မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ကျိုက်မရောအကျဉ်းထောင်သစ်သို့ အကျဉ်းသားများ ပြောင်းရွှေ့နိုင်ခြင်းမရှိသေးကြောင်း မွန်ပြည်နယ်အကျဉ်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက ပြောသည်။
ကျိုက်မရောအကျဉ်းထောင်သည် နှစ်အလိုက် နိ်ုင်ငံတော်မှ ချပေးသည့်ဘတ်ဂျက်ပေါ်မူတည်ပြီး တည်ဆောက်လျက်ရှိကာ လက်ရှိတွင် တည်ဆောက်မှု ၈၅ ရာခိုင်နှုန်းသာပြီးစီးကြောင်း လုံခြုံရေးလည်း မရှိသေးသည့်အတွက် လတ်တလောတွင် အကျဉ်းသားများ ပြောင်းရွှေ့ထားနိုင်ခြင်းမရှိသေးဘူးဟု မွန်ပြည်နယ်အကျဉ်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးလင်းဗိုလ်နောင်က ပြောသည်။
၄င် “၂၀၁၉-၂၀ လောက်မှ ပြီးလောက်မယ် ကျနော်တို့လဲ မြန်မြန်ပြီးစေချင်တယ် ကြပ်တည်းတဲ့နေရာက အကျဉ်းသားတွေ ရွှေ့ပေးရအောင် အဓိကက နိုင်ငံတော်က ချပေးတဲ့ဘတ်ဂျက်ပေါ်မူတည်ပြီးတော့ လုပ်ရတာကို၊ အခု ၈၅ ရာခိုင်နှုန်းလောက်ပြီးတဲ့အနေအထားရှိတယ်” ဟု ပြောသည်။
ကျိုက်မရောအကျဉ်းထောင် (မော်လမြိုင်) အား ပြောင်းရွှေ့နိုင်ရန်အတွက် ကျိုက်မရောအကျဉ်းထောင်ကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှစကာ ဘဏ္ဍာနှစ်အလိုက်ရရှိသည့် ဘတ်ဂျက်ပေါ်မူတည်ပြီး ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
ကျိုက်မရောအကျဉ်းထောင်သို့ ပြောင်းရွှေ့ပြီးပါက လက်ရှိကျိုက်မရောအကျဉ်းထောင် (မော်လမြိုင်) ကို နိုင်ငံတော်က မည်သို့ဆက်လုပ်မည်ကို ပြောကြားထားခြင်းမရှိသေးကြောင်း ပြည်နယ်ဦးစီးမှူးက ပြောသည်။
သို့သော်လည်း ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော် (၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေး၌ ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦး၏ ကျိုက်မရောအကျဉ်းထောင် (မော်လမြိုင်) ၏ အဆောက်အဦးနှင့် မြေနေရာအား ပုဂ္ဂလိကသို့ ရောင်းချရန် ရှိ မရှိ မေးမြန်းထားချက်အပေါ် အကျဉ်းထောင်သစ်နေရာသို့ ရွှေ့ပြောင်းပြီးပါက ကျိုက်မရောအကျဉ်းထောင် (မော်လမြိုင်) သည် ပြည်ထဲရေးဝန်ကြီးဌာနပိုင်မြေဖြစ်၍ မြို့ပြဖွံ့ဖြိုးရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြဆောင်ရွက်သွားမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ဖြေကြားထားခဲ့ဖူးသည်။
အကျဉ်းသား ၁ ထောင်ဆ (က) အဆင့်ရှိ ကျိုက်မရောအကျဉ်းထောင်သည် ကျိုက်မရောမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအနီး ကွင်းအမှတ် (၅၈၆) နှင့် (၅၉၀) ရှိ မြေဧက (၂၅၆ ဒသမ ၆၆) နေရာတွင် တည်ဆောက်ထားလျက်ရှိသည်။
မွန်ပြည်နယ်တွင် အကျဉ်းသား ၁ ထောင်ဆ (က) အဆင့်ရှိ ကျိုက်မရောအကျဉ်းထောင် (မော်လမြိုင်) နှင့် အကျဉ်းသား ၅၀ဝ ဆ (ခ) အဆင့်ရှိ သထုံအကျဉ်းထောင် ၂ ခုရှိသည်ဟု ပြည်နယ်အကျဉ်းဦးစီးဌာနမှ သိရသည်။