မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News

ရေးမြို့နယ်တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနေသည့်မြတ်သူရကုမ္ပဏီတစ်ခုတည်းသာ မွန်အစိုးရမှ တရားဝင်ခွင့်ပြုထားဟုဆို

ရေးမြို့နယ်တွင် ပုဂ္ဂလိကလျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးနေသော မြတ်သူရ (ကုလားကြီး) ကုမ္ပဏီတစ်ခုတည်းသာ မွန်ပြည်နယ်အစိုးရမှတရားဝင်ခွင့်ပြုထားပေးကြောင်း ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ကျင်းပသည့် အဋ္ဌမပုံမှန်အစည်းအဝေး၌ ပြည်နယ်လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမင်းထင်အောင်ဟန်က ပြောသည်။

ရေးမြို့နယ်တွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးလျက်ရှိသော မြတ်သူရကုမ္ပဏီ၊ လျှပ်စစ်မီးကြိုးသွယ်တန်းလျက်ရှိသည့် အရှေ့တောင်အထွေထွေစွမ်းအင်နှင့် လျှပ်စစ်ကုမ္ပဏီလီမိတက် (SEGEP)၊ Southern Myanmar Develop ကုမ္ပဏီလီမိတက် တို့နှင့် မွန်ပြည်နယ်အစိုးရ MoU လက်မှတ်ရေးထိုးထားပြီး ဖြစ်ကြောင်း သိရသည်။

ပြည်နယ်လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမင်းထင်အောင်ဟန်(ညာအစွန်လူ)-MNA
ဦးမင်းထင်အောင်ဟန်က “ပြည်နယ်အစိုးရက MoU ထိုးတယ်ဆိုတာ မူအားဖြင့် သဘောတူတာ၊ သူတို့ ဓာတ်အားလိုင်းတွေဆောက်တာ စက်တွေထားတာကို နောက် EIA စစ်ရသေးတယ်၊ အကုန်လုံးစံချိန်စံညွှန်းမှီတယ်ဆိုမှ ပြည်နယ်လျှပ်စစ်ကြီးကြပ်ရေးကော်မတီဘုတ်အဖွဲ့ကနေ ဖြန့်ဖြူးရောင်းချခွင့် ထပ်ပေးရတယ်၊ အခုရွာတွေမှာ ဖြန့်နေတဲ့ဟာတွေ လျှပ်စစ်ဥပဒေနဲ့ အတိအကျကိုင်ရင် တစ်ခုမှ ဘောင်မဝင်နေဘူး” ဟု ပြောသည်။

ယခုလက်ရှိ ရေးမြို့နယ်တွင် လျှပ်စစ်သွယ်တန်း ဖြန့်ဖြူးနေသောလုပ်ငန်းများ၊ စိုက်ထူထားသော ဓါတ်တိုင်များလည်း နိမ့်နေသလို အသုံးပြုထားသော လျှပ်စစ်ကြိုးသည်လည်းသေးငယ်သဖြင့် စံချိန်စံညွှန်းအားဖြင့် ဥပဒေဘောင်ဝင်မနေကြောင်း၊ သို့သော် မွန်ပြည်နယ်လျှပ်စစ်နည်းဥပဒေအတိုင်း စံချိန်စံညွှန်းဝင်အောင် အစိုးရမှ တဖြည်းဖြည်း ထိန်းကြောင်းသွားမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

“ယခုလက်ရှိ ရေးမြို့နယ်မှာ ပုဂ္ဂလိကလျှပ်စစ်ဓာတ်အားထုတ်လုပ်နေသည့်လုပ်ငန်းအားလုံးသည် ခွင့်ပြုမိန့်ရရှိထားသလား မရရှိထားဘူးလား” ဟု ပြည်နယ်လွှတ်တော် ဥပဒေရေးရာကော်မတီဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့မှမေးခွန်းမေးမြန်းခြင်းအပေါ် လျှပ်စစ်ဝန်ကြီး ဦးမင်းထင်အောင်ဟန်က ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

ဒေါ်ခိုင်ခိုင်လဲ့က “၂၀၁၄ ခုနှစ်က ပြည်ထောင်စုမှ ပြဋ္ဌာန်းထားတဲ့ လျှပ်စစ်ဥပဒေမှာကော၊ ၂၀၁၆ ခုနှစ် မွန်ပြည်နယ်ကနေ ဥပဒေအမှတ် ၄ အဖြစ် ပြဋ္ဌာန်းထားတဲ့ အသေးစားနဲ့အလတ်စားလျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရေးဆိုင်ရာ ဥပဒေမှကော ခွင့်ပြုမိန့်ရရှိပြီးမှသာလျှင် ကျန်တဲ့နောက်ဆက်တွဲတွေကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ခွင့်ပြုမိန့်၏ သဘောတရားဟာ အစိုးရအဖွဲ့တစ်ဖွဲ့က ခွင့်ပြုမိန့်ထွက်ပြီးမှ ၄င်းခွင့်ပြုမိန့်ကို ရရှိပြီးမှ မည်သည့်ကုမ္ပဏီမဆို၊ မည်သည့်အဖွဲ့အစည်းမဆို သက်ဆိုင်ရာနယ်မြေမှာ တိုင်တစ်တိုင် ထောင်ခွင့်ရှိသည်၊ ခွင့်ပြုမိန့်မရှိဘဲ လုပ်ခွင့်မရှိဟု ဒေါ်ခိုင်ခိုင်လဲ့က ဆက်လက်ပြောသည်။

ယခုလက်ရှိ ရေးမြို့နယ်တွင် မြတ်သူရကုမ္ပဏီသည် ယခင်အစိုးရလက်ထက်မှာပင် ခွင့်ပြုချက်ရရှိထားသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ယခုအချိန်မှာ ဖြန့်ဖြူးရောင်းချနေပြီးဖြစ်ကြောင်း၊ ကျန် ကုမ္ပဏီကြီးဖြစ်သည့် SEGEP နှင့် Southern Myanmar Develop တို့မှာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရန် တိုင်စိုက်ခြင်း၊ ဓာတ်အားလိုင်းသွယ်တန်း စသည့် လုပ်ငန်းများ ပြုလုပ်နေကြောင်း၊ မှတ်ပုံတင်ထားသည့် လျှပ်စစ်ထုတ်စက် ၅၄ လုံးသည်လည်း အသေးစားလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနေသည့်လုပ်ငန်းအဖြစ် သက်ဆိုင်ရာကျေးရွာများတွင် ဖြန့်ဖြူးရောင်းချနေကြောင်း သိရသည်။

About မွန်သတင်းအေဂျင်စီ

Check Also

ကိုရင်လေး ယာယီကျန်းမာရေးစောင့်ရှောက်မှုဆေးခန်း လူနာ ၇၀၀၀ ခန့် အခမဲ့ကုသပေးနိုင်ခဲ့

မွန်သတင်းအေဂျင်စီ (၁၄ ဇူလိုင် ၂၀၂၁) ရေးမြို့နယ် ကျိုက်ဒေးတမော့ဗရတ်(ခေါ်) ကိုရင်လေး ယာယီကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းတွင် ယနေ့အထိ လူနာပေါင်း ၇၀၀၀ ခန့် အခမဲ့ဆေးကုသပေးနိုင်ခဲ့ကြောင်း ဆေးကုသမှတ်တမ်းအရ သိရသည်။ …

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.