spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းသံလွင်တံတား(ချောင်းဆုံ) လူထုသဘောထားဆန္ဒပြုလက်မှတ် ၂ သိန်းခွဲခန့်ရည်မှန်းထား

    သံလွင်တံတား(ချောင်းဆုံ) လူထုသဘောထားဆန္ဒပြုလက်မှတ် ၂ သိန်းခွဲခန့်ရည်မှန်းထား

    -

    မွန်ပြည်နယ် သံလွင်မြစ်ပေါ်ဖြတ်ကျော်၍ မော်လမြိုင်နှင့် ဘီလူးကျွန်းဆက်သွယ်သည့် သံလွင်တံတား(ချောင်းဆုံ)အမည်ကို ဗိုလ်ချုပ်အောင်ဆန်တံတား အမည်ပြောင်းလဲသတ်မှတ်ခြင်းအား လက်မခံသည့် လူထုသဘောထားဆန္ဒပြုလက်မှတ် ၂ သိန်းခွဲခန့်ရရှိနိုင်မည်ဟုရည်မှန်းထားကြောင်း သိရသည်။

    “မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်းကို လူထုသဘောထားဆန္ဒပြုလက်မှတ်တွေ ဆက်လက်ကောက်ခံနေတုန်းပဲ၊ ဒီဆန္ဒပြုလက်မှတ်တွေကို နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဆောက်လုပ်ရေးဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးအပါအဝင် အစိုးရအဖွဲ့ကို တိုက်ရိုက်တွေ့ဆုံ တောင်းဆိုသွားမယ်” ဟု သံလွင်တံတား(ချောင်းဆုံ) ဆိုင်ရာလူထုလှုပ်ရှားကော်မတီဝင် မိစန္ဒာနွန်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    သံလွင်တံတား(ချောင်းဆုံ) လူထုသဘောထားပန်ကြားချက်(Copy)
    ထိုသို့တံတားအမည်ပြောင်းလဲလိုက်ခြင်းသည် တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်သော မြန်မာနိုင်ငံတွင် အာဏာရအစိုးရအနေဖြင့် လူနည်းစုတိုင်းရင်းသားလူမျိုးများအပေါ် အနိုင်ကျင့်မှုတရပ်ဟုရှုမြင်ကြောင်း၊ ဒေသခံတိုင်းရင်းသားလူနည်းစုလူမျိုးများ၏ သာတူညီမျှ တန်းတူရေးကိုအလေးထားကာ အနာဂတ်စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးကို ရှေးရှုသောအားဖြင့် တင်ပြတောင်းဆိုခြင်းဖြစ်ကြောင်း သံလွင်တံတား(ချောင်းဆုံ) ဆိုင်ရာလူထုလှုပ်ရှားကော်မတီ၏ ပန်ကြားချက်တွင် ရေးသားဖော်ပြသည်။

    “ဆန္ဒပြတာ ၂ ကြိမ်ရှိသွားပြီ၊ ဒါကြောင့် အခုဒေသခံတွေရဲ့သဘောထားဆန္ဒပြုလက်မှတ်တွေကို ဆက်ပြီးကောက်ခံနေတယ်၊ ဧပြီ ၁၃ ရက်နေ့က တိုင်းရင်းသားရေးရာဝန်ကြီးနဲ့လည်းတွေ့ဆုံခဲ့ပြီး ဒီကိစ္စတွေကို ရှင်းပြပါတယ်၊ ဒီလကုန်ပိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းအမည်နဲ့ပဲ ဖွင့်လှစ်ဖို့အလားအလားရှိနေတယ်လို့ သိထားတယ်” ဟု မိစန္ဒာနွန်က ပြောသည်။

    သို့ရာတွင် အဆိုပါတံတားစီမံကိန်း ၉၉.၅% ရာခိုင်နှုန်းပြီးစီးနေသော်လည်း တံတားဖွင့်လှစ်မည့်နေ့ရက် မသိရှိရသေးကြောင်း စီမံကိန်းညွှန်ကြားရေးမှူး ဦးသိန်းမြင့်မွန်က ပြောသည်။

    ဦးသိန်းမြင့်မွန်က “ခံနိုင်ဝန်စမ်းသပ်ဖို့နဲ့ လှျပ်စစ်မီးတပ်ဆင်တာလောက်ဘဲ ကျန်တော့တယ်၊ တံတားကို ဝန်အလေးချိန်စမ်းသပ်ရမှာရှိတယ်၊ နောက်လှျပ်စစ်နဲ့ ပတ်သက်ပြီးစစ်ဆေးရမှာရှိတယ်၊ ဖွင့်မယ့်ချိန်က ကျနော်တို့လည်းအတိအကျမသိသေးဘူး၊ မကြာမီဖွင့်နိုင်မယ်လို့တော့မှျော်မှန်းပါတယ်” ဟု ဆိုသည်။

    လာမည့် ဧပြီလ နောက်ဆုံးအပတ်တွင် တံတားခံနိုင်ဝန်အားLoading Test စမ်းသပ်မှု ပြုလုပ်၍ မေလ ပထမ အပတ်ခန့်တွင် အများပြည်သူအသုံးပြုနိုင်စေရန် ဗိုလ်ချုပ်အောင်ဆန်းတံတား ဖွင့်လှစ် ပေးသွားမည်ဟု မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ပြောကြောင်း ဧရာဝတီသတင်းဌာနက ရေးသားထားသည်။

    “ဒေါက်တာအေးဇံ ဝန်ကြီးချုပ်မဖြစ်ခင်ကတည်းက ဒေသခံတွေလက်မခံလို့ ဗိုလ်ချုပ်အောင်ဆန်းတံတားနာမည်မပေးဖို့ မွန်ပြည်နယ် အစိုးရကက်ဘိနက်အစည်းအဝေးက ဆုံးဖြတ်ချက်ချထားပြီးသားပါ၊ အခုဝန်ကြီးချုပ်တံတားကိစ္စပြောဆိုနေတာဟာ သူ့ရဲ့ပုဂ္ဂိုလ်ရေး Parsonal အမြင်တွေပဲ” ဟု အမည်မဖော်လိုသော မွန်ပြည်နယ်အစိုးရဝန်ကြီးတစ်ဦးက ပြောသည်။

    ဧပြီလ ၁၃ ရက်နေ့မှစတင်၍ သံလွင်တံတား (ချောင်းဆုံ) လူထု လှုပ်ရှားမှုဆိုင်ရာကော်မီတီက လူထုသဘောထားဆန္ဒပြုလက်မှတ်ကောက်ခံလျက်ရှိပြီး မွန်ပြည်နယ်အပြင် ကရင်ပြည်နယ်၊ ပဲခူးတိုင်း ၊ ရန်ကုန်တိုင်းများအထိ ကောက်ခံသွားမည် ဖြစ်ကြောင်း အဆိုပါကော်မီတီဝင်များမှ သိရသည်။

    သမ္မတဦးသိန်းစိန်လက်ထက်တွင် အဆိုပါစီမံကိန်းကို သံလွင်တံတား(ချောင်းဆုံ)အမည်ဖြင့် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ဗိုလ်ချုပ်အောင်ဆန်းတံတားအဖြစ် နာမည်ပြောင်းရန် NLDလွှတ်တော်အမတ်များ အဆိုတင်သွင်းထောက်ခံ၍ မဲခွဲအတည်ပြုခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks