spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းအလုပ်ရပ်ဆိုင်းခံရသည့်စစ်တောင်းစက္ကူစက်ဝန်ထမ်း ၂၀ဝ ကျော် ဆန္ဒထုတ်ဖော်

    အလုပ်ရပ်ဆိုင်းခံရသည့်စစ်တောင်းစက္ကူစက်ဝန်ထမ်း ၂၀ဝ ကျော် ဆန္ဒထုတ်ဖော်

    -

    မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ရှိ စစ်တောင်းစက္ကူစက်ရုံမှ အလုပ်ရပ်ဆိုင်းခံရသည့် ဝန်ထမ်း ၂၀ဝ ကျော်တို့က သိမ်ဇရပ်တွင် ဒီဇင်ဘာ ၉ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

    ဒေသအလုပ်အကိုင်ရရှိရေး ဒို့အရေး၊ အိမ်ရာနေထိုင်မှု ခိုင်မြဲရေး ဒို့အရေး၊ လစာမပြတ် ရရှိရေး ဒို့အရေး၊ ပြည်နယ်အစိုးရအဖွဲ့မှ ညှိနှိုင်းပေးရေး ဒို့အရေး၊ ရွှေသံလွင်ကုမ္ပဏီ၏ ပျက်ကွက်မှုအား အရေးယူရေး ဒို့အရေး စသည့် ကြွေးကြော်သံတို့ဖြင့် ဝန်ထမ်းများဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

    စစ်တောင်းစက္ကူစက်ဝန်ထမ်းများ ဆန္ဒထုတ်ဖော်စဉ်(MNA)
    “အခု ကုမ္ပဏီဘက်ကပေးတဲ့ နစ်နာကြေးဆိုတာကို လက်မခံနိုင်ဘူး၊ ကုမ္ပဏီက ကတိကဝတ်ပြုထားခဲ့တဲ့အတိုင်း လုပ်ငန်းအကောင်အထည်မဖော်မချင်း လစာခံစားခွင့်ပေးထားမယ်ဆိုတာရှိတယ်၊ မွန်ပြည်နယ်အစိုးရအနေနဲ့လည်း လုပ်ငန်းတစ်ခုအမြန်ဆုံး အကောင်အထည်ဖော်ပေးစေချင်တယ်၊ ဒါမှလည်း အလုပ်အကိုင်အခွင့်အလမ်းတွေပြန်ပေါ်လာမယ်၊ တစ်ဦးချင်းဝင်ငွေတွေရှိလာမယ် မိသားစုဘဝရှေ့ရေး ရပ်တည်လို့ရမယ်” ဟု စစ်တောင်းစက္ကူစက်မှ ဝန်ထမ်း ဦးဆန်းဝင်းက ပြောသည်။

    ဝန်ထမ်းများ အလုပ်ရပ်ဆိုင်းခံရခြင်းနှင့် ပတ်သက်ပြီး ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီ၏ ကတိကဝတ်ပျက်မှု၊ ပြည်နယ်အစိုးရ၏ ညှိနှိုင်းဆောင်ရွက်ပေးခြင်းမရှိမှုကြောင့် ယခုလို ဆန္ဒထုတ်ဖော်ထုတ်ဖော်ရခြင်းဖြစ်သည်ဟု ဆန္ဒထုတ်ဖော်ခဲ့ကြသည့် ဝန်ထမ်းတို့က ပြောသည်။

    “စက်ရုံ ရပ်ဆိုင်းပြီး ဝန်ထမ်းတွေကို အလုပ်ထုတ်မယ်ဆိုရင် မွန်ပြည်နယ်အစိုးရရယ်၊ ကုမ္ပဏီရယ်၊ ကျမတို ့ဝန်ထမ်းတွေရယ် ၃ ဦး ၃ ဖလှယ် ညှိနှိုင်းဖြေရှင်းပြီးတော့မှ လုပ်သင့်တယ်လို့ ယူဆပါတယ်၊ ဒီလိုမျိုး တစ်ဖက်သတ်ဆောင်ရွက်မှုတွေနဲ ့ဘယ်လူကြီး၊ ဘယ်တာဝန်ရှိသူကမှ လာပြီးတော့ ကျမတို့ ဝန်ထမ်းတွေကို နားလည်သဘောပေါက်အောင် ဖြေရှင်းပေးတာ၊ ရှင်းပေးတာ မရှိခဲ့ဘူး၊ ဒါကြောင့် ဝန်ထမ်းထုရဲ ့ဆန္ဒအရ အခုလို ဥပဒေဘောင်အတွင်းကနေ ဆန္ဒထုတ်ဖေါ်ရတာဖြစ်ပါတယ်” ဟု စစ်တောင်းစက္ကူစက်ရုံ တာဝန်ခံ ဒေါ်တင်အုန်းကြည် (လက်ရှိကုမ္ပဏီ တာဝန်ခံမန်နေဂျာ) က ပြောသည်။

    ကုမ္ပဏီမှ ဝန်ထမ်းများအား အလုပ်ရပ်ဆိုင်းမည်ဆိုသည့် နို့တစ်စာကို နိုဝင်ဘာလ ၂၉ ရက်က ကပ်ခဲ့ပြီး နိုဝင်ဘာလ ၃၀ ရက်နေ့တွင် နောက်ဆုံးလစာသတ်မှတ်ကာ နစ်နာကြေး ၃ လစာ ထုတ်ပေးခဲ့သည်ဟု ဝန်ထမ်းတို့ထံမှ သိရသည်။

    ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီမှ စစ်တောင်းစက္ကူစက်ရုံကို လွှဲပြောင်းရယူခဲ့စဉ်က စက်ရုံရှိ နိုင်ငံဝန်ထမ်းများကိုလည်း ကုမ္ပဏီဝန်ထမ်းအဖြစ် လွှဲပြောင်းရယူခဲ့ကြောင်း ထိုစဉ်က ကုမ္ပဏီအနေဖြင့် စစ်တောင်းစက္ကူစက် ဝန်ထမ်းများ အလုပ်အကိုင် စဉ်ဆက်မပြတ် လုပ်ခွင့်ရမည်၊ အသက် ၆၀ ပြည့်သည်အထိ တာဝန်ထမ်းဆောင်ခွင့်ရမည်၊ ကုမ္ပဏီကြောင့် ဝန်ထမ်းများ နစ်နာသွားခြင်း၊ အလုပ်ပြုတ်သွားခြင်း၊ ဒုက္ခရောက်သွားခြင်းမျိုး မဖြစ်စေရဆိုသည့် ကတိကဝတ်ပေးခဲ့သည်ဟု ဝန်ထမ်းတို့က ပြောသည်။

    ပြည်နယ်အစိုးရအနေဖြင့်လည်း စက်ရုံကို ပြန်လည်လက်ခံသည့်အတွက် ဝန်ထမ်းကိစ္စနှင့် ပတ်သက်ရာတွင်လည်း တာဝန်ရှိကြောင်း တာဝန်ယူဖြေရှင်းပေးရမည်ဖြစ်ကြောင်း ဝန်ထမ်းတို့က ပြောကြားသော်လည်း စက်ရုံကို ပြန်လက်ခံရယူရာတွင် အလုပ်သမားကိစ္စနှင့် ပတ်သက်ပြီး ရွှေသံလွင်ကုမ္ပဏီက ဖြေရှင်းပေးရမည်ဖြစ်ကြောင်း အားလုံးရှင်းလင်းပြီးမှသာလျှင် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြန်လည်လွှဲပြောင်းရယူမည်ဖြစ်ကြောင်း သိရသည်။

    မြေဧရိယာ ၆၉၈ ဧကရှိသည့် စစ်တောင်းစက္ကူစက်ကို ရွှေသံလွင်ကုမ္ပဏီက လုပ်ငန်းဆက်လက်ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် ပြည်နယ်အစိုးရထံ ပြန်လည်လွှဲပြောင်းအပ်နှံရန် အဆိုပြုထားကြောင်း အစိုးရအနေဖြင့်လည်း ပြန်လက်ခံရယူရန် ကော်မတီဖွဲ့ စိစစ်လျက်ရှိကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks