် မွန်ပြည်သစ်ပါတီ NMSP အား တပ်မတော်မှလူဦးရေကန့်သတ်လာသဖြင့် လူထုတွေ့ဆုံပွဲများကျင်းပဖြစ်မည်မဟုတ်ကြောင်းNMSP ပြည်တွင်းရေးရာဌာနတာဝန်ခံ နိုင်ဝင်းလှက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

မွန်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပရေးကော်မတီဝင်များအား နိုင်ဝင်းလှက ဆွေးနွေးစဉ်(Facebook)

နိုင်ဝင်းလှက “ဒီမတ်လ ၁၀ ရက်နေ့မှာ ကျနော်တို့သထုံခရိုင်(ကော့ဘိန်းအနီး) မှာ လူထုတွေ့ဆုံပွဲကျင်းပဖို့စီစဉ်ထားပြီးပြီ၊ ဒါပေမယ့် လူအယောက် ၂၀-၃၀ လောက်ပဲလုပ်ပါ ဒီထက်လူဦးရေများရင် တိုင်း(ရတခ) က ခွင့်မပြုဘူးပြောဆိုလာတော့ ကျနော်တို့အနေနဲ့ လူထုတွေ့ဆုံပွဲ မလုပ်ဖို့ ဆုံးဖြတ်လိုက်ရတယ်” ဟု နိုင်ဝင်းလှက ဆိုသည်။

မွန်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမကျင်းပမီ တစ်နေရာလျင် လူထု ၂၅၀ ဦးဝန်းကျင်ခန့်ဖြင့် မတ်လ ၁၀ မှ ၂၇ အတွင်း မိမိတို့တပ်တည်ဧရိယာ နေရာ ၅ ခုတွင် လူထုတွေ့ဆုံပွဲများကျင်းပရန် မွန်ပြည်သစ်ပါတီ စီစဉ်ထားခြင်း ဖြစ်သည်။

နိုင်ဝင်းလှက “ဘာကြောင့် NCA လက်မှတ်ရေးထိုးရပါသလဲ၊ NCA လက်မှတ်ရေးထိုးပြီးရင် ဘာတွေဆက်လုပ်ရမှာလဲ၊ နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်ကို ဘယ်လို ကျင်းပသွားမှာလဲ၊ နောက်ဆုံး ပြည်ထောင်စုအဆင့်အထိပေါ့၊ မွန်တိုင်းရင်းသားပြည်သူတွေရဲ့ ဆန္ဒသဘောထားထင်ဟပ်စေဖို့ ဘာတွေတင်ပြကြမှာလဲ၊ ခုဟာက NCA စာချုပ်ဖြစ်စဉ်အတိုင်းပဲ ကျနော်တို့ဆောင်ရွက်နေတာပါ” ဟု ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နှင့်ညှိနှိုင်းသဘောတူချက်အရ သင်္ကြန်မတိုင်မီ ဧပြီ ၆ ရက်နေ့တွင် ရေးမြို့၌ မွန်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန် လျာထားသည်ဟု သိရသည်။

သို့ရာတွင် လူထုတွေ့ဆုံပွဲများမကျင်းပဖြစ်သောကြောင့် မွန်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပရန် အခက်အခဲများရှိလာနိုင်သည်ဟု အကဲခတ်များက သုံးသပ်လျက်ရှိသည်။

အလားတူ NCA လက်မှတ်ရေးထိုးပြီးဖြစ်သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS သည်လည်း တပ်မတော်မှ ကျင်းပသည့်နေရာကန့်သတ်မှုများရှိသောကြောင့် အကြိုလူထုတွေ့ဆုံပွဲများ ဆက်လက်မကျင်းပနိုင်သဖြင့် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲလည်း မကျင်းပဖြစ်သေးပေ။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts