ဒီမိုကရေစီစနစ်ကို လေ့ကျင့်ပြုစုပျိုးထောင်နေသော လက်ရှိမြန်မာနိုင်ငံတွင် အရာအရာတိုင်းမှာ အစိုးရ၏ဝိုင်းဝန်းပံ့ပိုးမှုကိုသာ မှီခိုအားထားနေလို့မသင့်ပါ၊ ဒီမိုကရေစီစနစ်အရ ပုဂ္ဂလိကတာဝန်ပိုင်းမှာ နိုင်ငံသားကောင်းများဖြစ်ရန်နှင့် တာဝန်သိတတ်မှုကို အလေးထားကာ မိမိတို့ရပ်ရွာ အေးချမ်းသာယာရေးနှင့် ပြဿနာဖြစ်လာပါက အတူတကွ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက် အဖြေရှာဖို့က အရေးကြီးပါသည်။ ရပ်ရွာ အေးချမ်းတည်ငြိမ်မှု စည်းလုံးညီညွတ်မှုမရှိပါက အကျင့်စရိုက်ဆိုးများ ပေါ်ပေါက်လာကာ ဒုစရိုက်လုပ်ငန်းနှင့် ကြီးငယ်ရွယ်တူတို့ အပြန်အလှန်ရိုသေလေးစားမှု စကားနားယူတတ်မှု ကင်းမဲ့ကြပြီး ခိုက်ရန်ဖြစ်ပွားခြင်းအပြင် အိမ်တွင်းရေး ပြဿနာများလည်း ပေါ်ပေါက်လာမည်ဖြစ်ကာ ရပ်ရွာများမအေးချမ်းနိုင်တော့ပါ။ ထိုသို့ဖြစ်လာပါက မည်သို့ဖြေရှင်းရမည်ကို ရဟန်းသံဃာတော်များ၊ ရပ်မိရပ်ဖ ရပ်ရွာအကြီးအကဲများ၊ လူငယ်များနှင့် အမျိုးသမီးများ စုပေါင်းညီညာ ဒူးတိုက်ဆွေးနွေး အဖြေရှာရမည်ဖြစ်သည်။
မျက်မှောက်ကာလ မွန်ဒေသရပ်ရွာများကို ပြန်သုံးသပ်မည်ဆိုပါက လူမှုရေးပြဿနာကြီး (၄) ရပ်ကို တွေ့ရပေလိမ့်မည်။ ယင်းတို့မှာ-
(၁) မူးယစ်ဆေးဝါးပြဿနာ
(၂) သဘာပတ်ဝန်းကျင်ပြဿနာ
(၃) အကျင့်ပျက်ခြစားမှုပြဿနာ
(၄) အိမ်တွင်းအကြမ်းဖက်မှုပြဿနာ များကိုတွေ့ရှိရမည်ဖြစ်သည်။
(၁) မူးယစ်ဆေးဝါးပြဿနာ
ယနေ့ အမျိုးသားလူငယ်များကိုကြည့်ပါက အထက်တန်းကျောင်းမှ တက္ကသိုလ်ကျောင်းအပြင် ရပ်တွင်း ရွာတွင်းမှာ လည်းကောင်း၊ ကွမ်းယာဆိုင်များတွင်လည်းကောင်း၊ လူငယ် အချင်းချင်းကြားမှာပါ အလွယ်တကူ ဝယ်ယူနိုင်ပြီး အမျိုးသားလူငယ်အများစု မူးယစ်ဆေးနှင့် ယစ်မူးနေကြပါသည်။ မူးယစ်ဆေးသုံးစွဲနေသော လူငယ်များသည် ယာဘ စိတ်ကြွဆေးသာမက ဘိန်းဇာရွက်နှင့် ချောင်းဆိုး ပျောက်ဆေးပါမကျန် လူကိုထုံထိုင်းစေတတ်သော ဆေးမှန်သမျှ ဝယ်သုံးစွဲနေကြပြီး ဒီအခြေအနေဆိုးကို အစိုးရကလည်း မကိုင်တွယ်နိုင်သေးသဖြင့် လစ်လျှူပြုသလို ဖြစ်နေပြန်သည်။ ဤသို့လစ်လျှူပြုနေခြင်းသည် ကောင်းသောလက္ခဏာ မဟုတ်ပါ။ သက်ဆိုင်ရာလူကြီးများနှင့် ရဟန်းသံဃာတော်များလည်း နေ့စဉ်တွေ့မြင်နေရသောကြောင့် ရိုးအီနေသည့်ကိစ္စတရပ်လို မြင်တွေ့နေကြပြီး ယခု အချိန်ကာလမှာ သူတို့ဆေးစွဲလည်း စွဲပါစေ၊ တစ်နေ့ အလိုလိုပြတ်သွားမှာပါဟု ဤသို့ပေါ့ပေါ့တန်တန် ပြောဆိုခြင်းလည်း ရှိနေပါသည်။
မူးယစ်ဆေးဝါးပြဿနာသည် ကြီးမားသောပြဿနာတစ်ခုဖြစ်နေပါသည်။ ကျောင်းနေရွယ် လူငယ်များမှာ ပညာရေးဖက်ကို ဦးမတည်ကြပဲ မူးယစ်ဆေးဝါဖက်သို့ တွေဝေပျော်ပါးလျက် မိဘငွေများကို သုံးဖြုန်းနေခြင်းသည် ကြီးမားတဲ့ပြဿနာကြီးတစ်ခုဖြစ်သည်။ ဆေးသုံးစွဲမည့်ငွေကြေးမရှိလျင် ခိုးမဝှက်မည်။ နေလှမ်းထားသည့်ကွမ်းသီးကို လည်းခိုးမည်ဝှက်မည်။ သူငယ်ချင်းဖုန်ကိုလည်း အလွတ်မပေးတော့။ ရာဘာလှန်းထားရင်လည်း ရာဘာကိုခိုးမည်ဖြစ်သည့်အတွက် ကျေးရွာများတွင် ကြီးမားသည့်ပြဿနာနှင့် စိန်ခေါ်ချက်ပင်တည်း။ မိဘများ သောကရောက်ရသလို ကျောင်းဆရာ/ဆရာမများလည်း ခေါင်းခဲကြရသည်။ မူးယစ်ဆေး အလွန်အကျွံသုံးစွဲမိလျင် အပေါင်းအင်းကိုသာမက မိဘညီအစ်ကို မောင်နှမများကိုလည်း သတ်ဖြတ်မှုများ ဖြစ်ပေါ်ခဲ့သည့်သာဓကများရှိခဲ့ဘူးသည်။
ထို့အပြင် ဝမ်းနည်းစရာတစ်ခုဖြစ်ရသည်မှာ ရေနွေးကြမ်းနှင့် ထန်းညက်ခဲဖြင့် ဧည့်ခံသည့် ရဟန်းခံ ရှင်ပြု အလှူမင်္ဂလာအိမ်များတွင်လည်း ဓလေ့ကောင်းများကွယ်ပျောက်ကာ ယခုအခါ ဘိန်းဇာပြုတ်ရည်ဖြင့် ဧည့်ခံပြီး မှိန်းနေကြသည်။ ရဟန်းခံရှင်ပြုခြင်းသည် ကုသိုလ်အလုပ်ပါ။ သို့သော် မူယစ်ထုံထိုင်းစေတတ်သော အရွက်ပြုတ်ရည်နှင့် ဧည့်ခံသည်ဆိုသည့်နေရာတွင် “သူရာမေရိယ”ဆိုသည့် အကုသိုလ်ကံမှာ အကျုံးဝင်နေသဖြင့် ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ ဖြစ်နေသည်ကို ဆင်ခြင်သင့်ပါသည်။
အကြံပြုလိုသည်မှာ လက်ရှိတွေ့ကြုံနေရသည့် မူးယစ်ပြဿနာကို ပေါ့ပေါ့တန်တန် သဘောမထားစေရန် အချင်းချင်း ဆွေးနွေးတိုင်ပင်ကြရမည်။ (၁) အချက် မိမိတို့ပတ်ဝန်းကျင်းနေရာမှာ မူးယစ်ဆေးရောင်းချနေသူများကို တိတ်တဆိတ် သတိပေးမှုများ ပြုလုပ်ပါ။ လူငယ်များ မူးယစ်ဆေးဝါးနှင့် ကင်းကွာစေရန် ဘောလုံးပွဲ၊ ဟောပြောပွဲ၊ စိတ်ဝင်စားသည့်သင်တန်းတစ်ခုခု တက်ရောက်စေခြင်း စသည့်နည်းလမ်းများဖြင့် အာရုံလွှဲပေးသင့်သည်။ မိမိတို့ရပ်ရွာအခြေအနေနှင့် သင့်လျော်သည့်နည်းလမ်းကို ရွေးချယ်စဉ်းစားသင့်သည်။
(၂) သဘာဝပတ်ဝန်းကျင်ပြဿနာ
ကျနော်တို့မွန်ရွာများ ပတ်ဝန်းကျင်အနီးတဝိုက်မှာ ရာဘာဈေးကွက် ကောင်းခဲ့စဉ်က ရာဘာစိုက်ပျိုးရန်အတွက် တောတောင်များ ခုတ်ထွင်ကာ ရာဘာစိုက်ကြသည်။ တောင်မည်ကဲ့သို့မြင့်ပါစေ မွန်တို့၏ဖဝါးအောက် ရောက်ခဲ့ရသည်။ အလုပ်လုပ်ကိုင်ရာတွင် အပင်ပန်းခံပြီး ဇွဲနဘဲကြီးသည်မှာ ဂုဏ်ယူစရာဖြစ်သော်လည်း တောတောင်ပြုန်းသည်အထိ ခုတ်ထွင်လုပ်ကိုင်သည့်အတွက်ကြောင့် တစ်နိုင်ငံလုံးအတိုင်းတာဖြင့်နှိုင်းယှဉ်ပါက သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုတွင် မွန်ဒေသမှာ အများဆုံးဖြစ်သည်။
သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးလျင် မည်သို့အကျိုးသက်ရောက်နိုင်မည်နည်း? သက်ကြီးရွယ်အိုများ ပြောဆိုချက်အရ ယခင်သူတို့ငယ်ရွယ်စဉ်ကာလများမှာ နွေရာသီအပူချိန်က သာမာန်မျှသာ၊ ယခုကာလအပူချိန်များမှာ သေလုမတတ် အလွန်ပူသည်ဟု ဆိုကြသည်။ စမ်းချောင်းရေလည်း ခန်းခြောက်၊ ရေတွင်း ရေကန်တွေလည်း ခန်းခြောက်ကုန်သည်။ ရေကိုကြိုက်သလိုသုံးနိုင်သည့် မိမိတို့မွန်ဒေသသည် ယခု နွေရောက်ပြီဆိုပါက ရေရှားပါးသည့်ရွာများ တိုးပွားလာသည်ကို တွေ့မြင်နေရပါသည်။ တောများပြုန်းတီးမှုကြောင့် နှီးဖျာရန် ဝါးပင်လည်း ရှာမလွယ်၊ တဲဆောက် အိမ်ပြင်ရန် သစ်ဝါးလည်းရှာမလွယ်တော့ပါ။ တောပြုန်းတီးခြင်းနှင့် ရေခန်းခြောက်ခြင်းတို့ကြောင့် တောကောင်များနှင့် ရေသတ္တဝါများ ရှားပါးလာကာ ဈေးကြီးကြီးနှင့်ဝယ်စားနေရပြီး အသားငါးများကိုလည်း ယခင်ကာလများကဲ့သို့ ဝေငှပေးကမ်းမနိုင်တော့ပါ။ သဘာပတ်ဝန်းကျင်ပျက်စီးမှုကြောင့် ကြုံတွေ့လာနေရသည့် အကျိုးဆက်များပင် ဖြစ်ပါသည်။
အကြံပြုလိုသည်မှာ ပြုန်းတီးနေသည့်တောတောင်များ ပြန်လည်စိမ်းလန်းလာစေရန် သစ်ပင်များ ပြန်စိုက်ရပါမည်။ မိမိတို့ အနီးတဝိုက်ပတ်ဝန်းကျင်မှာ ကျန်ရှိနေသည့် သစ်တောများ မပြုန်းတီး မပျက်စီးရန် အချင်းချင်းတိုင်ပင်ကြကာ ထိန်းသိမ်းစောင့်ရှောက်ရမည်။ စမ်းချောင်း၊ ချောင်းငယ်များ၏အထက်ပိုင်းတွင်လည်း သစ်ပင်များ ပြန်လည်စိုက်ပျိုးရမည်။ ပိတ်ဆို့တိမ်ကောနေသည့် စမ်းချောင်း၊ ချောင်းငယ်တွေများ ဝိုင်းဝန်းကာ သန့်ရှင်းရေး ပြုလုပ်ကြရမည်။ ချောင်းဘေးတလျှောက်ရှိ သစ်ပင်များကိုလည်း ထိန်းသိမ်းရမည်။ သစ်ပင်များကို ထိန်းသိမ်းခြင်းသည် မိမိတို့ပတ်ဝန်းကျင်၏ ရာသီဥတု ကောင်းမွန်စေသော နည်းလမ်းကောင်းပင် ဖြစ်သည်။
(၃) အကျင့်ပျက်ခြစားမှုပြဿနာ
အကျင့်ပျက်ခြစားမှုသည် ရပ်ရွာအုပ်ချုပ်ရေးပိုင်တွင်သာ အဖြစ်များသည်။ လက်ရှိမိမိတို့နိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ် စတင်လျှောက်လှမ်းနေပြီ ဖြစ်သည်။ စစ်အာဏာရှင်ခေတ်အဆက်ဆက်မှာ အထက်ပိုင်းနှင့် လက်ဝါးရိုက်ထားပြီး မိမိကြိုက်သလို ထင်ရာစိုင်းနိုင်ကြသည်။ ယနေ့ဒီမိုကရေစီခေတ်တွင် ရပ်ရွာအုပ်ချုပ်သူများ ခြစားမှုအကျင့်ဆိုးကိုစွန့်လွှတ်သင့်ပြီဟု တိုက်တွန်းလိုပါသည်။
အကျင့်ပျက်ခြစားမှုသည် စစ်အာဏာရှင်ခေတ်အဆက်ဆက်မှ ပေါ်ပေါက်လာပြီး ပြည်သူလူထုများ ကြုံတွေ့နေရသော ပြဿနာတစ်ခုဖြစ်သည်။ခြစားမှုကြောင့် ရပ်ရွာမြေကွက်ပြဿနာ၊ စာသင်ကျောင်းမြေပြဿနာ၊ ဈေးတန်းမြေကွက်ပြဿနာ၊ သုဿာန်မြေပြဿနာများ ပေါ်ပေါက်နေခြင်းဖြစ်သည်။ ရပ်ရွာမီးလင်းရေးကော်မတီ ဖွဲ့ပြန်သော်လည်း စာရင်းမရှင်းနိုင်၊ လမ်းဖေါက် လမ်းပြင်ဆင်ရေးအတွက် အစိုးရထံမှ ရခဲ့သည့်ဘတ်ဂျက်ငွေတွေကိုလည်း ပွင့်ပွင့်လင်းလင်း ဆောင်ရွက်ခြင်းမရှိ။ ဤသို့ခြစားမှု ငွေကြေးစာရင်း မရှင်းလင်းမှုသည်လည်း ရပ်ရွာစည်းလုံးညီညွတ်မှုပြိုကွဲစေသည့် ပြဿနာပင်ဖြစ်သည်။
အကြံပြုလိုသည်မှာ နိုင်ငံ့သားကောင်းများအနေဖြင့် ခြစားှုအကျင့်ဆိုးကို တိုက်ဖျက်ရမည်။ သက်သေ အချက်အလက် တိကျမှန်ကန်မှုရှိရမည်။ ဒီမိုကရေစီခေတ်မှာ အထက်အာဏာပိုင်အသီးသီးသို့ တိုင်ကြားနိုင်သလို မီဒီယာများကိုလည်း တိုင်ကြားနိုင်သည်။ ခြစားမှုအကျင့်ရှိသော အုပ်ချုပ်ရေးမှူးနှင့် ရပ်ရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များကို ရွေးကောက်ပွဲဖြင့် အမြန်ဖယ်ရှားသင့်သည်။
(၄) အိမ်တွင်းအကြမ်းဖက်မှုပြဿနာ
အိမ်တွင်းအကြမ်းဖက်မှုတိုက်ဖျက်ရေး ပညာပေးလက်ကမ်းစာဆောင်
“ဟိုယခင် ချစ်ခင်ကြင်နာကြစဉ်တုန်းက အသက်ထက်ဆုံး ချစ်ခင်ယုယပါ့မယ်၊အိုအောင် မင်းအောင် ပေါင်းဖက်ပါ့မယ်” ဆိုခဲ့ကြသော်လည်း သားသမီးများရလာသောအခါ အချစ်ပျယ် အမုန်းတွယ်ကာ အော်ကြဆဲကြ ရိုက်နှက်ကြသည်အထိ ဖြစ်လာသည်။ ဤသို့အိမ်တွင်း အကြမ်းဖက်မှုဖြစ်လာပါက အမျိုးသမီးသာ အခံရများသည်။ ယောကျာ်းက အနိုင်ယူ မိန်းမက အရှုံးပေးရသည်။ တချို့သောအိမ်သည် အိမ်တွင်းအကြမ်းဖက်မှုဖြစ်လာပြီးဆိုရင် တစ်ရပ်ကွက်လုံး မကြားကေါင်း ကြားနေရသည်။ တစ်ချို့က သိုသိုတိတ်တိတ် ဖြစ်ခဲ့ကြပြီး ပတ်ဝန်းကျင်မသိစေပဲ နောက်ဆုံး အကြိမ်ဖန်များလာတော့မှ ယောကျာ်းဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် အိမ်မှဆင်းသွားရသည်။
အိမ်တွင်းအကြမ်းဖက်မှုသည် သားသမီးတွေအတွက် ဆိုးကျိုးဖြစ်စေပါသည်။ မိဘတို့၏အကြမ်းဖက်မှုလုပ်ရပ်သည် သားသမီးများထံ ကူးစက်သွားကာ အကြမ်းဖက်အကျင့်ဆိုးများဖြစ်လာနိုင်သည်။ မိသားစု စားဝတ်နေရေးအတွက် လင်ယောကျာ်းက မည်သည့်အလုပ်ကိုင်မှမလုပ်ပဲ အရက်သောက်ဖို့အတွက်သာ လုံ့လပြုမည်ဆိုပါက မိသားစုစားဝတ်နေရေးအတွက် ဆိုးကျိုးသာဖြစ်နေိုင်ပြီး လင်မယား မသင့်မသင့်ဖြစ်ကာ ခိုက်ရန်ဖြစ်ပွားသည့်အတွက် ရပ်ကွက်အိမ်းနီးနာချင်းများ မြင်မကောင်း ကြားမကောင်းဖြစ်ကြရသည်။ ထို့ကြောင့် အိမ်တွင်းအကြမ်းဖက်မှုသည်လည်း လူမှုရေးပြဿနာ တစ်ခုပင်ဖြစ်သည်။
အကြံပြုလိုသည်မှာ အမျိုးသမီးနှင့်ကလေးများ အနိုင်ကျင့်မခံစေရန် ရပ်တွင်းရွာတွင်းမှာ ခိုင်မာတဲ့အမျိုးသမီးအဖွဲ့အစည်း ဖွဲ့စည်းထားသင့်သည်။ အမျိုးသမီးနှင့်ကလေးများ ဆင်းရဲမှုနှင့်ကြုံတွေ့ရပါက ခိုကိုးရမည့်နေရာ ရှိရပါမည်။ ရပ်ရွာလူကြီးများမှ တာဝန်ယူကူညီစောင့်ရှောက်မှု ပေးရမည်။ အမျိုးသားကိုလည်း သွန်သင်ဆုံးမ သတိပေးရမည်။ ရပ်ရွာလူကြီးများက အမျိုးသမီးအဖွဲ့အစည်းနှင့် ပူးပေါင်းကာ အိမ်တွင်းအကြမ်းဖက်မှု မဖြစ်အောင် နည်းလမ်းရှာရမည်။ တစ်ရွာနှင့်တစ်ရွာ အခြေအနေမတူသောကြောင့် ဖြေရှင်းရမည့်နည်းလမ်းလည်း တူညီမည်မဟုတ်ပါ။
အထက်ပါ တင်ပြခဲ့သော ရပ်ရွာပြဿနာကြီး (၄) ရပ်ကို အလေးထား ဖြေရှင်းနိုင်ပါက ရပ်ရွာများလည်း အေးချမ်းသာယာနိုင်မည်ဟု ယူဆမိပါကြောင်း။