Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးမွန်လွှတ်တော်သို့ တိုင်ကြားသည့်ကိစ္စတွင် မြေယာအငြင်းပွားမှုပြဿနာ အများဆုံးဟုဆို

မွန်လွှတ်တော်သို့ တိုင်ကြားသည့်ကိစ္စတွင် မြေယာအငြင်းပွားမှုပြဿနာ အများဆုံးဟုဆို

-

မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ၊ အသနားခံစာများလေ့လာသုံးသပ်စိစစ်ရေးကော်မတီသို့ လူထုမှ တိုင်ကြားလာသည့် တိုင်ကြားစာများထဲတွင် မြေယာအငြင်းပွားမှုပြဿနာသည် အများဆုံးဖြစ်သည်ဟု တိုင်ကြားစာ၊ အသနားခံစာများလေ့လာသုံးသပ်စိစစ်ရေးကော်မတီထံမှ သိရသည်။

မွန်လွှတ်တော် တိုင်ကြားစာ၊ အသနားခံစာများ လေ့လာသုံးသပ်စိစစ်ရေးကော်မတီ စတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၆ ခုနှစ် မတ်လမှ ၂၀၁၇ ခုနှစ် ဇူလိုင်လပထမအပတ်ခန့်ထိ ကော်မတီသို့ တိုက်ရိုက်တိုင်ကြားသည့် စာပေါင်း ၉၀ဝ ကျော်ရှိပြီး လွှတ်တော်ဥက္ကဌမှလွှဲပေးသည့်တိုင်ကြားစာပါဆိုလျှင် တိုင်ကြားစာပေါင်း ၁၃၀ဝ ကျော်ရှိကာ ၄င်းထဲတွင် မြေယာအငြင်းပွားမှုကိစ္စအများဆုံး ဖြစ်သည်။

တိုင်ကြားစာ၊ အသနားခံစာများလေ့လာသုံးသပ်စိစစ်ရေးကော်မတီအစည်းအဝေး(Aung Kyaw Thu FB)
“တိုင်ကြားစာထဲမှာ အဓိကကတော့ မြေယာအငြင်းပွားမှုရှိမယ်၊ ပြီးတော့ အုပ်ချုပ်ရေးမှူးတွေကို တိုင်တာရှိမယ်၊ နောက် တရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့ကိစ္စရပ်တွေ အဲဒါတွေက ကော်မတီအနေနဲ့ ဘာမှဖြေရှင်းဆောင်ရွက်ပေးလို့မရဘူး မှတ်တမ်းပဲတင်ထားပေးတယ်၊ တော်တော်များများကတော့ ဖြေရှင်းပေးတယ် သက်ဆိုင်ရာဌာနတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီးတော့ လုပ်ခဲ့တဲ့ကိစ္စက အကုန်လုံး ၇၀ ရာခိုင်နှုန်းလောက်ကတော့ အကောင်အထည်ဖော်ဖြစ်တယ်၊ တချို့ လွှတ်တော်က လုပ်လို့မရပေမယ့် သက်ဆိုင်ရာအစိုးရအဖွဲ့က လုပ်ပေးလို့ရရင် သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ဟာကတော့ အများဆုံးပေါ့” ဟု တိုင်ကြားစာ၊ အသနားခံစာများ လေ့လာသုံးသပ်စိစစ်ရေးကော်မတီ ဥက္ကဌ ဦးအောင်ကျော်သူက ပြောသည်။

တိုင်ကြားစာ၊ အသနားခံစာများ လေ့လာသုံးသပ်စိစစ်ရေးကော်မတီအနေဖြင့် တိုင်ကြားစာကိစ္စများကို ဖြေရှင်းဆောင်ရွက်ရာတွင် မြေပြင်ထိ ကွင်းဆင်းစစ်ဆေးရမည့်ကိစ္စများကို ကွင်းဆင်းစစ်ဆေးပြီး ဖြစ်ရပ်များ အပေါ်အခြေခံကာ ပြည်နယ်အစိုးရအဖွဲဲ့ရုံး၊ သက်ဆိုင်ရာတာဝန်ရှိအဖွဲ့တို့နှင့် ညှိနှိုင်းတိုင်ပင်ကာ ဖြေရှင်းပေးကြသည်။

မွန်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဌ ဦးအောင်နိုင်ဦးကလည်း “တိုင်ကြားတဲ့စာတွေက မြေယာပြဿနာက အများဆုံးဘဲ၊ ကျနော်တို့ဆီ တိုင်ကြားစာရောက်လာရင် ကျနော်တို့က သက်ဆိုင်ရာ အစိုးရအဖွဲ့တွေကို အသိပေးတယ်၊ အကြံပေးတယ်၊ လုပ်ပေးရမယ့်အပိုင်းကတော့ သူတို့ (အစိုးရ) အပိုင်းပေါ့” ဟု ပြောသည်။

မွန်လွှတ်တော်ရေးရာကော်မတီတွင် ကိုယ်စားလှယ်စီစစ်ရေးကော်မတီ၊ တိုင်းရင်းသားလူမျိုးများရေးရာကော်မတီ၊ ဥပဒေအကြံပြုစီစစ်ရေးကော်မတီ၊ ဘဏ္ဍာရေး စီမံကိန်းနှင့် စီးပွားရေးကော်မတီ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ၊ တိုင်ကြားစာနှင့် အသနားခံစာများ လေ့လာသုံးသပ်စီစစ်ရေးကော်မတီ စသည့် ကော်မတီ ၆ ရပ်ကို ဖွဲ့စည်းခဲ့သည်။

ပြီးခဲ့သည့် ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော်သက်တမ်း ၅ နှစ်အတွင်း လွှတ်တော်သို့ ပြည်သူများမှ တိုင် ကြားလာသည့် တိုင်ကြားစာ စုစုပေါင်း ၁၆၆၁ စောင်ရှိခဲ့သည်ဟု ပြည်နယ်လွှတ်တော်ရုံးထံမှ သိရသည်။

အဆိုပါတိုင်ကြားစာများအနက်မှ အစိုးရနှင့် ညှိနှိုင်းတိုင်ပင်ပြီး တိုင်ကြားစာ ၃၇၀ စောင်ကို ဖြေရှင်းပေးနိုင်ခဲ့သည်ဟု ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် မှတ်တမ်းအရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts