စက်မှုဝန်ကြီးဌာနအောက်တွင် အသေးစားနှင့်အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနကို ၂၀၁၂ ခုနှစ် ဧပြီလ ၄ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်တွေက အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနတွေကို ၂၀၁၄ ခုနှစ် မေလအတွင်း ဖွင့်လှစ်ခဲ့ပါသည်။
ပြည်ထောင်စုလွှတ်တော်က “အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ” ကိုလည်း ၂၀၁၅ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့တွင် ပြဌာန်းခဲ့ပြီး ဖြစ်သည်။
အလားတူ မွန်ပြည်နယ်လွှတ်တော်ကလည်း ၂၀၁၅ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့မှာပဲ “မွန်ပြည်နယ်အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းများ” ဥပဒေကို ပြဌာန်းခဲ့ပြီး ၄င်းအိမ်တွင်း စက်မှုလက်မှုလုပ်ငန်းများကို မွန်ပြည်နယ် အသေးစား စက်မှုလက်မှုဦးစီးဌာန လက်အောက်တွင်ထားရှိပါသည်။ သို့ရာတွင် မွန်ပြည်နယ်အတွင်း လုပ်ကိုင်လျက်ရှိသည့် Small and Medium Enterprises-SME အသေးစားအလတ်စားလုပ်ငန်းများကို တည်ဆဲဥပဒေများနှင့်အညီ အစိုးရယန္တယားများနှင့် ချိတ်ဆက်ရာတွင် ဘောင်ဝင်ဖို့အခက်အခဲများစွာ ရှိနေသေးသည်ဟု မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက ပြောသည်။
“စက်မှုဝန်ကြီးလက်အောက်က SME ဦးစီးဌာနက အကြီးအကဲတွေနဲ့လည်း မကြာခဏဆိုသလို ကျနော်ဆွေးနွေးခဲ့ဘူးတယ်၊ ဥပဒေပြဌာန်းချက်အတိုင်း အကောင်အထည်ဖော်မရတာတွေ အများကြီးရှိနေတယ်လို့ ပြောတယ်၊ ကျနော်တို့ မွန်ပြည်နယ်မှာ လုပ်ငန်းတွေအများကြီးရှိပါတယ်၊ ဘယ်လုပ်ငန်းက အသေးစား ဘယ်ဟာက အလတ်စားစတဲ့ အစိုးရသတ်မှတ်ချက်တွေနဲ့အညီဖြစ်အောင် အစပိုင်းမှာတောင် အကောင်အထည်ဖော်နိုင်မှုက အားနည်းနေသေးတယ်” ဟု ၄င်းက ဆိုသည်။
အချို့လုပ်ငန်းရှင်များအနေဖြင့် အသေးစားနှင့်အလတ်စား SMEs လုပ်ငန်းသဘောသဘာဝအနည်းအကျဉ်းကို ကြားဘူးနားဝသာမျှသာရှိကြောင်း၊ မိမိတို့အနီးပတ်ဝန်းကျင်တွင်လည်း အသေးစားနှင့်အလတ်စား SMEs လုပ်ငန်းများမရှိသေးကြောင်း၊ လုပ်ငန်းနှင့်ပတ်သက်၍ အစိုးရမှလည်း အသိပညာဗဟုသုတဖြန့်ဝေမှု အလွန်အားနည်းနေသေးကြောင်း၊ ရင်းနှီးမြှုပ်နှံရမည့်လုပ်ငန်းပုံစံသစ်ကဲ့သို့ဖြစ်သောကြောင့် လုပ်ငန်းရှင်များအနေဖြင့် စွန့်ဦးမလုပ်ကိုင်လိုကြောင်းလည်း သိရသည်။
မွန်ပြည်နယ် သတင်းစာဆရာအသင်းဥက္ကဌ ဦးသိန်းလှိုင်က “SME တွေကို လူတွေမသိကြ၊ နားမလည်ကြတော့ စိတ်ဝင်စားမှုလည်းမရှိကြဘူး၊ အစိုးရဘက်ကလည်း အသိပညာဖြန့်ဖြူးတာ ရှင်းပြတာ အားပေးမှု အားနည်းတာလည်းပါတယ်၊ လူတွေမသိတော့ ဘယ်လိုလုပ်ပြီးစိတ်ဝင်စားကြမှာလဲ” ဟု ဆိုသည်။
SMEs အကြောင်းအရာများကို သာမန်လူထုများအပြင် သတင်းမီဒီယာလောကတွင်ပင် သိရှိသူအလွန်နည်းပါးနေသေးကြောင်း၊ အသိပညာပေးခြင်းအပြင် SMEs လုပ်ငန်းခွင်များကိုလည်း ကိုယ်တိုင်သွားရောက်လေ့လာသင့်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ သဘောပေါက်နားလည်လက်ခံလာစေရန် Workshop များ ပြုလုပ်ပေးရန်လိုအပ်ကြောင်း တွေ့ရှိရသည်။
အသေးစားအလတ်စား SMEs အသင်းအဖွဲ့တွင်ပါဝင်နိုင်ရေး လုပ်ငန်းလိုင်စင်ရရန်အတွက် အခွန်ငွေခေါင်းစဉ်အမျိုးမျိုးပေးသွင်းရမည့် လုပ်ထုံးလုပ်နည်းများလည်း အဆင့်ဆင့်ရှိနေပြန်သဖြင့် SMEs လုပ်ငန်းများကို စိတ်မဝင်စားကြဟု ဆားလုပ်ငန်းရှင်များအချို့က ဆိုသည်။
မွန်ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်းဝင် မင်းတင်မောင်ဝင်း(ခ) နိုင်ဟုက “SME နဲ့ပတ်သက်ပြီး အစည်းဝေးတွေ လုပ်ဖြစ်ခဲ့ပါတယ်၊ ကျနော်တို့လုပ်ငန်းတွေကို စည်ပင်မှာလုပ်ငန်းလိုင်စင် အရင်တင်ရပါမယ်၊ လိုင်စင်ခ ၄ သောင်းခွဲလောက်ကျမယ်လို့ ဆိုတယ်၊ နှစ်ကုန်တဲ့အခါ ငွေထပ်ပေးသွင်းရမယ့်ဟာတွေလည်း ရှိပြန်ပါတယ်၊ နောက်အခွန် ရှိသေးတယ်၊ လုပ်ထုံးလုပ်နည်းတွေ အဆင့်ဆင့်ရှိနေတော့ အချိန်မပေးနိုင်ပါဘူး၊ လောလောဆယ် SME ကို စိတ်မဝင်စားကြသေးဘူး” ဟု ပြောသည်။
ထို့အပြင် လက်ရှိဆားထုတ်လုပ်မှုလုပ်ငန်း ကျဆင်းနေရသည်မှာ ဈေးကွက်အနေအထားကြောင့်ဖြစ်ကြောင်း၊ ငွေအရင်းအနှီးများ နှစ်စဉ်လိုအပ်လျက်ရှိကြောင်း၊ လုပ်အားခနှင့် အခြားကုန်ကျစရိတ်များအတွက် ငွေလိုအပ်သောအခါ ဈေးနှိမ်ဝယ်ယူသည်ကိုသိရှိသော်လည်း ဈေးနှုန်းအနည်းငယ်ဖြင့်သာ ရောင်းချလိုက်ရသဖြင့် အရှုံးပေါ်ကြောင်း၊ အကယ်၍ သင့်တင့်သည့်နှုန်းထားဖြင့် ဘဏ်ချေးငွေရရှိပါက မွန်ပြည်နယ်ဆားလုပ်ငန်း ပြန်လည်ဦးမော့လာမည်ဟု ဆိုသည်။
နိုင်ဟုက “အစိုးရဘက်ကနေပြီး ဘဏ်ကနေ ငွေထုတ်ချေးပေးလို့ရတဲ့ဥပဒေ၊ နည်းဥပဒေတွေ ဆက်လက်ပြဌာန်းပေးဖို့ လိုပါတယ်၊ ဥပမာ ကျပ်သိန်းတစ်ထောင်တန်တဲ့ ကျနော့်ဆားဖိုကို သိန်း ၂ ရာနဲ့ငွေချေးပေးဖို့ ဘဏ်က စိုးရိမ်ဖို့လိုမယ် မထင်ပါဘူး၊ ဒါကအစိုးရပေါ်မှာ မူတည်နေပါတယ်၊ ဘဏ်တွေနဲ့ အဆင်ပြေပြေ ချိတ်ဆက်နိုင်ဖို့ပေါ့၊ တကယ်လို့ အစိုးရက SME လုပ်ငန်းတွေနဲ့ပဲဖြစ်ဖြစ် Process အဆင့်များများသိပ်မရှိတဲ့ ဘဏ်ချေးငွေထုတ်ပေးတဲ့အစီအစဉ် လုပ်ပေးနိုင်ရင် အရမ်းကို အဆင်ပြေပါလိမ့်မယ်” ဟု ပြောသည်။
မွန်ပြည်နယ်ရှိ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများ SMEs များအား ချေးငွေနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း Capacity Building အစီအစဉ်များအား ယခုနှစ်မေလမှစတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက ပြောသည်။
အဆိုပါ စွမ်းဆောင်ရည်မြှင့်တင်ခြင်း Capacity Building အစီအစဉ်တွင် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းဖွဲ့စည်းပုံ၊ စာရင်းအင်းထိန်းသိမ်းခြင်း၊ အခွန်အခဆိုင်ရာ ကဏ္ဍရပ်များ၊ ဈေးကွက်စီမံခန့်ခွဲမှု (Marketing Management) ၊ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှု (HR Management)၊ ငွေကြေးစီမံခန့်ခွဲမှု Financial Management) စီမ ခန့်ခွဲမှု၊ လုပ်ငန်းများ ချဲ့ထွင်နိုင်ရေးအတွက် ဘဏ်ချေးငွေများရရှိရေး၊ အကြွေးကတ်ဝန်ဆောင်မှုများ အသုံးပြုနိုင်ရေးတို့ သင်ကြားပေးမည်ဟု ဆိုသည်။
ညွှန်ကြားရေးမှူးချုပ်က “မြန်မာနဲ့ထိုင်းဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြလို့ နယ်စပ်ကုန်သွယ်ရေး အဓိကကျပါတယ်၊ ဒါကြောင့် မော်လမြိုင်နဲ့ မြိတ်တို့လို နယ်စပ်မြို့တွေကနေ စပြီး ဆောင်ရွက်ပါမယ်၊ မေလမှာ မွန်ပြည်နယ် မော်လမြိုင်မြို့က SMEs တွေနဲ့စပါမယ်” ဟု ပြောသည်။
အသေးစား အလတ်စားလုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုးတက်ရန် စိန်ခေါ်မှုများရင်ဆိုင်နိုင်ရေး၊ စီးပွား အခွင့်အလမ်းများ ဖန်တီးနိုင်ရေးနှင့်အတူ အခြေခံအဆောက်အအုံများ ရရှိရေး၊ ဈေးကွက် မြှင့်တင်ရေး၊ ကုန်ထုတ် နည်းပညာများ မြှင့်တင်ရေးနှင့် လုပ်ငန်းချဲ့ထွင်နိုင်ရန် ငွေကြေးဆိုင်ရာ ဖြေရှင်းရေးတို့အတွက် လိုအပ်သည့် အရည်အချင်းများရရှိရေးတို့ကို ဆည်းပူးလေ့လာရန်လိုအပ်သည်ဟု ညွှန်ကြားရေးမှူးချုပ်က ဆိုသည်။
မွန်ပြည်နယ်လွှတ်တော်ပြဌာန်းသည့် “မွန်ပြည်နယ်အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းများ” တွင် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဆိုသည်မှာ မိသားစုဝင်များဖြင့်သော်၄င်း၊ အလုပ်သမားငှားရမ်းအသုံးပြု၍သော်၄င်း၊ စုပေါင်း၍သော်၄င်း ကုန်ပစ္စည်း ထုတ်လုပ်သော၊ ပြုပြင်မွမ်းမံသော၊ မြင်ကောင်ရေအား ၅ ကောင်အောက်(လျှပ်စစ်ဓါတ်အား) အသုံးပြု၍ အလုပ်သမား ၉ ဦးထက်မပိုသော အိမ်တွင်းစက်မှုလုပ်ငန်းများနှင့် အလုပ်သမားအရေအတွက် ကန့်သတ်ခြင်းမရှိသော အိမ်တွင်းလက်မှုလုပ်ငန်းများကို ဆိုသည်။
ထို့အတူ ပြည်ထောင်စုလွှတ်တော်ပြဌာန်းသော “အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ” တွင် အသေးစားစီးပွားရေးလုပ်ငန်းများ၌ ဝန်ထမ်းဦးရေအမြဲတမ်း ၃၀ဝ ဦးထက်မပိုသော သို့မဟုတ် မတည်ရင်းနှီးငွေ ကျပ်သန်း ၅၀ဝ ထက်မပိုသောလုပ်ငန်း၊ အလတ်စား စီးပွားရေးလုပ်ငန်းဆိုသည်မှာ ဝန်ထမ်းဦးရေ အမြဲတမ်း ၆၀ဝ ဦးထက်မပိုသော သို့မဟုတ် မတည်ရင်းနှီးငွေကျပ်သန်း ၁၀ဝ၀ အထိမပိုသော(မြေတန်ဖိုးမပါဝင်) လုပ်ငန်းများပါဝင်သည်ကို လေ့လာတွေ့ရှိရသည်။