Homeသတင်းနိုင်ငံရေးဆွေးနွေးမှုများတွင် ၃ ပွင့်ဆိုင်ဖြစ်သင့်ကြောင်း UNFC ဥက္ကဌပြော

နိုင်ငံရေးဆွေးနွေးမှုများတွင် ၃ ပွင့်ဆိုင်ဖြစ်သင့်ကြောင်း UNFC ဥက္ကဌပြော

-

နိုင်ငံရေးဆွေးနွေးမှုများတွင် အစိုးရ၊ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားလက်နက်ကိုင် EAOs များ ၃ ပွင့်ဆိုင်ဖြစ်သင့်ကြောင်း၊ ထို့ကြောင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို ပြန်လည်သုံးသပ်သင့်ကြောင်း ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဥက္ကဌ နိုင်ဟံသာက ဇူလိုင်လ ၁၀ ရက်နေ့ မွန်သတင်းအေဂျင်စီနှင့်တွေ့ဆုံမေးမြန်းချက်အစီအစဉ်တွင် ပြောကြားလိုက်သည်။

နိုင်ဟံသာက “ကျနော်တို့ NCCT နဲ့ UPWC ဆွေးနွေးခဲ့စဉ်တလျောက်လုံးမှာ နိုင်ငံရေးဆွေးနွေးပွဲတွေကို ၃ ပွင့်ဆိုင်အနေအထားနဲ့ သွားကြမယ်လို့ ပြောဆိုထားကြတယ်၊ လက်ရှိမှာ ၅ ပွင့်ဆိုင်ဖြစ်နေသလို နောက်ထပ်အရန်အစုအဖွဲ့ ၂ ခုလည်းပါဝင်နေတဲ့အတွက် ၇ ပွင့်ဆိုင်လိုလည်း ဖြစ်နေပါတယ်၊ ဒါကို တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကနေကြည့်ရင် တန်းတူညီမျှမှုမရှိဘူး” ဟု ဆိုသည်။

UNFC ဥက္ကဌ နိုင်ဟံသာနှင့် မွန်သတင်းအေဂျင်စီအင်တာဗျူးအစီအစဉ်(MNA)
ယခင်သမ္မတဦးသိန်းစိန်လက်ထက် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နှင့် EAOs တို့၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့ NCA မူကြမ်းရေးဆွဲခဲ့စဉ်ပြောဆိုခဲ့ကြသည့် အစိုးရ၊ လွှတ်တော်၊ တပ်မတော်ပါဝင်သော အစိုးရတစ်စု၊ နိုင်ငံရေးပါတီများတစ်စုနှင့် တိုင်းရင်းသားလက်နက်ကိုင်များတစ်စုဖြစ်သည့် ၃ ပွင့်ဆိုင်နိုင်ငံရေးဆွေးနွေးမှုအနေအထားသတ်မှတ်ခဲ့ကြောင်း၊ သို့သော် လက်ရှိပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပခဲ့ရာတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့များ ၅ ပွင့်ဆိုင်ဖြစ်သွားသဖြင့် မျှတသည့်နိုင်ငံရေးဆွေးနွေးပွဲများဟု မဆိုနိုင်ကြောင်း ၄င်းကထောက်ပြသည်။

“လက်ရှိမှာ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ပဲ NCA ထိုးဖြစ်သေးတာမို့ အင်အားနည်းသေးတယ်လို့ ဆိုနိုင်တယ်၊ နိုင်ငံရေးမူဘောင် Political Frame Work ရေးဆွဲတဲ့အခါမှာလည်းပဲ အင်အားကြီးတဲ့ဘက်ကနေ ဖိအားပေးတာနဲ့ ၅ ပွင့်ဆိုင်တွေ ဖြစ်လာရတယ်၊ အရင်ညောင်နှစ်ပင်ညီလာခံလိုပဲ အာဏာရှိသူတွေဖြစ်စေချင်သလို ဖိအားတွေနဲ့ အဆုံးအဖြတ်ရယူလိုက်တဲ့အတွက် ပြီးခဲ့တဲ့ ၂၁ ရာစုပင်လုံညီလာခံမှာ မကျေလည်မှုတွေ ဖြစ်လာတာလို့ ကြားသိရတယ်” ဟု နိုင်ဟံသာက ဆက်ပြောသည်။

ထို့အတူ NCA လက်မှတ်ရေးထိုးပြီး တိုင်းရင်သားလက်နက်ကိုင် ၈ ဖွဲ့ NCA-S EAO တို့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST မျက်နှာစုံညီ အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဇွန်လ ၂၈ ရက်နေ့မှ ဇူလိုင်လ ၂ ရက်နေ့အထိ ပြီးခဲ့သည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုလုံးကို ပြန်လည်သုံးသပ်ကြပြီး NCA အပါအဝင် နိုင်ငံရေးမူဘောင် ပြင်ဆင်နိုင်ရန် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်သည်ဟု သိရသည်။

NCA လက်မှတ်ရေးထိုးထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ရဲဘော်သံခဲက “Review ဆိုတာကတော့ Process တစ်ခုလုံးပေါ့။ ဖြစ်ခဲ့တာကိုလည်း ပြန်ပြီးသုံးသပ်မှာ ဖြစ်သလို တွေ့ရှိချက်တွေကို ပြန်ပြီးတော့မှ ရှေ့ဆက်အလုပ်လုပ်နိုင်ရေးအတွက် ဆုံးဖြတ်ချက်တွေလည်း ချရမယ်၊ ဇူလိုင် ၂၀ ရက်မှာ စလုပ်မယ်။ အဲဒီလုပ်ပြီး ရလာတဲ့ ဟာတွေကို ကျွန်တော်တို့ ဒီရှစ်ဖွဲ့ ခေါင်းဆောင်တွေက အတည်ပြုပြီးတာနဲ့ အစိုးရ၊ တပ်မတော် တာဝန်ရှိတဲ့သူတွေနဲ့လည်း ညှိရမှာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ NCA ကို လက်မှတ်မရေးထိုးရသေးသော်လည်းပဲ ဆက်ညှိနေတဲ့ အဖွဲ့အစည်းတွေနဲ့လည်း ညှိရမှာ ဖြစ်တယ်” ဟု ပြောသည်။

ထို့အတူ လာမည့် သြဂုတ်လတွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသား လူမှုအဖွဲ့အစည်းများပါဝင်သည့် ထိပ်သီးညီလာခံတစ်ရပ်ခေါ်ယူကျင်းပ၍ လက်ရှိမြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုလုံးကို ပြန်လည်သုံးသပ်ပြီး အတည်ပြုချက်ရယူမည်ဟု သိရသည်။

လက်ရှိတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတွင် NCA လက်မှတ်ရေးထိုးပြီး PPST ၊ NCA ရေးထိုးရန်ညှိနှိုင်းဆဲ UNFC နှင့် NCA ပြင်ပမှငြိမ်းချမ်းရေးဖော်ဆောင်သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုကော်မတီ Federal Political Negotiation Consultative Committee –FPNCC မြောက်ပိုင်းအဖွဲ့ စသည့်တပ်ပေါင်းစု ၃ ဖွဲ့ဖြစ်ပေါ်နေကြောင်း တွေ့ရှိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts