spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းမွန်စာပေသင်ကြားနေသည့်အစိုးရကျောင်းအချို့ မွန်ဖတ်စာအုပ်မရောက်သေး

    မွန်စာပေသင်ကြားနေသည့်အစိုးရကျောင်းအချို့ မွန်ဖတ်စာအုပ်မရောက်သေး

    -

    မွန်တိုင်းရင်းသားစာပေ သင်ကြားနေသည့် အစိုးရစာသင်ကျောင်းအချို့တို့တွင် ယခုအထိ မွန်ဖတ်စာအုပ်များ မရောက်ရှိသေးကြောင်း မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများအရေး ဆိုင်ရာကော်မတီ အတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်းက မွန်သတင်းအေဂျင်စီသို့ ဇူလိုင် ၂၅ ရက်နေ့တွင် ပြောသည်။

    “အခြားမြို့နယ်တွေမှာ စာသင်ကျောင်းဘယ်လောက်မှာ မရောက်သေးလဲဆိုတာ အတိအကျမသိသေးဘူး၊ ဒါပေမယ့် ရေးမြို့နယ်မှာက စာအုပ်မရောက်သေးတဲ့ကျောင်းတွေက တော်တော်များရှိနေတယ်” ဟု ဒေါက်တာမင်းစိုးလင်းက ပြောသည်။

    မွန်ဖတ်စာအုပ်များ(MNA)
    ဇူလိုင် ၂၀ ရက်က မွန်ပြည်နယ်လွှတ်တော်တွင် ကျင်းပသည့် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီအစည်းအဝေးတွင် မွန်ပြည်နယ်ပညာရေးမှူးနှင့် လူမှုရေးဝန်ကြီးဒေါက်တာထိန်လင်းတို့၏ ပြောကြားချက်အရ တိုင်းရင်းသားစာ ပေသင်ကြားရေးနှင့် ပတ်သက်သည့်အချက်များကို မြို့နယ်ပညာရေးမှူးတို့အား ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ ကော်မတီအနေနှင့် ဇူလိုင် (၂၈) ရက်တွင် စတင်လက်တွေ့ကွင်းဆင်း စိစစ်သွားရန်ရှိကြောင်း ၄င်းက ဆက်ပြောသည်။

    ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများအရေး ဆိုင်ရာကော်မတီမှ အတည်ပြုထားသည့် အချက် (၁၁) ချက်အထဲမှာ တိုင်းရင်းသားစာအုပ်များ သင်ကြားမည့် ကျောင်းများသို့ အချိန်မီရောက်ရှိရန် ဆောင်ရွက်ပေးရမည် အချက်လည်း ပါရှိသည့်အတွက် လာမည့် ဇူလိုင် ၂၈ ရက်နေ့မှာ တိုင်းရင်းသားရေးရာဆိုင်ရာကော်မတီအနေနှင့် ချောင်းဆုံမြို့နယ်သို့ စတင်ကွင်းဆင်းစိစစ်သွားမည်ဖြစ်ကြောင်း သိရသည်။

    မွန်ပြည်နယ် ပညာရေးမှူး ဦးမျိုးတင့်အောင်က “ စာအုပ်တွေ မြို့နယ်ပညာရေးမှူးရုံးရောက်နေပြီး လာယူလို့ရနေပြီးဆိုတာ ဆရာတို့ မြို့နယ်ပညာရေးမှူးတွေကို ပြောနေတာကြာပါပြီး၊ စာအုပ်မရောက်သေးဘူးဆိုရင် သက်ဆိုင်တဲ့ ကိုယ့်မြို့နယ်ကို အဆက်အသွယ်ယူပြီး သွားယူကြပါ” ဟု ပြောသည်။
    မွန်ပြည်နယ် အစိုးရကျောင်းများ၌ ၂၀၁၇-၁၈ ပညာသင်နှစ်တွင် သင်ကြားမည့် တိုင်းရင်းသားဖတ်စာအုပ် မွန်၊ ကရင်၊ ပအိုဝ်း၊ စာအုပ်များကို ပြည်နယ်ပညာရေးမှူးရုံးမှ ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်နေ့တွင် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများသို့ ပေးအပ်ထားပြီဖြစ်ကြောင်း ဦးမျို့တင့်အောင်က ဆက်ပြောသည်။

    မွန်ပြည်နယ် မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ အထွေထွေအတွင်းရေးမှူး နိုင်မွန်ရာဇာက “ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီအစည်းအဝေးလုပ်ပြီးတဲ့ညနေမှာပဲ ကျွန်တော်က မွန်စာသင်နေတဲ့ဆရာတွေကို ဖုန်းဆက်ကြည့်တော့ အချို့ကျောင်းတွေက စာအုပ်မရောက်သေးဘူးလို့ ပြောတယ်၊ ဒါပေမဲ့ မြို့နယ်နဲ့ ပြည်နယ် သူတို့နဲ့သူတို့ကြားမှာ ပြောဆိုလုပ်ကိုင်နေတာ မပြတ်သားဘူး၊ သူတို့လုပ်နေတာကို အားမရဘူး” ဟု ပြောသည်။

    မွန်ပြည်နယ်တစ်ခုလုံးရှိ အစိုးရစာသင်ကျောင်းတွင် မွန်တိုင်းရင်းသားစာပေ သင်ကြားနေသည့် ကျောင်းသားဦးရေပေါင်း ၂၃,၅၀ဝ ဦးနှင့် ဆရာ/မ ဦးရေပေါင်း ၅၆၅ ဦးရှိကြောင်း ပြည်နယ်လွှတ်တော်များသို့ ပေးပို့ထားသော ပြည်နယ်ပညာရေးမှူးရုံး၏ စာရင်းတွင် ဖော်ပြထားသည်။

    အလားတူ အစိုးရစာသင်ကျောင်းပြင်ပ၌ မွန်စာကိုအဓိကထားသင်ကြားပေးလျက်ရှိသည့် မွန်အမျိုးသားကျောင်းပေါင်း(၁၃၃) ကျောင်းတွင် ကျောင်းဆရာ/မ ပေါင်း (၈၀ဝ) ကျော်ရှိကြောင်း မွန်အမျိုးသားပညာရေးကော်မတီစာရင်းအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks