spot_img
Saturday, February 21, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်မြို့နယ် AMDP ဥက္ကဌ၊ အတွင်းရေးမှုးနှင့် ပါတီဝင်အချို့ နှုတ်ထွက်

    မော်လမြိုင်မြို့နယ် AMDP ဥက္ကဌ၊ အတွင်းရေးမှုးနှင့် ပါတီဝင်အချို့ နှုတ်ထွက်

    -

    မွန်နိုင်ငံရေးပါတီများ ပေါင်းစည်းညီညွတ်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပါတီခေါင်း ဆောင်တို့က ပြတ်သားခြင်းမရှိဟုဆိုကာ မွန်ဒေသလုံးဆိုင်ဒီမိုကရေစီပါတီ AMDP မော်လမြိုင်မြို့နယ်မှ ပါတီဝင်အချို့ ပါတီဝင်အဖြစ်မှ အပြီးအပိုင် နှုတ်ထွက်လိုက်ကြောင်း သိရသည်။

    မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၏ မော်လမြိုင်မြို့နယ် ဥက္ကဌ နိုင်အောင်ချမ်း၊ ဗဟိုကော်မတီဝင်နှင့် မြို့နယ်အ တွင်းရေးမှူး နိုင်အောင်သန်း (ခ) စောနွန်အပါအဝင် စုစုပေါင်း (၇) ဦး တို့က လက်မှတ်ထိုးထားပြီး အဆိုပါ နှုတ်ထွက်စာကို အောက်တိုဘာလ ၂၅ ရက်နေ့က ပါတီဗဟိုဌာနချုပ်သို့ ပေးပို့ထားပြီးဟု ဆိုသည်။

    မော်လမြိုင်မြို့နယ် AMDP ပါတီဝင်အချို့ နှုတ်ထွက်စာ(Copy)
    မော်လမြိုင်မြို့နယ် AMDP ဥက္ကဌ နိုင်အောင်ချမ်းက “ပေါင်းစည်းဖို့ ဖြစ်လာမလားဆိုပြီးတော့ စောင့်နေတာ အချိန်သာကြာသွားတာ၊ ကနေ့အထိ မပေါင်းဖြစ်ဘူး။ ပေါင်းစည်းဖို့ ညှိနှိုင်းပေးလို့မရဘူးဆိုရင် ဒါဟာ ခေါင်း ဆောင်ပိုင်းကလူတွေ မပြတ်သားခြင်းကြောင့်လို့ ကျနော်တို့မြင်တယ်၊ အဲဒါကြောင့် သူတို့နဲ့ မလိုက်နိုင်တော့ဘူး၊ လုပ်လည်းမလုပ်တော့ဘူး” ဟု ဆိုသည်။

    ၄င်းတို့အနေဖြင့် မွန်နိုင်ငံရေးပါတီများ တစ်ပါတီဖြစ်ရေးအတွက် ကြိုးစားလုပ်ဆောင်နေသည့် မည်သည့်အဖွဲ့ အစည်းနှင့်မဆို အတူတကွပူးပေါင်းသွားရန် အဆင်သင့်ရှိကြောင်း ၄င်းကဆက်ပြောသည်။

    AMDP တွဲဖက်အတွင်းရေးမှူး(၁) နိုင်စံတင်က “အကြောင်းပြချက်က အများကြီးပြောလို့ရတယ်၊ တခုတော့ရှိတယ်၊ နှုတ်ထွက်ချင်ရင် ရှင်းရှင်းလင်းလင်းလေး နှုတ်ထွက်သွား ရတယ်။ အပြစ်လိုက်ရှာပြီး နှုတ်ထွက်ချင်တဲ့ပုံစံမျိုး ကျနော်တို့မဖြစ်စေချင်ဘူး၊ နောက်ပြီးတော့ ပေါင်းစည်းတဲ့ကိစ္စဆိုတာ တဖက်တည်းနဲ့ လုပ်လို့မရဘူး” ဟု ပြော သည်။

    အဆိုပါနှုတ်ထွက်စာနှင့် ပတ်သက်ပြီး မကြာခင် ပြုလုပ်မည့် ပါတီဗဟိုအလုပ်မှုဆောင် အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်သွားမည်ဟု ၄င်းက ဆက်ပြောသည်။

    မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP သည် ၂၀၁၀ ခုနှစ်က တရားဝင်ပါတီအဖြစ် မှတ်ပုံတင်ရရှိထားပြီး လက်ရှိအချိန်တွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ပါတီဝင်အင်အား နှစ်သောင်း(၂၀ဝ၀ဝ) ကျော် ရှိကြောင်း သိရသည်။

    အလားတူ မွန်နှစ်ပါတီပေါင်းစည်းရေးဖြစ်မလာသည့်အပေါ် မွန်အမျိုးသားပါတီဗဟိုကော်မတီဝင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အချို့လည်း ပါတီမှနုတ်ထွက်မှုများရှိနေကြောင်း တွေ့ရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks