spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းတော်လှန်ရေးအဖွဲ့အားလုံးမပါဝင်သေးသရွေ့ ပြည်တွင်းငြိမ်းချမ်းရေးမရနိုင်ဟု မွန်ပြည်သစ်ပါတီထုတ်ပြန်

    တော်လှန်ရေးအဖွဲ့အားလုံးမပါဝင်သေးသရွေ့ ပြည်တွင်းငြိမ်းချမ်းရေးမရနိုင်ဟု မွန်ပြည်သစ်ပါတီထုတ်ပြန်

    -

    နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွင် တစ်နိုင်ငံပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လမ်းကြောင်းအရဖြစ်စေ အခြားလမ်းကြောင်းမှဖြစ်စေ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အားလုံး မပါဝင်သေးသရွေ့ စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေး ရရှိလိမ့်မဟုတ်ကြောင်း ဝါခေါင်လပြည့် (သြဂုတ်လ ၇ ရက်) နေ့တွင် ကျရောက်သည့် အကြိမ် ၇၀ မြောက် မွန်တော်လှန်ရေးနေ့၌ မွန်ပြည်သစ်ပါတီမှ ကြေညာချက်ထုတ်ပြန်လိုက်သည်။

    မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်များ(Facebook)
    လက်ရှိနိုင်ငံရေးအခင်းအကျင်းသည် NCA လက်မှတ်ရေးထိုးပြီးမှ နိုင်ငံရေးဆွေးနွေးခွင့်ရမည်ဖြစ်ရာ မွန်ပြည်သစ်ပါတီအနေဖြင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နှင့်အတူ NCA လမ်းကြောင်းအတိုင်း ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ပြီး နိုင်ငံရေးဆွေးနွေးမှု မူဘောင်အခိုင်အမာဖြစ်ပေါ်လာစေရန် အစိုးရနှင့် UNFC တို့ အချိန်ကာလတစ်ခုအတွင်း နည်းလမ်းရှာ ဆွေးနွေးညှိနှိုင်းရဦးမည်ဟု ရေးသားဖော်ပြထားသည်။

    UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းမှုဆိုင်ရာ ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ DPN ဒုခေါင်းဆောင် မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေးက “ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ JMC မှာ နိုင်ငံတကာမှ ပါဝင်ခွင့်ရှိဖို့ ။ နောက်တစ်ချက်က တပ်ပိုင်းဆိုင်ရာ ကိစ္စတွေပါ၊ အဓိက ဒီ ၂ ချက် သဘောတူညီရင် NCA ရေးထိုးဖြစ်မယ်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    မကြာမီ သြဂုတ်လ ၁၀ ရက်နေ့တွင် အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့ ရန်ကုန်မြို့၌ ဆဌမအကြိမ်တွေ့ဆုံဆွေးနွေးကြရန် သဘောတူထားကြပြီး လက်ရှိ UNFC အဖွဲ့ဝင်များဖြစ်သည့် မွန်ပြည်သစ်ပါတီ NMSP, ကရင်နီတိုးတက်ရေးပါတီ KNPP, ရှမ်းပြည်တိုးတက်ရေးပါတီ SSPP, ရခိုင်အမျိုးသားကောင်စီ ANC နှင့် လားဟူဒီမိုကရက်တစ်ပါတီ LDU ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးကြမည်ဟု ဆိုသည်။

    သို့ရာတွင် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေများအတွင်း အစဉ်အလာဖြင့်ကျင်းပလာခဲ့သည့် မွန်တော်လှန်ရေးနေ့အခမ်းအနားများကို လက်နက်ဖြင့်မကျင်းပရန် ယခုရက်ပိုင်းအတွင်း တပ်မတော်မှဖိအားပေးပြောဆိုလာခြင်းသည် ယုံကြည်မှုတည်ဆောက်နေသည့်ကာလတွင် သံသယပွားများစေသည်ဟု ၄င်းကယူဆသည်။

    အဆိုပါမွန်တော်လှန်ရေးနေ့အခမ်းအနားများကို မွန်ပြည်သစ်ပါတီထိန်းချုပ်ရာဒေသများဖြစ်သည့် ဗဟိုဌာနချုပ်အပါဝင် ၅ နေရာတွင် စစ်ရေးပြအခမ်းအနားဖြင့်၄င်း၊ ကွယ်လွန်သူမွန်အမျိုးသားခေါင်းဆောင်များ၏ အုတ်ဂူအသီးသီးရှိရာနေရာဒေသများတွင် အနယ်နယ်အရပ်ရပ်မှ မွန်လူငယ်များအင်အား ၇၀ဝ ခန့် ဘင်ခရာအဖွဲ့များဖြင့်၄င်း သြဂုတ်လ ၇ ရက်နေ့တွင် ချီတက်အလေးပြုကျင်းပခဲ့သည်ကို သိရသည်။

    မွန်လူငယ်များ(Facebook)

    ပီပြင်ခိုင်မာသော လက်နက်ကိုင်တော်လှန်ရေးပါတီတရပ်မရှိလျင် ပြည်တွင်းအမျိုးသားရေးလှုပ်ရှားမှုအင်အားသည်လည်းချိနဲ့နိုင်ပြီး တစ်နှစ်တစ်ခါ တော်လှန်ရေးအခမ်းအနားများကျင်းပရုံမျှနှင့်မလုံလောက်ပါ၊ ပြည်သူများ၊ လူငယ်လူရွယ်များမှလည်း တော်လှန်ရေးတာဝန်ကို လက်တွေ့ကျကျပါဝင်အားဖြည့်ရေးအတွက် အာရုံထားစေလိုကြောင်း အဆိုပါကြေညာချက်တွင် တိုက်တွန်းရေးသားထားသည်။

    ဖဆပလအစိုးရထံ မွန်လူမျိုးတို့၏ မိမိကံကြမ္မာ မိမိကိုယ်တိုင်ဖန်တီးခွင့်ရရှိရန် တောင်းဆိုမရသည့်အဆုံး မြန်မာသက္ကရာဇ် ၁၃၁၀ ခုနှစ် ဝါခေါင်လပြည့်(၁၉၄၈ ခုနှစ် သြဂုတ်လ ၁၉ ရက်) နေ့တွင် ဘားအံမြို့နယ်၊ ဇာသပြင်ကျေးရွာ ကာကွယ်ရေးစခန်းကို မွန်လူငယ်တစ်စု ဝင်ရောက်စီးနင်းပြီး လက်နက်သိမ်းပိုက်ခဲ့သည်ကိုအစပြု၍ မွန်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks