Thursday, March 12, 2026
More
    spot_img
    Homeသတင်းဖားဥတစ်မျိုးစားသုံးမိသူ ၂ ဦး အစာအဆိပ်သင့်သေဆုံး

    ဖားဥတစ်မျိုးစားသုံးမိသူ ၂ ဦး အစာအဆိပ်သင့်သေဆုံး

    -

    ဖားဥတစ်မျိုးစားသုံးမိရာမှ လူ၂ ဦး သေဆုံးကာ ၂ ဦးမှာ အတွင်းလူနာအဖြစ် ကုသမှု ခံယူနေရသည့် အစာအဆိပ်သင့်မှုတစ်ခု ဇူလိုင်လ ၁၅ ရက်နေ့လည်ပိုင်းတွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၌ ဖြစ်ပွားခဲ့သည်။

    မွန်ပြည်နယ်၊ ရေးမြို့နယ် အရှေ့ပိုင်း ဝယ်ဇင်ကျေးရွာအနီး ဥယျာဉ်ခြံတွင် အလုပ်လုပ်နေကြသည့် ရေးမြို့နယ် အနောက်ဖက် အဘော်ကျေးရွာမှ ခြံလုပ်သား လူငယ်များ ဖြစ်သည့် ဝင်းဦး (၁၈ နှစ်) နှင့် ဇော်မင်းထက် (၁၉ နှစ်) တို့ အစာအဆိပ်သင့်သေဆုံးခဲ့ပြီး၊ စိုက်ချမ်း (၂၄ နှစ်) နှင့် ကိုကရင် (ခ) အောင်မြင့်လေးတို့မှာ ရေးမြို့ ပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသမှု ခံယူနေရသည်။

    ရေးမြို့နယ်ပြည်သူ့ဆေးရုံ(MNA)
    ထိုဖားဥကို မစားရဲသည့်အတွက် အစာအဆိပ်သင့်ခြင်းမှ ကင်းလွတ်သူ နိုင်ကျဲ က “နေ့လည် ထမင်းဟင်းချက်တဲ့အချိန်မှာ အဆာပြေပေါ့၊ လူငယ်တွေ ဆိုတော့ အဲဒီဖားဥကို ကင်ပြီး စားကြတာ။ ထမင်းစားပြီးချိန်မှာ ပါးစပ်မှာ အမြှုပ်တွေ ထွက်ပြီး အကြောဆွဲသလို ခြေလက်တွေ တောင့်လာတယ်၊ တစ်ယောက်က ဆေးရုံ မရောက်ခင် ဆုံးသွားတယ်။ ဆေးရုံရောက်ပြီးတော့ တစ်ယောက်ထပ်ဆုံးတယ်” ဟု ပြောသည်။

    ၎င်းတို့ စားမိသည့် ဖားမှာ ဒေသအခေါ် ‘ရေခွေး’ ဖြစ်သည်ဟု နိုင်ကျဲ က ပြောသည်။ ရေးခွေးသည် မျက်လုံးပြူးကျယ်ပြီး၊ ဖားနှင့် ပုံသဏ္ဍာန်တူကာ ခွေးကဲ့သို့ ဟောင်တတ်သည့် အဆိပ်ပြင်း ရေနေသတ္တဝါတစ်မျိုး ဖြစ်သည်။

    ရေးမြို့ ပြည်သူ့ဆေးရုံမှ တာဝန်ကျ ဆရာဝန်တစ်ဦးက ”လူနာရှင်တွေက ဖားဥစားတယ်လို့တော့ ပြောတယ်။ လောလောဆယ်မှာတော့ အစာအဆိပ်သင့်တယ်လို့ပဲ သုံးသပ်ရပါတယ်။ ဘယ်လိုအဆိပ်မျိုးတော့ မသိသေးပါဘူး၊ ဒါမျိုးတော့ မကြုံဖူးပါဘူး” ဟု ပြောကြားသည်။

    ဤအစာအဆိပ်သင့် လူနာများတွင် သွေးပေါင်ချိန် မူမမှန်ခြင်း၊ နှလုံးခုန်နှုန်း နှေးခြင်း စသည့်လက္ခဏာများကို တွေ့ရပြီး၊ ကုသဆဲ လူနာ ၂ ဦးကို နှလုံးထိန်းဆေးများ ပေးကာ၊ စောင့်ကြည့်နေရကြောင်း အထက်ပါ တာဝန်ကျဆရာဝန်က ပြောသည်။

    ရေးမြို့ ပြည်သူ့ဆေးရုံအနေနှင့် အစာအဆိပ်သင့် သေဆုံးသူ ၂ ဦး၏ အစာအိမ်အရည်အား ရယူကာ၊ ဆေးပညာ အထောက်အကူအတွက် အောက်မြန်မာပြည် ဓာတုဗေဒဝန်ရုံးသို့ ပေးပို့သွားမည်ဟု တာဝန်ကျ ဆရာဝန်ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks