spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းတွင် တံတား ၂ စင်း ရေစီးထဲမျော၍ လမ်းပိတ်ထား

    ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းတွင် တံတား ၂ စင်း ရေစီးထဲမျော၍ လမ်းပိတ်ထား

    -

    မိုးသည်းထန်စွာရွာပြီး တောင်ကျရေတိုက်စားမှုကြောင့် ကရင်ပြည်နယ်၊ကြားအင်း ဆိပ်ကြီး-ဘုရားသုံးဆူလမ်းရှိ တံတား(၂)စင်း ရေစီးထဲ မျောပါသွားပြီး လမ်းခရီးသွားလာမှု ခေတ္တပြတ်တောက်နေကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှ သတင်းရရှိသည်။

    ဇူလိုင်လ (၂၆) ရက်နေ့ ညပိုင်းက ရေတိုက်စားမှုကြောင့် ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူ လမ်းပေါ်ရှိ မိုင်တိုင်အမှတ် ၂၀/ဝ-၁ ရှိ ယာယီ ဘေလီတံတား(ကွင်းကြီးတံတား) နှင့် မိုင်တိုင်အမှတ် ၃၀/ဝ-၁ရှိ ယာယီဘေလီတံတား(မက္ကလာတံတား) စုစုပေါင်း တံတား ၂ စင်း ပျက်စီးခဲ့ပြီး လမ်းပန်းဆက်သွယ်ရေး အခက်တွေ့နေကြောင်း ကြာအင်းဆိပ်ကြီး မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က ဇူလိုင်လ(၂၇) ရက်နေ့တွင် မွန်သတင်းအေဂျင်စီကို ပြောကြားသည်။

    ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်း တံတားရေစီးထဲမျောပါသည့်နေရာ(Facebook)
    ဦးမျိုးအောင်က “ တံတား ၂ စင်း မျောပါသွားတဲ့အတွက် လမ်းကတော့ ပျက်သွားတာပေါ့။လမ်းက သွားလို့မရတော့ဘူးပေါ့။ပြန်ပြုပြင်ဖို့အတွက် တံတားအထူးအဖွဲ့နဲ့ ပစ္စည်းတွေ စုနေတယ်။အဲ့ဒီနားက ရေစီးလည်း သန်တော့ လူတွေက လှေတွေ၊ဖောင်တွေနဲ့ ကူးပြီးတော့ သွားတယ်။ကားတွေကတော့ သွားလို့မရဘူး။ကားတွေက ဘုရားသုံးဆူ သွားမယ့်ကားက သံဖြူဇရပ်ဘက်က လှည့်ပေါ့။မနှစ်က ဒီလောက်အထိ မဖြစ်ခဲ့ဘူး။”ဟု ပြောသည်။

    အဆိုပါ တံတားများကို တံတားအထူးအဖွဲ့ (၁၄) ဖွဲ့ဖြင့် အမြန်ဆုံးပြုပြင်နိုင်ရန် ဆောင်ရွက်နေပြီး ကြာအင်းဆိပ်ကြီး မြို့နယ်က မြေနိမ့်ပိုင်းများတွင်လည်း ရေကျော်နေကြောင်း သိရသည်။

    “ရေတွေကြီးနေတယ်။ တချို့နေရာတွေက မိုးများတော့ ရေဝင်တာကိုး။ ပိုးမွှားအန္တရာယ်တွေ ဂရုစိုက်ကြပါ။မနှစ်က အဲ့လောက်ထိ မဖြစ်ဘူး။ဒီနှစ်က မိုးတွေ စုရွာတဲ့အတွက် ရေက ပြုံလာတာပေါ့။တခြားပျက်စီးတာတော့ မရှိပါဘူး။ ကြာအင်းဆိပ်ကြီးမှာတော့မြေအနိမ့်ပိုင်းလေးတွေပဲ ရေဝင်တာပဲရှိပါတယ်။ကမ်းပါးတွေ ရေမကျော်သေးပါဘူး။” ဟု ဦးမျိုးအောင်က ဆက်ပြောသည်။

    ပျက်စီးသွားသည့် တံတား ၂ စင်းတွင် ကွင်းကြီးတံတားသည် ပေ(၁၀ဝ) ရှည်လျားပြီး ယက္ကလာတံတားကတော့ ပေ (၁၂၀) ရှည်လျားကြောင်းသိရပြီး လမ်းခရီးသွားလာမှု ခေတ္တပြတ်တောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ကရင်ပြည်နယ် လမ်းတံတားဦးစီးဌာနကလည်း ထုတ်ပြန်ထားပြီးဖြစ်သည်။

    မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ဇူလိုင်လ ၂၇ မွန်းလွဲ ၂ နာရီသတင်းထုတ်ပြန်ချက်အရ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ် နှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခဲ့ပြီး မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ဟိုင်းကြီးကျွန်းမြို့တွင် (၇.၃၆)လက်မ၊ ကျိုက်မရော မြို့တွင် (၆.၁၄)လက်မ၊ ရေးမြို့တွင် (၅.၉၀)လက်မ၊ မုဒုံမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့တို့တွင် (၅.၄၇)လက်မစီ၊ ပေါင်မြို့တွင် (၅.၃၅)လက်မ၊ မော်လမြိုင်မြို့တွင် (၄.၈၈)လက်မ၊ ချောင်းဆုံမြို့တွင် (၃.၈၆)လက်မ၊ ပဲခူးမြို့တွင် (၃.၆၆)လက်မ၊ ဘီးလင်းမြို့တွင် (၃.၅၀)လက်မ၊ မြောင်းမြ မြို့တွင် (၃.၄၆)လက်မ၊ မချမ်းဘောမြို့နှင့် ကျိုက္ခမီမြို့တို့တွင် (၃.၃၉)လက်မစီနှင့် သထုံမြို့တွင် (၃.၁၉)လက်မတို့ဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks