Thursday, March 26, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်အတွင်း ခိုးမှုနှင့်ယာဉ်တိုက်မှု အများဆုံးဖြစ်ပွားခဲ့

    မွန်ပြည်နယ်အတွင်း ခိုးမှုနှင့်ယာဉ်တိုက်မှု အများဆုံးဖြစ်ပွားခဲ့

    -

    မွန်ပြည်နယ် (၁၀) မြို့နယ်တွင် ယခုနှစ် ၂၀၁၇ ခုနှစ်အတွင်း မှုခင်းများအနက် ခိုးမှုနှင့်ယာဉ်တိုက်မှု အများဆုံးဖြစ်ပွားခဲ့ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

    ၂၀၁၇ ခုနှစ် ၊ စက်တင်ဘာ လကုန်ပိုင်းအထိ စစ်တမ်းများအရ မွန်ပြည်နယ်အတွင်း လူသတ်မှု (၃၆)မှု ၊ မုဒိန်းမှု (၃၇)မှု ၊ ခိုးမှု (၁၇၂)မှု နှင့် ယာဉ်တိုက်မှု (၆၀၃)မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး ဆိုင်းဘုတ်(MNA)
    မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး ခေတ္တရဲမှူး(ဦးစီး) ရဲမှူးစိုးလွင်က “ မော်လမြိုင်မှာ ခိုးမှု (၆၁)မှုနဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး သထုံခရိုင်နဲ့ပေါင်းလိုက်ရင် ခိုးမှု (၁၇၂)မှု ဖြစ်ပွားခဲ့ပါတယ်။ ယာဉ်တိုက်မှုကတော့ ကျိုက်ထိုမြို့နယ်မှာ (၁၂၈) မှုဖြစ်ပွားခဲ့တဲ့အတွက်ကြောင့် (၁၀)မြို့နယ်ထဲမှာ အများဆုံးဖြစ်ပွားတဲ့မြို့နယ်လို့ သတ်မှတ်လို့ရပါတယ်” ဟု ပြောသည်။

    မွန်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် လူသတ်မှု (၃၆)မှုအနက် မော်လမြိုင်မြို့နယ်နှင့် ရေးမြို့နယ်တို့တွင် (၉)မှုစီဖြင့် အများဆုံးဖြစ်ပွားခဲ့ပြီး ကျိုက်ထိုမြို့နယ်နှင့် သထုံမြို့နယ်တို့တွင် လူသတ်မှု (၄)မှုစီဖြင့် ဒုတိယအများဆုံး ဖြစ်ပွားခဲ့ကြောင်း ၊ မုဒိန်းမှု (၃၇)မှုအနက် မော်လမြိုင်မြို့နယ်တွင် (၁၀)မှုဖြင့် အများဆုံးဖြစ်ပွားခဲ့ပြီး ကျိုက်ထိုမြို့နယ်နှင့် ပေါင်မြို့နယ်တို့တွင် မုဒိန်းမှု (၆)မှုစီဖြင့် ဒုတိယအများဆုံး ဖြစ်ပွားခဲ့ကြောင်း ရဲမှူးပြောပြချက်အရ သိရသည်။

    “ မှုခင်းတွေ ကျဆင်းလာဖို့အတွက် ပြည်သူလူထုကလည်း ရဲတပ်ဖွဲ့ကို သတင်းပေးဖို့ ၊ အဲလိုသတင်းပေးလို့ရှိရင် ရဲတပ်ဖွဲ့အနေနဲ့ မြန်မြန်ဆန်ဆန် လုပ်ဆောင်ပေးနိုင်မှာဖြစ်တယ်။ ပြည်သူလူထုနဲ့ ရဲနဲ့ ပူပေါင်းဆောင်ရွက်မှသာ မှုခင်းတွေကို အောင်မြင်အောင် ဆောင်ရွက်နိုင်မှာပါ” ဟု ၄င်းက ဆက်ပြောသည်။

    မှုခင်းဖြစ်ပွားရခြင်းမှာ မှုခင်းပြစ်ဒဏ်ကို ကြောက်ရွံ့နေခြင်းထက် မှုခင်း၏ အတိမ်အနက်ကို မသိရှိခြင်းကြောင့် ဖြစ်ကြောင်း မော်လမြိုင် တရားမျှတမှုစင်တာမှ ပရိုဂရမ်ဒါရိုက်တာ ဦးဟန်ညိမ်းက ဆိုသည်။

    ၄င်းက “မှုခင်းတွေ လျော့ကျဖို့ဆိုရင်တော့ လောလောဆယ် လုံခြုံရေးကို အဓိကထားလုပ်ဖို့ လိုအပ်တယ်။ မှုခင်းကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့လိုအပ်တယ်။ ပြည်သူလူထုအတွက် အသိပညာပေးဟောပြောပွဲတွေ အများကြီးလုပ်ဖို့ လိုအပ်တယ်။ မူးယစ်ဆေးဝါးသုံးစွဲတယ်ဆိုရင် ထောင်ဒဏ် ၃ နှစ်က နေ ၅ နှစ်အထိရှိတယ်။ လက်တွေ့မှာ အဲ့လောက်ပြစ်ဒဏ်ရှိတယ်ဆိုတာ သူတို့ မသိကြဘူးလေ။ ထောင်ကျမှာ သိကြတယ်။ ဒါကြောင့် ဥပဒေရဲ့သဘောသဘာဝကို သိဖို့ ပြည်သူလူထုကို အသိပညာပေးဖို့လိုပါတယ်။” ဟု ပြောသည်။

    မွန်ပြည်နယ်တွင် ၂၀၁၆ ခုနှစ်အတွင်း လူသတ်မှု ၆၂ မှု ဖြစ်ပွားခဲ့ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks