spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်-သံဖြူဇရပ်ကားလမ်းမိုင် ၂၀ ကို AK ကုမ္ပဏီမှ ၂၀၁၈ ဇွန်လတွင် နိုင်လွန်ကတ္တရာအပြီးခင်းရန်သဘောတူ

    မော်လမြိုင်-သံဖြူဇရပ်ကားလမ်းမိုင် ၂၀ ကို AK ကုမ္ပဏီမှ ၂၀၁၈ ဇွန်လတွင် နိုင်လွန်ကတ္တရာအပြီးခင်းရန်သဘောတူ

    -

    မော်လမြိုင်-မုဒုံ-သံဖြူဇရပ် ပြည်ထောင်စုမော်တော်ကားလမ်းပိုင်း၌ BOT စနစ်ဖြင့်တည်ဆောက်၍ လမ်းအသုံးပြုခကောက်ခံခွင့်ရရှိထားသည့် အေးကို မိသားစုဆောက်လုပ်ရေး ကုမ္ပဏီလီမီတက်(AK ကုမ္ပဏီ) အနေဖြင့် လာမည့် ၂၀၁၈ ခုနှစ် ဇွန်လတွင် လမ်းအရှည်မိုင် ၂၀ ကို နိုင်လွန်ကတ္တရာအပြီးခင်းပေးရန် ပြည်ထောင်စုဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် သဘောတူထားသည်ဟု ကုမ္ပဏီထံမှ သိရသည်။

    AK ကုမ္ပဏီတာဝန်ယူထားသည့် လမ်းပိုင်းအရှည် ၃၇ မိုင်ရှိသည့်အနက် မိုင် ၂၀ ကို ယင်းသို့နိုင်လွန်ကတ္တရာခင်းပြီးပါက ကျန်လမ်းပိုင်း ၁၇ မိုင်ကိုလည်း ၂၀၁၉ ခုနှစ် ဇွန်လတွင် အပြီး ဆက်လက်ခင်းပေးရန်သဘောတူခဲ့သည်ဟု AK ကုမ္ပဏီ စီမံကိန်းဒါရိုက်တာ ဦးစိုးမိုးက ပြောသည်။

    မော်လမြိုင်-သံဖြူဇရပ်လမ်းပျက်စီးမှုကို လူမှုကွန်ယက်၌ဝေဖန်ပုံ(Facebook)
    ၄င်းက “လောလောဆယ်ကတော့ ပေါက်နေတာတွေအားလုံးကို ပြန်ဖာထားပြီးပြီ၊ ဆက်ပေါက်ရင်လည်း ဆက်ဖာသွားမယ်၊ မိုင် ၂၀ ကို နိုင်လွန်ကတ္တရာခင်းဖို့ ပြည်ထောင်စုဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ကတိပြုထားတယ်၊ ၂၀၁၈ ဇွန်လအပြီး အဲဒီအချိန်မှာမှ မပြီးရင် ဂိတ်မှာ ပိုက်ဆံကောက်တဲ့ဟာကို ရပ်၊ နိုင်ငံတော်ကို ပြန်အပ်ပြီးတော့ ထွက်မယ်” ဟု ပြောသည်။

    ယခုနှစ်မိုးရာသီတွင် မိုးပိုမိုများခြင်းကြောင့်အပြင် တန်ပိုတင်ယာဉ်များကြောင့်လည်း လမ်းပိုပျက်သည်ဟု ၄င်းက ရှင်းပြသည်။

    “လမ်းပျက်စီးတာနဲ့ ပတ်သက်ပြီး ကုမ္ပဏီကို စာချုပ် ချုပ်ဆိုလိုက်ပြီး စာချုပ်မှာ နောက်နှစ် ဒီကနေ မိုင် ၂၀ ကို နိုင်လွန်ကတ္တရာမီအောင် ခင်းပေးရမယ်၊ ကမာဝက်တံတားကို ဆောက်ပြီးဖြစ်ရမယ်၊ မဖြစ်ဘူးဆိုလို့ရှိရင် ပြန်အပ်တော့ ပြည်ထောင်စုနဲ့ ချုပ်ထားတယ်၊ ဒီလမ်းက ပြည်ထောင်စုလမ်းဖြစ်တဲ့အတွက်” ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

    AK ကုမ္ပဏီမှ တာဝန်ယူထားသည့် လမ်းအပိုင်းတွင် မိုးရာသီကာလအတွင်း ပျက်စီးမှု ပိုမိုဆိုးဝါးနေပြီး အဆိုပါ လမ်းပျက်စီးနေမှုအခြေအနေဓာတ်ပုံကို သြဂုတ်လ ဒုတိယအပတ်ခန့်က facebook လူမှုကွန်ယက်စာမျက်နှာပေါ် ပျံ့နှံ့လာသည့်နောက်ပိုင်းတွင် ကုမ္ပဏီအပေါ် ဝေဖန်မှု ပိုမိုမြင့်တက်လာသည်။

    အဆိုပါလမ်းပျက်စီးနေမှုကို ပြည်ထောင်စုအစိုးရမှ သတိပေးခဲ့ပြီး ပြည်နယ်အစိုးရကလည်း ကုမ္ပဏီကို ပြင်းထန်စွာခေါ်ယူ သတိပေးခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

    အလားတူ ရွှေသံလွင် ကုမ္ပဏီက BOT စနစ်ဖြင့်ရရှိထားသည့် သထုံခရိုင်ရှိ ပြည်ထောင်စုလမ်းမကြီးတွင် လမ်းပျက်စီးမှုရှိလာပါက အချိန်မီပြုပြင်နိုင်ခဲ့ပြီး AK ကုမ္ပဏီတာဝန်ယူထားသည့် လမ်းအပိုင်းထက် အရည်အသွေးကောင်းမွန်ကြောင်း ပြည်နယ်စည်ပင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က မှတ်ချက်ပြုသည်။

    AK ကုမ္ပဏီသည် မော်လမြိုင်-မုဒုံ-သံဖြူဇရပ်လမ်းပိုင်းကို BOT စနစ်ဖြင့် ပြည်ထောင်စုအစိုးရနှင့် အနှစ် ၅၀ သက်တမ်းလုပ်ကိုင်ဆောင်ရွက်ခွင့်စာချုပ် ချုပ်ဆိုထားသည်ဟု ကုမ္ပဏီထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts