Homeသတင်းလက်နက်/တပ်ဖျက်သိမ်းသည့်လမ်းကြောင်းတွန်းပို့သည့်အခြေအနေမဖြစ်သင့်ဟု PPST ပြော

လက်နက်/တပ်ဖျက်သိမ်းသည့်လမ်းကြောင်းတွန်းပို့သည့်အခြေအနေမဖြစ်သင့်ဟု PPST ပြော

-

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အရ လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းရေးတွင် ဖက်ဒရယ်စနစ်နှင့်ကိုက်ညီသည့် လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး SSR လုပ်ငန်းစဉ်များကိုမတွေ့ရဘဲ တစ်ခုတည်းသောတပ်မတော်ဖြစ်ရန် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို လက်နက်ဖြုတ်၊ တပ်ဖျက်၊ ပြန်လည်ပေါင်းစည်းရေးမူ DDR လမ်းကြောင်းသို့ တွန်းပို့နေသည့်အခြေအနေ မဖြစ်သင့်ဟု NCA လက်မှတ်ရေးထိုးပြီးသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ၏ ချင်းမိုင်မြို့ သတင်းစာရှင်းလင်းပွဲတွင် ချင်းအမျိုးသားတပ်ဦး CNF ဥက္ကဋ္ဌက ပြောကြားလိုက်သည်။

“လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းခြင်းနဲ့ ပတ်သက်၍ ဦးသိန်းစိန် အစိုးရ လက်ထက်က တိုင်းရင်သား လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ဆွေးနွေးချက်တွေမှာ လုံခြုံရေး ကဏ္ဍတစ်ခုလုံးကို ပေါင်းလုပ်ဖို့ နားလည်ထားပေမယ့် SSR ခေါ် ပြည်နယ်တိုင်းမှာ ပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့တွေ ဖွဲ့စည်းခြင်းကို မသွားဘဲ DDR လက်နက် ဖျက်သိမ်းရေးကိုသာ အစိုးရနဲ့ တပ်မတော်က လုပ်ဆောင်နေသဖြင့် NCA လမ်းကြောင်းနဲ့ ကွဲလွဲနေတယ်” ဟု ချင်းအမျိုးသားတပ်ဦး CNF ဥက္ကဋ္ဌ ပူးဇင်ကျုံးက သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ပြောကြားလိုက်ခြင်း ဖြစ်သည်။

PPST သတင်းစာရှင်းလင်းပွဲ၌ CNF ဥက္ကဌပြောကြားစဉ်(KNU HQ)
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးပြီး တိုင်းရင်သားလက်နက်ကိုင် ၈ ဖွဲ့ NCA-S EAO တို့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST မျက်နှာစုံညီ အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဇွန်လ ၂၈ ရက်နေ့မှ ဇူလိုင်လ ၂ ရက်နေ့အထိ ကျင်းပခဲ့အပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ် ဆက်လက်ကျင်းပခဲ့သည်။

ထိုအစည်းအဝေး၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုလုံး၏ အားနည်းချက် အားသာချက်များကို ပြန်လည်သုံးသပ်ကြရာတွင် အစိုးရ၊ တပ်မတော်နှင့် NCA-S EAO များအကြား NCA အပေါ်နားလည်မှုနှင့် အဓိပ္ပါယ်ဖွင့်ဆိုမှုမတူညီကြောင်း၊ NCA ဆိုင်ရာ အခြေခံမူ၊ ခံယူချက်သဘောထားများနှင့် ကတိပြုချက်များအား လိုက်နာခြင်း၊ အကောင်ထည်ဖော်ခြင်းအပေါ် သက်ရောက်မှုများရှိခဲ့ပြီး လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုဆိုင်ရာ အခြေခံတို့ အားနည်းမှုများဖြစ်ပေါ်ခဲ့ကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

အလားတူ NCA လက်မှတ်မရေးထိုးသေးသည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဒုတိယအကြိမ်ညီလာခံ၏ ဇွန်လ ၂၉ ရက်နေ့ထုတ်ပြန်ချက်၌ ပြီးခဲ့သည့် ၂၁ ရာစုပင်လုံညီလာခံ၏ ဒုတိယအစည်းအဝေးအခင်းအကျင်းနှင့် ရလဒ်တို့ကိုသုံးသပ်ကြရာတွင် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲများ၊ လုပ်ငန်းကော်မတီများ၊ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု ပူးတွဲကော်မတီ အတွင်းရေးမှူးအဖွဲ့၊ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု ပူးတွဲကော်မတီ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ၊ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC နှင့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM စသည့်အစည်းဝေးအဆင့်ဆင့်တွင် နိုင်ငံရေးဆွေးနွေးမှု မူဘောင်နှင့် NCA စာချုပ်ပါအချက်များ၊ သဘောထားများနှင့် ကတိကဝတ်များအပေါ် လိုက်နာမှုအားနည်းနေခြင်း၊ ပျက်ကွက်နေခြင်းကို တွေ့ရှိရကြောင်း ထောက်ပြထားသည်။

သို့ရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “NCA ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို လက်နက်ချခိုင်းတဲ့စာချုပ်မဟုတ်ကြောင်းကိုလည်း ရှင်းလင်းစွာ ထပ်မံအသိပေးလိုပါတယ်” ဟု မေလ ၂၄ ရက်နေ့တွင်ကျင်းပခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးဖွင့်ပွဲမိန့်ခွန်း၌ ယင်းသို့ ပြောကြားခဲ့သည်။

ထို့အတူ ဒီမိုကရေစီကျင့်သုံးသည့်နိုင်ငံများတွင် လက်နက်စွဲကိုင်ပြီး နိုင်ငံရေးအခွင့်အရေးတောင်းဆိုသည်ကို ခွင့်မပြုသည့်အတွက် NCA တွင်ပါရှိသည့် လမ်းပြမြေပုံနှင့်အညီ နိုင်ငံရေးဆွေးနွေးရလဒ်များမှတဆင့် တိုးတက်ဖြစ်ပေါ်လာသော လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းခြင်းအရ DDR,SSR လုပ်ငန်းများ ပြုလုပ်ရမည်ဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောကြားခဲ့သည်။

လက်ရှိတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတွင် NCA လက်မှတ်ရေးထိုးပြီးအဖွဲ့၊ NCA လက်မှတ်ရေးထိုးရန်ညှိနှိုင်းဆဲ UNFC အဖွဲ့နှင့် NCA ပြင်ပမှ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုကော်မတီ Federal Political Negotiation Consultative Committee –FPNCC မြောက်ပိုင်းအဖွဲ့ (၃ ) အုပ်စုဖြစ်ပေါ်နေပြီး EAOs ၂၁ ဖွဲ့ရှိသည့်အနက် ၈ ဖွဲ့သာ NCA လက်မှတ်ရေးထိုးနိုင်ခဲ့သည်ကို တွေ့ရှိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts