Homeသတင်းဘီလူးကျွန်းချောင်းဆုံတွင် NLD အား ၇၀ဝ၀ မဲအသာဖြင့် USDP အပြတ်အသတ်နိုင်

ဘီလူးကျွန်းချောင်းဆုံတွင် NLD အား ၇၀ဝ၀ မဲအသာဖြင့် USDP အပြတ်အသတ်နိုင်

-

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ဧပြီလ ၁ ရက်နေ့တွင်ကျင်းပသည့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေရာအတွက် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးအောင်ကြည်သိန်းက NLD အား မဲ ၇၀ဝ၀ ကျော်အပြတ်အသတ် အနိုင်ရရှိခဲ့ကြောင်း ချောင်းဆုံမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး စာရင်းအရ သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ ၁၉၆၆၇ မဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ၁၂၆၃၆ မဲ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP ၁၀၈၅၆ မဲ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ၂၀၁၃ မဲ၊ မွန်အမျိုးသားပါတီ MNP မှ ၁၉၉၂ မဲ အသီးသီးရရှိခဲ့သည်။

မဲအနိုင်ရရှိသူ ဦးအောင်ကြည်သိန်း(သံလွင်တိုင်းမ်)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးအောင်ကြည်သိန်း က “ တစ်ချို့ဒေသခံက ကျနော့ပါတီကို ကြိုက်လို့၊ နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်ကို နှစ်သက်လို့ မဲပေးတာများတယ်ပေါ့နော်၊ အဓိက ကတော့ ကိုယ်စားလှယ်တစ်ယောက် ဖြစ်လာတဲ့အခါမှာ ဒေသခံတွေကို ပေးထားတဲ့အတိုင်း ဆောင်ရွက်သွားမယ်” ဟု ပြောသည်။

အပြတ်သတ်အနိုင်ရရှိခဲ့သည့်မဲရုံများမှာ ကွမ်ယိုက်ကျေးရွာအုပ်စုတွင် ၁၂၄၆ မဲ၊ ရွာလွတ်ကျေးအုပ်စုတွင် ၁၂၁၃၊ သက္ကော ကျေးရွာအုပ်စုတွင် ၇၃၂ စသည့်ကျေးရွာအုပ်စုအများစု၌ မဲရရှိခဲ့ခြင်းဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

ချောင်းဆုံမြို့နယ်ပြည်သူ့လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ( NLD)မှ ဦးအေးဝင်း၊ မွန်အမျိုးသားပါတီ (MNP)မှ နိုင်စိန်မြမောင်၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ(AMDP)မှ ဦးဝင်းထွဋ်(ခ) ဦးမြဝင်းနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ(တစည)မှ ဦးတင့်ဝေ တို့အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဦးအောင်ကြည်သိန်း အပြတ်အသတ်အနိုင်ရရှိခြင်း ဖြစ်သည်။

မဲဆန္ဒရှင် ဒေါ်မော်လီဝင်း က “ လယ်သမားတွေ နှစ်တိုင်းကြုံတွေ့နေတာကတော့ လယ်တွေ ရေနစ်မြုပ်တာပေါ့နော်၊ နောက် ကျေးရွာရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်သူကိုပဲ ကိုယ်စားလှယ်လောင်း ရွေးချယ်ထားတယ်” ဟုပြောသည်။

ချောင်းဆုံမြို့နယ် ၂၀၁၇ ပြည်သူ့လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲ၌ မဲပေးပိုင်ခွင့်ရှိသူ ၁၂၆၂၂၅ ဦးရှိသည့်အနက် မဲပေးသူဦးရေ ၄၇၀ဝ၀ သာရှိကြောင်း ချောင်းဆုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး စာရင်းအရ သိရသည်။

NLD ပါတီအနေဖြင့် ချောင်းဆုံမြို့နယ် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာတွင် မဲအရေအတွက် ၂၃၀ဝ၀ နီးပါးခန့်ဖြင့် အနိုင်ရရှိခဲ့သော်လည်း ယခုကြားဖြတ်ရွေးကောက်ပွဲတွင် မဲအရေအတွက်တစ်သောင်းကျော်လျော့ကျပြီး မဲရှုံးရသည်ဟု စောင့်ကြည့်လေ့လာသူများက သုံးသပ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts