Friday, April 17, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးမွန်အမျိုးသားကျောင်း ၁၃၀ ကျော်အတွက် အစိုးရထံထောက်ပံ့ငွေတောင်းခံ

    မွန်အမျိုးသားကျောင်း ၁၃၀ ကျော်အတွက် အစိုးရထံထောက်ပံ့ငွေတောင်းခံ

    -

    မွန်အမျိုးသားပညာရေးကော်မတီ(Mon National Education Committee ) လက်အောက်ခံ မွန်အမျိုးသားကျောင်း(၁၃၀)ကျော်အတွက် မွန်ပြည်နယ်လွှတ်တော်မှတစ်ဆင့် ပြည်ထောင်စုအစိုးရထံသို့ ထောက်ပံ့ငွေကျပ်သိန်း (၈၀ဝ) တောင်းခံထားကြောင်း မွန်အမျိုးသားကျောင်းတာဝန်ခံမှ သတင်းရရှိသည်။

    အဆိုပါ ဘတ်ဂျက်ငွေကို ပြီးခဲ့သည့်ဖေဖော်ဝါရီလတွင် တင်ပြခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ အကြောင်းပြန်ကြားခြင်းမရှိသေးသော်လည်း သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးမှ ပြည်နယ်အစိုးရသို့ အကြောင်းပြန်ကြားချက်အရ ရနိုင်မည့်အလားအလာရှိကြောင်း မွန်အမျိုးသားကျောင်းတာဝန်ခံ မင်းအောင်ဇေက ပြောသည်။

    မွန်အမျိုးသားအထက်တန်းကျောင်းတစ်ကျောင်း(GS)

    “သမ္မတရုံးကခွင့်ပြုရင်တော့ ရပါပြီ။ ရဖို့အခြေအနေရှိတယ်လို့ ပြောပါတယ်။ ကျောင်းထောက်ပံ့ကြေးပေါ့လေ။ စာအုပ်စာရေးကိရိယာတွေရဖို့ပေါ့။ ပြီးခဲ့တဲ့နှစ်တွေကတော့ ယူနီဆက် အကူအညီနဲ့ ရခဲ့တာရှိတယ်။အခု ယူနီဆက် ပရောဂျက်ကာလ ပြီးဆုံးတော့ ရှေ့ဆက် အကူအညီရဖို့ဆိုရင် မွန်ပြည်နယ်အစိုးရကို မွန်အမျိုးသားကျောင်းတွေကို ကူညီပေးဖို့ ပရိုပိုဆယ်တင်ထားတာပေါ့” ဟု ၄င်းကပြောသည်။

    မွန်အမျိုးသားကျောင်းပေါင်း(၁၃၀) ကျော်တွင် မွန်ပြည်နယ်မှ ကျောင်းပေါင်း(၉၀) ကျော်နှင့် ကရင်ပြည်နယ်မှ (၂၄)ကျောင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် (၁၆)ကျောင်းတို့ ပါဝင်ကြောင်း သိရသည်။

    မွန်ဘာသာကျောင်းများတွင် မိခင်မွန်ဘာသာစကားအခြေပြုသင်ကြားနေခြင်းဖြစ်ပြီး မွန်ဘာသာစကားကို လေ့လာတတ်မြောက်လိုသည့် မွန်တိုင်းရင်းသားမဟုတ်သော ကျောင်းသားများလည်း တက်ရောက်သင်ကြားနိုင်ကြောင်း ဆိုသည်။

    “မွန်ဘာသာစကားကို အခြေပြုသင်တဲ့ ပညာရေးစနစ်ပါ။ မွန်တိုင်းရင်းသားမဟုတ်တဲ့ ဗမာ၊ ကရင်၊ ထားဝယ်ကလေးတွေလည်းတက်လို့ရပါတယ်။ ရွာဘက်တွေမှာလည်း ကရင်ကလေး၊ ထားဝယ်ကလေးတွေလည်းတက်ကြပါတယ်။ ကျောင်းပေါင်းက(၁၃၃) ကျောင်းပါ။” ဟု မင်းအောင်ဇေက ဆက်ပြောသည်။

    မွန်အမျိုးသားကျောင်းများအနေဖြင့် ဘတ်ဂျက်လုံလုံလောက်လောက်ရှိသင့်ပြီး ကျောင်းအခြေခံအဆောက်အအုံများကို အစိုးရမှ ကူညီထောက်ပံ့ပေးသင့်ကြောင်း မွန်ပြည်နယ် လွှတ်တော် ဒုဥက္ကဌ ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

    ၄င်းက “မွန်အမျိုးသားကျောင်းတွေက တကယ်လည်းရသင့်ပြီလေ။ ပြီးခဲ့တဲ့ အစိုးရလက်ထက် ကလည်း ကျွန်တော်တို့တောင်းဆိုပေးခဲ့ပါတယ်။သို့သော်လည်း ပြည်ထောင်စုအစိုးရက အစိုးရကျောင်းတွေမဟုတ်တဲ့အတွက်ရော၊ ပုဂ္ဂလိကကျောင်း စာရင်းသတ်မှတ်မှုအရရော အဆုံးအဖြတ် ထွက်မလာခဲ့ဘူး” ဟု ဆိုသည်။

    မွန်အမျိုးသားကျောင်းပေါင်း(၁၃၃) ကျောင်းတွင် ကျောင်းဆရာ ၊ ဆရာမပေါင်း (၈၀ဝ) ကျော်ရှိသည့်အတွက် လစာအခက်ခဲများနှင့်လည်း ရင်ဆိုင်နေရကြောင်း သိရသည်။

    “ကျောင်းပေါင်းကလည်း (၁၀ဝ) ကျော်ရှိတာဆိုတော့ ကျောင်းရဲ့ လိုအပ်ချက်တွေနဲ့ ကျန်းမာရေးတို့ဆိုတာက အစိုးရက တာဝန်ယူပေးသင့်ပါတယ်။ အဓိက အခက်ခဲကတော့ ဆရာတွေလစာပါပဲ။ ကျောင်းအဆောက်အဦးတွေလည်း အခက်ခဲရှိပါတယ်။ ကလေးတွေအတွက် သင်ထောက်ကူပစ္စည်းတွေလည်း လိုအပ်တယ်။ကျွန်မတို့က နယ်စွန်နယ်ဖျားမှာကျတော့ အစိုးရလက်လှမ်းမမီလို့ တာဝန်မယူနိုင်ခဲ့တဲ့အပိုင်းမှာ ကျွန်မတို့ပြည်သူအနေနဲ့ တတ်နိုင်သလောက်ဝန်ကို ထမ်းရတယ်ဆိုတာက အခက်ခဲတွေအများကြီးရှိခဲ့ပါတယ်” ဟု မွန်အမျိုးသားကျောင်းမှ အထက်တန်းကျောင်းအုပ်ဆရာမကြီးဟောင်း မိလဝီဟံက ပြောသည်။

    ထို့အပြင် မွန်အမျိုးသားကျောင်းဆရာ၊ ဆရာမများကိုလည်း အစိုးရကျောင်းများမှ ဆရာ၊ဆရာမ များကဲ့သို့ အသိအမှတ်ပြုပေးဖို့ကိုလည်း ၄င်းက တောင်းဆိုသည်။

    မွန်အမျိုးသားအထက်တန်းကျောင်းသား/သူများအနေဖြင့် အစိုးရတက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ၁၉၉၆ ခုနှစ်မှစတင်၍ ဝင်ရောက်ဖြေဆိုခွင့်ရရှိခဲ့ရာ ကျောင်းသူ/သား ၄၀ဝ ကျော်အောင်မြင်ခဲ့ပြီး ဆေးတက္ကသိုလ်သို့ တက်ရောက်သင်ကြားသူများရှိခဲ့သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks