Friday, March 13, 2026
More
    spot_img
    Homeသတင်းစက်ရုံပြောင်းရွှေ့မည့်အစား ရာဘာအနံ့ဆိုးများမရှိစေရေး အစိုးရညွှန်ကြားခဲ့

    စက်ရုံပြောင်းရွှေ့မည့်အစား ရာဘာအနံ့ဆိုးများမရှိစေရေး အစိုးရညွှန်ကြားခဲ့

    -

    လူနေရပ်ကွက်အနီးရှိ ရာဘာစက်ရုံအချို့ပြောင်းရွှေ့ရမည့်ကိစ္စကို ရာဘာအနံ့ဆိုးများမရှိစေရေး ပြုလုပ်ထားရန် အစိုးရညွှန်ကြားခဲ့ကြောင်း မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းမှ သိရသည်။

    ဒေါက်တာမင်းကြည်ဝင်းက “ပြီးခဲ့တဲ့ ၁ ရက် ၂ ရက်လောက်ကမှ ကျွန်တော်တို့သွားပြန်စီစစ်တော့ အချို့စက်ရုံတွေက ပြုပြင်ထားကြပြီ၊ အချို့စက်ရုံကသေးတော့ မလိုအပ်ဘူးလေ၊ ပြုပြင်ဖို့လိုတဲ့ ၂ ရုံကိုသွားစီစစ်တော့ သူတို့ပြင်နေပြီ” ဟု ပြောသည်။

    ရာဘာစက်ရုံမှ စွန့်ပစ်ရေဆိုး(MNA)
    ရာဘာစက်ရုံများကို ရာဘာရေဆိုးများ အပြင်သို့ မထုတ်ရန်နှင့် အနံ့ဆိုးများ လေထုအတွင်း တိုက်ရိုက်မပြန့်နှံ့စေရေးအတွက် လေထုသန့်စင်စက်ကိရိယာ အသုံးပြုရန် အစိုးရမှ ညွှန်ကြားထားကြောင်း သူကဆိုသည်။

    သို့ရာတွင် ပြည်နယ်အတွင်းရှိ ရာဘာစက်ရုံများကို ခရီးသွားပြည်သူများ ကင်းလွတ်ရာနှင့် အတည်တကျနေထိုင်ကြသော ရပ်ကွက်ပြည်သူများနှင့် ကင်းဝေးရာသို့ ပြောင်းရွှေ့ပေးရေး တိုက်တွန်းကြောင်းအဆိုအား မွန်ပြည်နယ်လွှတ်တော်မှ ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့တွင် ကန့်ကွက်သူမရှိအတည်ပြုခဲ့သော်လည်း ပြည်နယ်အစိုးရမှ ၄င်းစက်စက်ရုံများ နေရာပြောင်းရွှေ့ရန် ညွှန်ကြားထားခြင်းမရှိပေ။

    အချို့ရာဘာစက်ရုံအတွင်းမှ ထွက်ရှိလာသည့်ရေဆိုးများသည် ပတ်ဝန်းကျင်ရှိချောင်းမြောင်းများနှင့် ရေတွင်များ ညစ်ညမ်းစေခြင်း၊ ရပ်ကွက်နေလူထုများ ဆိုးဝါးသည့်ရာဘာအနံ့အသက်များ ရှူရှိုက်နေရခြင်းကြောင့် ယင်းစက်ရုံများအား လူထုနှင့် ဝေးလံသော နေရာများသို့ ပြောင်းရွေ့ရန် လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြတင်ပြခဲ့ခြင်း ဖြစ်သည်။

    မုဒုံမြို့အဝင် မုဒုံဦးရှိ ဖူးရှင်ရာဘာဒိုင်မှ ဝယ်ယူရေးမန်နေဂျာ ဦးသူရက “ဒီစက်ရုံတွေကို ဖယ်ရွေ့ဖို့ဆိုတာ တော်တော်ခက်ခဲတဲ့အလုပ်တစ်ခုပဲလေ၊ လွှတ်တော်မှာဆုံးဖြတ်လိုက်တာက မှန်တယ်လေ၊ ဒီစက်ရုံကြီးကို ကရိန်းနဲ့ မ,ရွေ့သွားလို့ရတာမဟုတ်ဘူးလေ၊ ရင်းနှီးမြုပ်နှံမှုကလည်း အရမ်းများတယ်၊ ဒါကြောင့် သဘာဝပတ်ဝန်းကျင်မထိခိုက်အောင် EMP ကို ကျကျနနလုပ်မယ်ဆိုရင် စက်ရုံကို ဆက်လည်ပတ်ခွင့်ပေးမှာပေါ့” ဟု ပြောသည်။

    ပြီးခဲ့သည့် အောက်တိုဘာ ၃၁ နေ့တွင် ပြည်နယ်အစိုးရညွှန်ကြားချက်အတိုင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန်အပိုင်းတွင် ဖူးရှင်စက်ရုံမှ အနံ့ဆိုးနှင့် ရေဆိုးတို့ကို စနစ်တကျစွန့်ပစ်နိုင်အောင် Green Myanmar ကုမ္ပဏီနှင့် ပူးပေါင်းပြီးဆောင်ရွက်နေကြောင်း ၄င်းက ဆက်ပြောသည်။

    မွန်ပြည်နယ်အတွင်း မော်လမြိုင်မြို့နယ် ၇ ရုံ၊ မုဒုံမြို့နယ် ၁၀ ရုံ၊ ကျိုက်မရော ၁၀ ရုံ၊ ကျိုက်ထို ၂ ရုံနှင့် သံဖြူဇရပ်၊ ဘီလင်း၊ သထုံ၊ ပေါင်မြို့နယ်များတွင် ရာဘာစက်ရုံများ ၁ ရုံစီရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks