spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းကျိုက်ထိုတွင် ရေအားလုံးပြန်ကျ ရေဘေးရှောင်သူများ အိမ်ပြန်ကြပြီ

    ကျိုက်ထိုတွင် ရေအားလုံးပြန်ကျ ရေဘေးရှောင်သူများ အိမ်ပြန်ကြပြီ

    -

    ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် ကျိုက်ထိုမြို့နယ်အတွင်းတွင် ရေအားလုံးပြန်ကျသွားပြီဖြစ်သည့်အတွက် ရေဘေးရှောင်သူများလည်း ဇူလိုင်လ ၂၅ ရက်နေ့ နေ့လည်အချိန်ကစပြီး နေအိမ်သို့ ပြန်ကုန်ကြပြီးဖြစ်သည်ဟု ရေဘေးအကူအညီပေးနေသူတို့နှင့် ဒေသခံတို့ထံမှ သိရသည်။

    မိုးအဆက်မပြတ်သည်းထန်စွာရွာသွန်းမှုနှင့် တောင်ကျချောင်းရေများကြောင့် ကျိုက်ထိုမြို့ပေါ် တိုးချဲ့ရပ်ကွက်များဖြစ်သည့် ကော့စနိုင်ရပ်ကွက်၊ ဇေယျာမွန်ရပ်ကွက်နှင့် သမလရပ်ကွက်တို့တွင် ဇူလိုင်လ ၂၀ ရက်နေ့က ရေလွှမ်းခံရပြီး ဒေသခံ ၄၀ဝ၀ နီးပါးတို့က ဘေးလွတ်ရာ ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွင် ပြောင်းရွှေ့ ခိုလှုံနေကြရသည်။

    ကျိုက်ထိုတွင် ဇူလိုင် ၂၁ ရေကြီးမှုအခြေအနေ(Facebook)
    “ရေတွေ အားလုံးကျသွားပြီး လမ်းတွေမှာလဲ ရေမရှိတော့ဘူး ရေးဘေးရှောင်းသူတွေလည်း မနေ့က (ဇူလိုင် ၂၅) နေ့လည် ထမင်းစားပြီး ထောက်ပံ့ပစ္စည်းတွေဝေပေးပြီးရင် အားလုံး အိမ်ပြန်ကြတယ်၊ စခန်းတွေလည်း အကုန်သိမ်းလိုက်ပြီ” ဟု ကျိုက်ထို ကော့စနိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်စိုးက ပြောသည်။

    ကျိုက်ထိုတွင် ဇူလိုင်လ ၂၀ ရက်နေ့ကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် တောင်ကျရေကြောင့် ရပ်ကွက်အချို့ ရေမြုပ်ခြင်း၊ မြေပြိုမှုကြောင့် လူနေအိမ် ၇ လုံး ပြိုကျခြင်း၊ ၈ လုံး ပျက်စီးခြင်းအပြင် ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမပေါ်တွင်လည်း ရေလျှံမှုဖြစ်ပွားခဲ့ပြီး ကားသွားလာဖြတ်သန်းမှု ယာယီရပ်ဆိုင်းခဲ့ရသည်ထိဖြစ်ပွားခဲ့သည်။

    ထိုအတူ ဘီးလင်းနှင့် သထုံတို့တွင်လည်း ရေကြီး ရေလျှံမှုကြောင့် ဒေသခံ ၉၀ဝ ကျော်တို့ကို ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၇ ခုတို့တွင် ပြောင်းရွှေ့ထားခဲ့ရသည်။

    မွန်ပြည်နယ် ကျိုက်ထို၊ ဘီးလင်းနှင့် သထုံမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ရေကြီး ရေလျှံမှုကြောင့် ဒေသခံ ၅၀ဝ၀ နီးပါး ဘေးလွတ်ရာသို့ ယာယီပြောင်းရွှေ့ခဲ့ရသည်ဟု ပြည်နယ်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ငြိမ်းချမ်းကျော်က ပြောသည်။

    ပြည်နယ်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနရှိ စာရင်းအရ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် ရေကြီး ရေလျှံမှုကြောင့် ကျိုက်ထိုတွင် ရေဘေးကယ်ဆယ်ရေးစခန်း ၆ ခု၊ လူဦးရေ ၃၉၁၆ ဦး၊ မြေပြိုကယ်ဆယ်ရေးစခန်း ၁ ခု၊ လူဦးရေ ၉၁ ဦး၊ ဘီးလင်းတွင် ကယ်ဆယ်ရေးစခန်း ၅ ခု၊ လူဦးရေ ၆၁၉ ဦး၊ သထုံတွင် ကယ်ဆယ်ရေးစခန်း ၂ ခု၊ လူဦးရေ ၃၂၉ ဦးတို့ ဘေးလွတ်ရာ ခိုလှုံခဲ့ကြရသည်။

    ရေးကြီး ရေလျှံမှုကြောင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ခိုလှုံနေကြရသူများကို မွန်ပြည်နယ် ဝန်ကြီးချုပ်ကိုယ်တိုင် သွားရောက်ပြီး ကူညီထောက်ပံ့မှုများပေးအပ်ခဲ့ကြောင်း သက်ဆိုင်ရာဌာန၊ ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်အသင်း၊ လူမှုကူညီကယ်ဆယ်ရေးအသင်းနှင့် မြို့ပေါ်ကလူထုတွေကလည်း ကူညီဆောင်ရွက်ပေးသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ကျိုက်ထိုမြို့ပေါ် ရပ်ကွက်တို့တွင် နှစ်စဉ်နှစ်တိုင်း ရေကြီး ရေလျှံမှုဒဏ်ခံရလေ့ရှိသော်လည်း ဒေသခံ ထောင်နှင့်ချီပြီး ဘေးလွတ်ရာ တိမ်းရှောင်ရသည့် ယခုနှစ်လိုအဖြစ်မျိုးကတော့ ၁၉၉၇ ခုနှစ်၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တုန်းကလည်း ဆိုးဆိုးရွားရွား ရေလွှမ်းခံခဲ့ရဖူးသည်ဟု ဒေသခံတို့က ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks