Homeသတင်းNCA လက်မှတ်ရေးထိုးမည်ဟု NMSP သတင်းတွင်ဖော်ပြ

NCA လက်မှတ်ရေးထိုးမည်ဟု NMSP သတင်းတွင်ဖော်ပြ

-

မွန်ပြည်သစ်ပါတီ NMSP ဗဟိုဌာနချုပ်၌ နှစ်ရက်ကြာ အရေးပေါ်ဗဟိုကော်မတီအစည်းအဝေးကျင်းပပြီးသည့်နောက် စီစဉ်ဆောင်ရွက်စရာရှိသည်များပြီးစီးပါက NCA လက်မှတ်ရေးထိုးသွားနိုင်မည်ဟု ပါတီဌာနချုပ်၏လူမှုကွန်ယက် စာမျက်နှာ မွန်ပြည်သစ်သတင်းစဉ်တွင် ဒီဇင်ဘာ ၂၈ ရက်နေ့စွဲဖြင့် ဖော်ပြထားသည်။

မွန်ပြည်သစ်ပါတီ ဗဟိုကော်မီတီ အရေးပေါ်အစည်းအဝေး ၂/၁၇ ကို ဒီဇင်ဘာ ၂၆-၂၇ ရက်နေ့များတွင် အဓိကအားဖြင့် ယနေ့ဖြစ်ပေါ်နေသော နိုင်ငံရေးဖြစ်စဉ်နှင့် ငြိမ်းချမ်းရေးအလားအလာကို အပြန်အလှန် ဆွေးနွေးသုံးသပ်ကြပြီး အတူတကွ NCA လက်မှတ်ရေးထိုးနိုင်ရန်အတွက် နည်းလမ်းရှာဖွေဆွေးနွေးခဲ့သည်ဟု အဆိုပါသတင်းစဉ်က ရေးသားထားသည်။

ကိုရင်လေးဆရာတော်၊ ဗိုလ်ချုပ်ကြီးခင်ဇော်ဦး(ငြိမ်း)၊ မွန်ပြည်သစ်ပါတီထိပ်ပိုင်းခေါင်းဆောင်များ၊ နိပွန်ဖောင်ဒေးရှင်းဥက္ကဌ(Nai Kao Lon)
ထို့အတူ မွန်ပြည်သစ်ပါတီ NCA လက်မှတ်ရေးထိုးရေးကိစ္စကို ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးဦးခင်ဇော်ဦး(ငြိမ်း)၊ နိပွန်ဖောင်ဒေးရှင်းဥက္ကဌ နှင့် မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်လယီကောင်း၊ တွဲဘက်အတွင်းရေးမှူး ဗိုလ်ချုပ်ကျော်ယဲ့၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်ဗညားလေးတို့ ဒီဇင်ဘာ ၂၈ ရက် ယမန်နေ့က ရေးမြို့အနီး ပုပ္ဖဝတီသာသနာပြုနယ်မြေ ကိုရင်လေးကျောင်းတွင် တွေ့ဆုံခဲ့ကြသည်ဟု သိရသည်။

ယင်းသို့မတွေ့ဆုံမီ မွန်ပြည်သစ်ပါတီဥက္ကဌနှင့်အဖွဲ့အား မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် ဝန်ကြီးဒေါက်တာ မင်းကြည်ဝင်း၊ ရေးမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်းတို့ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ဝယ်ဇင်စခန်း၌ ကိုရင်လေးဆရာတော်ဦးဆောင်၍ ကနဦးသွားရောက်တွေ့ဆုံခဲ့သည်ဟု နယ်မြေခံ မွန်သတင်းအေဂျင်စီ သတင်းရင်းမြစ်များက ဆိုသည်။

အလားတူ ပြီးခဲ့သည့် သြဂုတ်လအတွင်း မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံ ဦးဆောင်သည့်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် မွန်ပြည်သစ်ပါတီ တွဲဘက်အတွင်းရေးမှူး ဗိုလ်ချုပ်ကျော်ယဲ့ ဦးစီးသည့် မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံကြစဉ် NCA လက်မှတ်ထိုးရန် ၃ လခန့်အချိန်ပေးရန် မွန်ပြည်သစ်ပါတီက မေတ္တာရပ်ခံသည်ဟု ဆိုသည်။

ဝန်ကြီးချုပ်က “သူတို့ (NMSP) NCA လက်မှတ်ထိုးဖို့အတွက် ၃ လလောက်အချိန်ပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်၊ NCA လမ်းကြောင်းအတိုင်းသွားဖို့ သူတို့အများစုမှာ ဆန္ဒရှိကြတယ်၊ မွန်ပြည်သစ်ပါတီက UNFC ဥက္ကဌဖြစ်နေတဲ့အတွက် ကျန်တဲ့အဖွဲ့တွေနဲ့လည်း ညှိနေရတယ်၊ ဒါပေမယ့် ကျန်တဲ့အဖွဲ့ထိုးသည်ဖြစ်စေ မထိုးသည်ဖြစ်စေ ဒီ ၃ လအတွင်း သူတို့ဆုံးဖြတ်ချက်ချမယ်” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

သို့ရာတွင် ထိုသို့ဝန်ကြီးချုပ်အား ကတိပေးထားပြီးနောက် နိုဝင်ဘာ ၂၄ ရက်နေ့က ကျင်းပခဲ့သော ယခင်ပထမအကြိမ် မွန်ပြည်သစ်ပါတီ ဗဟိုကော်မီတီ အရေးပေါ်အစည်းအဝေး ၁/၁၇ တွင် NCA လက်မှတ်ရေးထိုးနိုင်ရေး တိကျသောဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့ခြင်းမရှိကြောင်း တွေ့ရှိရသည်။

တဖက်တွင်လည်း ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဥက္ကဌတာဝန်ယူထားသည့် မွန်ပြည်သစ်ပါတီအနေဖြင့် NCA လက်မှတ်ရေးထိုးမည့်ကိစ္စကို UNFC အဖွဲ့ဝင်များထံ တင်ပြဦးမည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts