spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်ငါးဖမ်းပိုက်ချက်များ လေလံတင်ရောင်းချငွေကျပ်သိန်း ၁၄၀ဝ နီးပါးရရှိ

    မွန်ပြည်နယ်ငါးဖမ်းပိုက်ချက်များ လေလံတင်ရောင်းချငွေကျပ်သိန်း ၁၄၀ဝ နီးပါးရရှိ

    -

    မွန်ပြည်နယ်အတွင်းရှိ ငါးဖမ်းပိုက်ချက်(မြစ်များအတွင်း ငါးဖမ်းဧရိယာ) များကို သြဂုတ်လ ၂၈ ရက်နေ့က လေလံတင်ရောင်းချခဲ့ရာ ငွေကျပ်သိန်းပေါင်း ၁၄၀ဝ နီးပါးရရှိသည်ဟု မွန်ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

    သံလွင်မြစ်၊ အတ္ထရံမြစ်၊ ဂျိုင်းမြစ်တလျှောက်ရှိ ငါးဖမ်းပိုက်ချက် ၁၀၈ ချက်ကို ယခုဘဏ္ဍာနှစ်အတွက် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် ပထမဆုံးအကြိမ် လေလံတင်ရောင်းချခဲ့ရာ ပိုက်ချက် ၃၇ ချက် လေလံအောင်ခဲ့ပြီး ငွေကျပ်သိန်းပေါင်း ၁၃၉၈ ဒသမ ၁၃ ရရှိခြင်းဖြစ်သည်။

    ၂၀၁၄-၂၀၁၅ ခုနှစ်ငါးဖမ်းပိုက်ချက် လေလံပွဲ(Facebook)
    “ဒီနှစ် ပိုက်ချက် တင်ဒါ ရောင်းချပွဲ နောက်ကျတယ်၊ ရေလုပ်သားအများစုက နယ်မြေခံ လွှတ်တော်ကိုယ်စားလှယ်တွေ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေကို တင်ပြထားတာတွေရှိတော့ ငါးလုပ်ငန်း ဦးစီးဌာနတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေရတဲ့အတွက် နည်းနည်းနောက်ကျသွားတယ်” ဟု ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးသံချောင်းက ပြောသည်။

    အထူးတင်ဒါပိုက်ချက်များ၏ စည်းမျဉ်းစည်းကမ်းအရ တင်ဒါကို ၅ ကြိမ်အထိ ရောင်းချခွင့်ရှိကြောင်း ကျန်ရှိနေသေးသည့် ပိုက်ချက်များကို သြဂုတ်လ ၃၁ ရက်နေ့တွင် ဒုတိယအကြိမ် ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနက ပြောသည်။

    ယမန်နှစ်က ငါးဖမ်းပိုက်ချက် လေလံတင်ရောင်းချပွဲတွင် အပြိုင်အဆိုင် ဝယ်ယူခဲ့ကြသည့်အတွက် လေလံအောင်သွားသည့် ငါးလုပ်ငန်းရှင်အများစု အရှုံးပေါ်မှုနှင့် ရင်ဆိုင်ခဲ့ရသည်ဟု လေလံဝယ်ယူသည့် ငါးလုပ်ငန်းရှင်တို့က ပြောသည်။

    “မနှစ်က ပိုက်ချက် ၂ ချက် ဆွဲတယ်၊ တစ်ချက်ကို ၃၁ သိန်းနဲ့ လေလံရရှိတယ်၊ ငါးမမိလို့ ပိုက်ချက် ၂ ချက်လုံး အရှုံးပေါ်တယ်၊ ဒီနှစ်တော့ ဘယ်လိုလာမလဲ မသိသေးဘူး” ဟု မော်လမြိုင်မြို့မှ ငါးလုပ်ငန်းရှင် ဦးကျော်ဝင်းက ပြောသည်။

    ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၁၇-၂၀၁၈ ခုနှစ် အထူးတင်ဒါပိုက်ချက်များ တင်ဒါရောင်းချခြင်းနှင့် ပတ်သက်သည့် တင်ဒါစည်းမျဉ်းစည်းကမ်းများကိုလည်း တင်ဒါဝယ်သူများ သိရှိနားလည်ရန်အတွက် ကြိုတင် ရှင်းလင်းမှုပြုလုပ်ထားသည့်အပြင် တင်ဒါရောင်းချသည့်နေ့တွင်လည်း ရှင်းလင်းမှု ပြုလုပ်ခဲ့သည်။

    တင်ဒါပိုက်ချက်များအတွက် ကြမ်းခင်းဈေး သတ်မှတ်ရာတွင်၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်က လေလံတင်ရောင်းချခဲ့သည့် ပိုက်ချက်တစ်ချက်စီ၏ ရငွေမှ ၁၀ ရာခိုင်နှုန်း တိုးပြီး သတ်မှတ်ထားကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

    မွန်ပြည်နယ်တွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ငါးဖမ်းပိုက်ချက်များကို လေလံပေးရောင်းချခဲ့ရာ ငါးဖမ်းပိုက်ချက် ၉၃ ရောင်းချခဲ့ရပြီး ငွေကျပ်သိန်းပေါင်း ၁၂,၁၅၄ ကျော် ရရှိခဲ့သည်ဟု ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနရှိ စာရင်းအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts