Homeသတင်းနိုင်ငံတော်မှ မည်သည့်အခါမှခွဲမထွက်ရအဆိုအား မွန်နိုင်ငံရေးပါတီများ ဝေဖန်

နိုင်ငံတော်မှ မည်သည့်အခါမှခွဲမထွက်ရအဆိုအား မွန်နိုင်ငံရေးပါတီများ ဝေဖန်

-

ပြည်တောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC ၏ နိုင်ငံရေးကဏ္ဍဆိုင်ရာ မူဝါဒအဆိုပြုလွှာပါ “နိုင်ငံတော်၏နယ်မြေအပိုင်းအခြားဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမှခွဲမထွက်ရ” အဆိုအား ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်နေကြောင်း မေလ ၂၅ ရက်နေ့ ကဏ္ဍအလိုက်ဆွေးနွေးပွဲတက်ရောက်သည့် မွန်နိုင်ငံရေးပါတီများက ဝေဖန်ပြောဆိုလိုက်သည်။

“ကျနော်တို့မွန်အမျိုးသားပါတီအနေနဲ့ အဲဒီအချက်ကိုလုံးဝမထည့်သွင်းဖို့ တင်ပြခဲ့တယ်၊ မည်သည့်အခါမှခွဲမထွက်ရအဆိုဟာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်လိုက်တာဖြစ်တယ်” ဟု မွန်အမျိုးသားပါတီ MNP အထွေထွေအတွင်းရေးမှူး နိုင်လယီတမက ပြောသည်။

နိုင်ငံရေးကဏ္ဍ ဆွေးနွေးပွဲ(Nai Ko Thu)
မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ ရေးဆွဲအတည်ပြုခဲ့သော ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၀ ပုဒ်မ ၂၀၂ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်သည့်နေ့မှ ဆယ်နှစ်အတွင်း ခွဲထွက်နိုင်သော အခွင့်အရေးကို အသုံးမပြုရဟုပါရှိကြောင်း၊ ၁၀ နှစ်ပြည့်လျှင် ခွဲထွက်ပိုင်ခွင့်ရှိသည်ဟုအဓိပ္ပါယ်ရှိသော်လည်း ပြည်နယ်ကောင်စီရှိ အမတ် စုစုပေါင်း သုံးပုံနှစ်ပုံအောက်မလျော့သောအမတ်များ၏ ထောက်ခံမဲပေးခြင်းဖြင့် အတည်ပြုရမည်ဟု ထည့်သွင်းရေးဆွဲထားကြောင်း သိရသည်။

နိုင်လယီတမက “အဖိနှိပ်ခံကျနော်တို့တိုင်းရင်းသားတွေမှာ နဂိုလ်ကရှိနေခဲ့တဲ့ ဒီလိုစိုးရိမ်မှုတွေကို အခုတဖန် ဒီအချက်(မထွက်ရ) ကို ထည့်သွင်းလိုက်မယ်ဆိုရင် စိုးရိမ်မှုတွေ၊ သံသယတွေပိုမိုကြီးထွားလာမယ်၊ နောက်ပြီး တိုင်းရင်းသားချစ်ကြည်သွေးစည်းညီညွတ်ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းတွေ ထိခိုက်စေတဲ့အပြင် လက်ရှိညီလာခံအပေါ်ဂယက်ရိုက်ခတ်မှုတွေ ဖြစ်စေနိုင်တယ်” ဟု ဆိုသည်။

ယင်းအဆိုကို တပ်မတော်သားကိုယ်စားလှယ်များက ထောက်ခံဆွေးနွေးခဲ့ပြီး၊ ကျန်အစုအဖွဲ့များဖြစ်သည့် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပညာရှင်အများစုကမူ ယင်းအဆိုကို မထည့်သွင်းသင့်ကြောင်း ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

အလားတူ နိုင်ငံရေးကဏ္ဍတွင် တက်ရောက်ဆွေးနွေးနေသည့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP ဒုတိယဥက္ကဌ(၂) နိုင်ချမ်းတွဲ့ကလည်း ဖက်ဒရယ်ဒီမိုကရေစီစနစ်တွင် “နိုင်ငံတော်မှ မည်သည့်အခါမှခွဲမထွက်ရ” အဆို လက်မခံကြောင်း ပြောသည်။

“ဒီစာတမ်းတွေမှာက နာမဝိသေသနတွေ အလွန်များနေတယ်၊ ဆိုလိုရင်းအဓိပ္ပါယ်တွေ ဝါးနေတယ်” ဟု နိုင်ချမ်းတွဲ့ကဆိုသည်။

နိုင်ငံရေးကဏ္ဍဆိုင်ရာ မူဝါဒအဆိုပြုလွှာ အခန်း (၇) ကိုယ်ပိုင်ပြဌာန်းခွင့် အပိုဒ်(က) တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး အချုပ်အချာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှု၍ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း စစ်မှန်ပြီး ထိရောက်စွာ လက်တွေ့အကောင်အထည်ပေါ်လာမည့် ဖက်ဒရယ်စနစ်မူဘောင်အတွင်းမှ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်ရမည်ဟု ဖော်ပြထားခြင်း ဖြစ်သည်။

“အခုပြောနေတဲ့ဖက်ဒရယ်ကလည်း စစ်မှန်တဲ့ဖက်ဒရယ်ရချင်မှ ရမယ်၊ စစ်မှန်ပြီးဆိုတယ့်ဖက်ဒရယ်မရနိုင်ဘူး၊ လက်တွေ့အကောင်အထည်ပေါ်လာမယ့် ဖက်ဒရယ်မူဘောင်လောက်ပဲရနိုင်မယ်၊ ညှိနှိုင်းလို့ရတဲ့ရလဒ်အပေါ်မှာပဲ ရမယ်” ဟု နိုင်ချမ်းတွဲ့က ဆိုသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ကလည်း နိုင်ငံတော်ရဲ့နယ်မြေအပိုင်းအခြာဟူသမျှ နိုင်ငံတော်မှမည်သည့်အခါမှ ခွဲမထွက်ရဆိုတဲ့ အချက်သည် ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်၊ ပင်လုံစိတ်ဓာတ်နှင့် လုံးဝဆန့်ကျင်နေကြောင်း၊ လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ ပြည်ထောင်စုမူနှင့် ဆန့်ကျင်နေကြောင်းနှင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ပျက်ပြားစေနိုင်ကြောင်း မေလ ၂၅ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်လိုက်သည်။

(၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေး၌ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့်သယံဇာတ၊ လုံခြုံရေး စသည့် ကဏ္ဍ ကြီး ၅ ရပ်ကို နေပြည်တော်အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ MICC2 ၌ နေရာ ၅ ခုခွဲ၍ နှစ်ရက်ကြာအချိန်ယူကျင်းပနေပြီး ထွက်ပေါ်လာမည့်ရလဒ်များကို မေလ ၂၈ ရက်နေ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေးသို့ တင်သွင်းဆွေးနွေးအတည်ပြုကြမည်ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts