Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးမွန်ပြည်နယ် စည်ပင်သာယာရေးနည်းဥပဒေကို (၃) လအတွင်း အပြီးသတ်ရေးဆွဲမည်

မွန်ပြည်နယ် စည်ပင်သာယာရေးနည်းဥပဒေကို (၃) လအတွင်း အပြီးသတ်ရေးဆွဲမည်

-

မွန်ပြည်နယ်လွှတ်တော်မှ အတည်ပြုပြဌာန်းပြီးသော ပြည်နယ် စည်ပင်သာယာရေး ဥပဒေအတွက် ကျန်ရှိသည့်နည်းဥပဒေကို ၃ လခန့် အချိန်ယူပြီး အပြီးသတ် ပြုစုနိုင်မည်ဟု မွန်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်က ဆိုသည်။

“အခုက နည်းဥပဒေအဟောင်းကို လေ့လာနေဆဲပါ။ နှစ်လအတွင်း ပြီးစီးဘို့ကိုတော့ ကြိုးစားသွားမယ်ပေါ့နော်။ မပြီးရင် နှစ်လခွဲ သုံးလအတွင်းတော့ ပြီးသွားနိုင်မှာပါ” ဟု စည်ပင်သာယာရေးဝန်ကြီးက ပြောသည်။

မွန်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်(MNA)

ယခုပြန်လည်ပြင်ဆင်ရေးဆွဲမည့် နည်းဥပဒေသစ်တွင် လမ်းဘေးကျူးကျော်ဆိုင်များအား တားမြစ်သည့်အမိန့်အပြင် ဒဏ်ငွေပေးဆောင်စေခြင်း၊ တရားရေးအမိန့်များနှင့် ဖျက်သိမ်းခြင်းတို့ ပါလာမည်ဖြစ်သောကြောင့် ပြည်သူများသည် အကျိုးခံစားရမည်ဖြစ်ကြောင်း စည်ပင်သာယာရေးဝန်ကြီးက ဆက်ပြောသည်။

သူက “စည်ပင်သာယာရေးကော်မတီရွေးချယ်ရာမှာ ဥပဒေအသစ်က ပွင့်လင်းမြင်သာမှုရှိမှာဖြစ်ပြီး အောက်ခြေမှ အဆင့်ဆင့် ရွေးချယ်တဲ့စနစ်ဖြစ်တဲ့အတွက် အထက်ကနေ ချပေးတဲ့ ဗဟိုဦးစီးစနစ်ပါရှိတော့မည်မဟုတ်” ဟု ဆိုသည်။

ပြန်လည်ရေးဆွဲခဲ့သည့် စည်ပင်သာယာရေးဥပဒေသစ်အား မွန်ပြည်နယ်လွှတ်တော်မှ ၂၀၁၇၊ ဇွန် ၂၁ ရက်နေ့တွင် အတည်ပြုခဲ့ပြီးဖြစ် သောကြောင့် သက်ဆိုင်ရာမြို့နယ် စည်ပင်သာယာရေးကော်မတီများကိုလည်း မကြာမီအသစ်ပြန်လည်ရွေးချယ်လိမ့်မည်ဟု ယူဆရ ကြောင်း ရေးမြို့နယ်စည်ပင်သာယာ ရေးကော် မတီအဖွဲ့ဝင် ဦးအောင်သန်းလွင်က ပြောသည်။

ဦးအောင်သန်းလွင်က “အရင်ဥပဒေမှာလဲ မိမိပိုင်နက်မြေမဟုတ်ဘဲနဲ့ ကျူးကျော်နေတဲ့ဆိုင်ခန်းအားလုံးကို စည်ပင်သာယာရေးဥပဒေမှာ တရားစွဲဆိုပိုင်ခွင့်ရှိတယ်။ ဆိုင်ခန်းတွေကိုလဲ တရားစွဲတာရှိခဲ့တယ်” ဟု ဆက်ပြောသည်။

အဆိုပါ မွန်ပြည် နယ်စည်ပင်သာယာရေး နည်းဥပဒေအား မွန်ပြည်နယ် အစိုးရအဖွဲ့မှ တရားသူ ကြီးချုပ်၊ ရှေ့နေချုပ်နှင့် ဥပဒေပညာရှင်များပါဝင်သည့်အဖွဲ့မှ ရေးဆွဲလျက်ရှိသည်ဟု သိရသည်။

မွန်ပြည်နယ်စည်ပင်သာယာရေးဥပဒေကို ၂၀၁၂ ခုနှစ်တွင် ပထမအကြိမ်ရေးဆွဲအတည်ပြုပြဌာန်းခဲ့ပြီးနောက် ၂၀၁၃ ခုနှစ်၊၂၀၁၅ ခုနှစ်၊ ၂၀၁၇ ခုနှစ်များတွင် ပြန်လည်ဖြည့်စွက်ပြီး ဆက်လက်အတည်ပြုခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts