spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းထိုင်းအလုပ်သမားဥပဒေသစ် အနည်းငယ်ဖြေလျော့မှုရှိလာ

    ထိုင်းအလုပ်သမားဥပဒေသစ် အနည်းငယ်ဖြေလျော့မှုရှိလာ

    -

    မကြာမီကထုတ်ပြန်လိုက်သည့် ထိုင်းအလုပ်သမားဥပဒေသစ်ကြောင့် ထောင်နှင့်ချီသော မြန်မာအလုပ်သမားများအလုံးအရင်းဖြင့် အိမ်ပြန်လျက်ရှိရာ ထိုင်းအစိုးရအနေဖြင့် ၄င်းဥပဒေသစ်ကို လာမည့် ၂၀၁၇ ခုနှစ်ဒီဇင်ဘာလကုန်အထိ ရက်ပေါင်း ၁၈၀ ဆိုင်းငံ့လိုက်ပြီးနောက် အနည်းငယ်ဖြေလျော့လာသည်ကို တွေ့ရသည်။

    “မနေ့က ထိုင်းအစိုးရအစည်းအဝေးကို ကျနော်တက်ရောက်ခဲ့တယ်၊ တချို့အချက်တွေကို ဖြေလျော့ပေးလာတယ်၊ ဥပမာ-အလုပ်သမားတွေအနေနဲ့ အခုကိုယ်အလုပ်လုပ်နေတဲ့အလုပ်နေရာ၊ အလုပ်ရှင်နာမည် ပြောင်းရမယ်ဆိုရင် အရင်အလုပ်ရှင်ဟောင်းရဲ့ထောက်ခံချက် မလိုအပ်တော့ဘူး၊ သွေးလည်းစစ်စရာ မလိုတော့ဘူး” ဟု မြန်မာအလုပ်သမားများနှင့် အလုပ်လုပ်ကိုင်နေသည့် Siam Hongsar & AEC Co. Ltd ပိုင်ရှင် မင်းကျော်သီဟက ပြောသည်။

    ထိုင်းမှပြန်လာသည့် မြန်မာအလုပ်သမားများ(Facebook)

    အဆိုပါ အငြင်းပွားစရာ ထိုင်းအလုပ်သမားဥပဒေသစ်နှင့်ပတ်သက်ပြီး ထိုင်းအစိုးရအဖွဲ့တာဝန်ရှိပုဂ္ဂိုလ်များ၊ လုပ်ငန်းရှင်များ၊ ကုမ္ပဏီပိုင်ရှင်များ၊ အလုပ်သမားအေဂျင်စီများ၊ အလုပ်သမားအရေး လှုပ်ရှားသူများနှင့် NGO များ စသည့်လူဦးရေတစ်ထောင်ကျော်တို့သည် ထိုင်းအလုပ်သမားဝန်ကြီးဌာနတွင် ဇူလိုင်လ ၅ ရက်နေ့က နှစ်ကြိမ်ခွဲပြီး နှီးနှောဖလှယ်ပွဲ ကျင်းပခဲ့ရာ အထက်ပါဖြေလျော့မှုများ တွေ့ရှိလာရသည်ဟု မင်းကျော်သီဟက ဆိုသည်။

    မင်းကျော်သီဟက “ဘာအထောက်အထားစာအုပ်မှမရှိတဲ့ အလုပ်သမားတွေအနေနဲ့ မြန်မာပြည်မပြန်ရဘဲနဲ့ ထိုင်းကနေပြီး လိုအပ်တဲ့ပတ်စပို့ စာရွက်စာတမ်းတွေလုပ်နိုင်မယ်၊ ဒါတွေကို အချိန်ယူဖို့ ၆ လအထိ ဆိုင်းငံ့ပေးလိုက်တာ ဖြစ်တယ်၊ မနေ့က ထိုင်းအစိုးရအမိန့်စာထုတ်လိုက်ပါပြီ” ဟု ဆက်ပြောသည်။

    ထို့အတူ ထိုင်းဝန်ကြီးချုပ် ဖရာယုချန်အိုချာ Prayut Chan-o-cha က အလုပ်သမားဥပဒေသစ်ကို ပြင်ဆင်သွားမှာမဟုတ်သလို ဖျက်သိမ်းလိမ့်မည်မဟုတ်ကြောင်း၊ လိုအပ်သည့်ပြင်ဆင်မှုများအတွက် ရက်ပေါင်း ၁၈၀ သည် လုံလောက်သည့်အချိန်အပိုင်းအခြား ဖြစ်သင့်ကြောင်း ဗုဒ္ဓဟူးနေ့ပြောကြားချက်ကို Bangkok Post သတင်းစာတွင် ရေးသားဖော်ပြထားသည်။

    ထို့အတူ မြန်မာအစိုးရ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက နေပြည်တော် အလုပ်သမား ဝန်ကြီးရုံး၌ ဇူလိုင်လ ၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာနိုင်ငံအတွင်း ပြန်မရောက်သေးသည့် ယာယီ ပတ်စပို့သက်တမ်းကုန် မြန်မာလုပ်သားများအား CI (Certificate of Identity) ကတ်များ ထုတ်ပေးသွားမည်ဟု ပြောကြားခဲ့သည်။

    ဝန်ကြီး ဦးသိန်းဆွေက “ထိုင်းနိုင်ငံက ပန်းရောင်ကတ်လို့ခေါ်တဲ့ အလုပ်လုပ်ကိုင်ခွင့် လက်မှတ် – ကျွန်တော်တို့နိုင်ငံသားတွေ မှန်တယ်ဆိုရင် CI ကတ်တွေ ထုတ်ပေးပါတယ်၊ တချို့စခန်းနဲ့ဝေးပြီး လာဖို့ခက်နေသူတွေဆီကိုလည်း Mobile team အနေနဲ့ သူတို့ရှိတဲ့ နေရာအထိ သူတို့အားချိန်တွေမှာ သွားပြီးတော့ စိစစ်ထုတ်ပေးဖို့ စီစဉ်ထားပါတယ်၊ တချို့ထိုင်းမှာရောက်နေတဲ့ သက်တမ်းကုန်နေတဲ့ ယာယီနိုင်ငံကူး လက်မှတ်ကိုင်ထားသူတွေက စိုးရိမ်နေတာ ရှိပါတယ်၊ စိုးရိမ်စရာ မရှိပါဘူး၊ သူတို့လက်မှတ်တွေကို CI နဲ ့ပြောင်းပြီး တရားဝင် အသိအမှတ်ပြုအောင် လုံလုံခြုံခြုံနေနိုင်အောင် လုပ်ပေးဖို့ အမြန်ဆုံး စီစဉ်နေပါတယ်” ဟု ပြောသည်။

    မြန်မာနိုင်ငံ အတွင်းသို့ပြန်လည်ရောက်ရှီလာသည့် အလုပ်သမားဦးရေမှာ ဇူလိုင်လ ၅ ရက်နေ့ နံနက် ၁၀းဝဝ နာရီအထိ ၃၄,ဝ၆၉ ဦး ရှိကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့သော်လည်း ထိုင်းနိုင်ငံဘက်မှသတင်းအရ မြန်မာနိုင်ငံသို့ပြန်သွားသည့် အလုပ်သမား ၇ သောင်းခန့်ရှိပြီဟု သိရသည်။

    ထိုင်းနိုင်ငံသား မွန်အမျိုးသား Nai Sunthorn Sripanngern က “ဒီဥပဒေသစ်အတိုင်းဆိုရင် ထိုင်းအလုပ်ရှင်ရော မွန်ဗမာအလုပ်သမားတွေအဖို့ပါ ဘာမှအကျိုးအမြတ်မကျန်ရှိတော့ပါဘူး၊ ကြားကပွဲစားတွေ၊ အေးဂျင့်တွေ၊ သက်ဆိုင်တဲ့ အစိုးရဌာနတွေ၊ စာရွက်စာတမ်းတွေရရှိဖို့ လုံးပမ်းနေရတာနဲ့ပဲ အလုပ်သမားတွေရတဲ့ငွေတွေ အကုန်လုံး ကုန်ဆုံးသွားမှာပဲ” ဟု ဆိုသည်။

    ထိုင်းနိုင်ငံ၏ အိမ်နီးချင်းအလုပ်သမားဥပဒေသစ်အရ အလုပ်လုပ်ကိုင်ခွင့်မရှိသော နိုင်ငံခြားသားများလက်ခံသူ ၊ အလုပ်လုပ်ကိုင်ခွင့်မရှိသည့် နိုင်ငံခြားသားအလုပ်သမားတစ်ဦး ဒဏ်ငွေ ဘတ် ၄ သိန်းမှ ၈ သိန်းအထိ၄င်း၊ လုပ်ကိုင်ခွင့်မရှိသည့် အလုပ်ကိုခိုင်းစေပါက ဒဏ်ငွေ ဘတ် ၄ သိန်းအထိ၄င်း၊ အလုပ်လုပ်ကိုင်ခွင့်မရှိသည့် နိုင်ငံခြားသားများ သို့တည်းမဟုတ် လိုင်ကိုင်ခွင့်မပြုသည့်အလုပ်ကို လုပ်ကိုင်ပါက အမြင့်ဆုံးထောင်ဒဏ် ၅ နှစ်၊ ဒဏ်ငွေ ဘတ် ၂ ထောင်မှ ၁ သိန်းအထိ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း Nai Sunthorn Sripanngern က ပြောသည်။

    ထိုင်းနိုင်ငံတွင် အိမ်နီးချင်းအလုပ်သမားများအတွက် ကုန်တင်ကုန်ချ ကူလီထမ်းခြင်း၊ ပန်းရန်၊ ပင်လယ်ငါးဖမ်းခြင်း၊ ခြံအလုပ်သမားနှင့် အိမ်စေအဖြစ်သာ အလုပ်လုပ်ကိုင်ပြုထားသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks