ရေးသားသူ-မင်းသုတ
မွန်ပြည်နယ်မှ ၁၃ နှစ်ကြာ ပျောက်ဆုံးသွားပြီး တရုတ်ပြည်တွင် လူကုန်ကူးခံရသည့် မုဒုံမြို့နယ် ကင်းချောင်းကျေးရွာမှ အမျိုးသမီးတစ်ဦးကို ရန်ကုန်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဋ္ဌာနမှ တာဝန်ယူကာ ယနေ့ ဧပြီ ၂၂ ရက်နေ့၌ ရန်ကုန်မြို့သို့ ပြန်လည်ခေါ်ဆောင်ရောက်ရှိလာကြောင်း ခေတ္တညွှန်ကြားရေးမှူး ဒေါက်တာစန်းစန်းအေးထံမှ သိရသည်။
“မိန်းခလေးက အခုပဲရန်ကုန်ကိုရောက်လာတယ်၊ အန်တီတို့က သူ့ကို မော်လမြိုင်က လူမှုဝန်ထမ်းတို့ကို အပ်မယ်၊ ဒီနေ့မဟုတ်ရင် နောက်နေ့ဆို မော်လမြိုင်ကို ပြန်ခေါ်တော့မယ်၊ ပြန်ခေါ်ပြီးတော့ မော်လမြိုင်လူမှုဝန်ထမ်းကနေပဲ သူ့ဇာတိဖြစ်တဲ့မုဒုံကို ပြန်ပို့ပေးသွားမှာ” ဟု ဒေါက်တာစန်းစန်းအေးက ပြောသည်။
အဆိုပါမိန်းကလေးကို ဧပြီ ၁၁ ရက်က မူဆယ်လူကုန်ကူးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရန်ကုန် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးသို့ လွှဲအပ်ပေးခဲ့သော်လည်း ဧပြီ ၂၂ ရက်နေ့တွင် ရန်ကုန်သို့ နောက်ကျရောက်ရခြင်းသည် တာဝန်အရစစ်ဆေးမှုများနှင့် မြန်မာ့ရိုးရာသင်္ကြန်ကာလဖြစ်သည့်အတွက် ရက်အနည်းငယ်ကြန့်ကြားသွားခဲ့ကြောင်း ၄င်းက ဆက်ပြောသည်။
အဆိုပါမိန်းကလေးသည် လူကုန်ကူးခံရကြောင်း မူဆယ်မြို့ လူကုန်ကူးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ သတင်းပေးပို့မှုအရ ပြီးခဲ့သည့် မတ်လ (၂၁) ရက်နေ့က တရုတ်ရဲများက ထိုမိန်းကလေးအား သွားရောက် ခေါ်ဆောင်ခဲ့ပြီး သက်ဆိုင်ရာနယ်မြေရဲစခန်း၌ စီစစ်ရန် ထိန်းသိမ်းထားပြီးနောက် ဧပြီ (၁၀)ရက်က မူဆယ်မြို့ လူကုန်ကူးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သို့ လွှဲအပ်ပေးခဲ့ကြောင်း သိရသည်။
“အဲ့ကောင်မလေး ကျွန်တော်တို့ဆီ ရောက်လာဖို့က တရုတ်ရဲတွေက အဆင့်ဆင့်ပဲ ပို့လာတယ်၊ လူကုန်ကူးရဲတပ်ဖွဲ့ကသွားခေါ်လာပြီး ကျွန်တော်တို့ဆီကို ဧပြီ (၁၀) ရက်မှာ အပ်တယ်၊ ကျွန်တော်တို့ကနေပြီးတော့ လူမှုဝန်ထမ်းကို ဧပြီ (၁၁) မှာအပ်တယ်” ဟု မူဆယ်မြို့ လူကုန်ကူးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဒုညွှန်ကြားရေးမှူးဦးခင်မောင်ဦးက ပြောသည်။
၁၃ နှစ်ကြာ ပျောက်ဆုံးခဲ့သော အဆိုပါမိန်းကလေးသည် ယခု (၂၀၁၇) ခုနှစ်တွင် ဖုန်းသုံးစွဲခွင့်ရရှိခဲ့ပြီး အင်တာနက်လိုင်းမှတစ်ဆင့် မြန်မာနိုင်ငံသားများကို ဆက်သွယ်အကူညီတောင်းခံခဲ့ရာမှ မတ်လ (၂၀) ရက်နေ့က (၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) အား We Chat ဖြင့် အဆက်သွယ်ရရှိခဲ့ကြောင်း၊ ၈၈ မျိုးဆက်အဖွဲ့က ထိုမိန်းကလေး၏ မိဘများအား စုံစမ်းရှာဖွေကာ ဆက်သွယ်ပေးခဲ့ကြောင်း၊ အဆိုပါ ၈၈ မျိုးဆက်အဖွဲ့က ၄င်းတို့ရရှိထားသော အချက်အလက်များကို မော်လမြိုင်မြို့ရှိ လူကုန်ကူးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့အား အကြောင်းကြားပေးပို့ခဲ့ပြီး မော်လမြိုင်လူကုန်ကူးမှ မူဆယ်လူကုန်ကူးရုံးသို့ ပေးပို့ကာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးသည် လွန်ခဲ့သည့် ၁၃ နှစ် အသက် ၁၇ နှစ်အရွယ်ခန့်က ရေးမြို့နယ် အတွင်းရှိ အဖွားဖြစ်သူအိမ်တွင် နေထိုင်ခဲ့ပြီး သင်္ကြန်မတိုင်ခင် မိဘရှိရာနေအိမ် မုဒုံမြို့သို့ မီးရထားဖြင့် ပြန်လာစဉ် လမ်းတွင်ပျောက်ဆုံးခဲ့ပြီး တရုတ်ပြည်သို့ လူကုန်ကူးခံရခြင်း ဖြစ်သည်။