spot_img
Saturday, February 21, 2026
More
    spot_img
    Homeသတင်းUNFC ထိပ်သီးခေါင်းဆောင်များ ညှိနှိုင်းတိုင်ပင်ပြီးမှ NCA ထိုးရေးဆုံးဖြတ်မည်

    UNFC ထိပ်သီးခေါင်းဆောင်များ ညှိနှိုင်းတိုင်ပင်ပြီးမှ NCA ထိုးရေးဆုံးဖြတ်မည်

    -

    UNFC ဖွဲ့စည်းထားသည့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN နှင့် အစိုးရ ငြိမ်းချမ်းရေးကော်မရှင်တို့ တွေ့ဆုံဆွေးနွေးပြီးနောက် အဆိုပြုချက် ၉ ချက်ကိုမူအရ သဘောတူထားသော်လည်း UNFC အဖွဲ့ဝင် ထိပ်သီးခေါင်းဆောင်အားလုံး ညှိနှိုင်းတိုင်ပင်ပြီးမှသာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA စာချုပ် လက်မှတ်ရေးထိုးရေး ဆုံးဖြတ်မည်ဟု သိရသည်။

    ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်များဖြစ်သည့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) နဲ့ ဝ,အမျိုးသားအဖွဲ့ချုပ် (WNO) တို့ NCA လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း မတ်လ ၃ဝ ရက်ညနေပိုင်းတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး သတင်းထုတ်ပြန်ချက်အပေါ် UNFC က ပြန်လည်ပြောကြားခြင်းဖြစ်သည်။

    နိုင်ငံတော်အတိုင်ပင်ခံရုံးကြေညာချက်(Copy)

    UNFC ဒုဥက္ကဌ နိုင်ဟံသာက “ မွန်ပြည်သစ်ပါတီအနေနဲ့ရော UNFC ပါ NCA လက်မှတ်ထိုးဖို့တရားဝင်မဆုံးဖြတ်ရသေးဘူး၊ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုသတင်းမှားတွေရောက်သွားလဲမသိဘူး၊ အစိုးရကိုလည်း ကျနော်တို့တရားဝင် အကြောင်းကြားထားတာ မရှိဘူး။ ဒီသတင်းက ပြည့်စုံမှန်ကန်မှုမရှိပါဘူး” ဟု ဆိုသည်။

    မကြာမီရက်ပိုင်းအတွင်း UNFC အဖွဲ့ဝင်များ၏ ထိပ်သီးခေါင်းဆောင်များပါဝင်သည့်အစည်းအဝေးတွင် မူအားဖြင့် အစိုးရသဘောတူညီခဲ့သည့် အချက် ၉ ချက်ကို ဆွေးနွေးမည့်အပြင် တိုးတက်ဖြစ်ပေါ်မှုများကိုလည်း ထုတ်ပြန်သွားမည်ဟု သိရသည်။

    အလားတူ သင်္ကြန်ပွဲတော်အလွန် ကျင်းပမည့်မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီအစည်းအဝေးတွင်လည်း NCA လက်မှတ်ထိုးရေးနှင့်ပတ်သက်၍ ဆွေးနွေး အတည်ပြုကြမည်ဖြစ်သည်။

    NCA စာချုပ်လက်မှတ်မထိုးရသေးသည့် UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့ဝင် ၅ ဖွဲ့အနေဖြင့် လက်မှတ်ရေးထိုးမည့်အကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှစ်ပတ်လည်မိန့်ခွန်းအပြီး ပြောဆိုချက်မှာ ဆန္ဒစောပြီးပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

    “တိုင်းရင်းသားလက်နက်ကိုင် EAO ထဲကနေပြီးတော့ မီဒီယာကို ပြောတာပေါ့နော်။ မွန်ပြည်သစ်ပါတီက နိုင်ဝင်းလှတို့ ၊ အဲ့လိုမျိုး ထိုးမယ့်အဖွဲ့တွေနဲ့ ပတ်သက်ပြီးတော့ မွန်ပြည်သစ်မှာလည်း Decision ချလိုက်တယ်ဆိုပြီး ပြောလာတယ်ပေါ့နော်။ Source ကတော့ မီဒီယာ Source တခုတည်းတော့မဟုတ်ဘူး ကျန်တဲ့နေရာက Source တွေရတဲ့အတွက် ဒါကို ဝမ်းသာစရာ သတင်းအနေနဲ့ လုပ်လိုက်တယ်” ဟု ဦးဇော်ဌေးက ဆိုသည်။

    ယခုအခါ NCA လမ်းကြောင်းပေါ်မလိုက်ပါသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစု(နိုင်ငံရေးဆွေးနွေးမှု ကော်မတီ)တရပ် ဖြစ်ပေါ်လာသည့်အတွက် မွန်ပြည်သစ်ပါတီပါတီအနေဖြင့် All Inclusive အားလုံးပါဝင်ရေးမူကိုစွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း၊ မိမိတို့တပ်ပေါင်းစု UNFC အဖွဲ့ဝင်များနှင့်အတူ NCA လက်မှတ်ရေးထိုးရေးအတွက် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့်သီတင်းပတ်တွင် မော်လမြိုင်မြို့ပေါ်ရှိ မွန်ရဟန်းသံဃာတော်များ၊ မွန်နိုင်ငံရေးပါတီများနှင့် မွန်လူမှုအဖွဲ့အစည်း CSO များအား တွေ့ဆုံရှင်းလင်းပွဲတရပ်ပြုလုပ်စဉ် မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာဌာနတာဝန်ခံ နိုင်ဝင်းလှ အသိပေးပြောကြားခဲ့သည်။

    UNFC အဖွဲ့ဝင်ဖြစ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့သည် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဦးဆောင်သော လက်ရှိပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်နေသည့် NCA စာချုပ်ကိုလက်မခံသည့် “နိုင်ငံရေးဆွေးနွေးမှု ကော်မတီ” တွင် ပူးပေါင်းပါဝင်သွားပြီဖြစ်သည်။

    လက်ရှိတွင် UNFC အဖွဲ့ဝင်များဖြစ်ကြသည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO , ရှမ်းပြည်တိုးတက်ရေးပါတီ SSPP, နှင့် မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) ဝ,အမျိုးသားအဖွဲ့ချုပ် (WNO) တို့သည် NCA လက်မှတ်ရေးထိုးရေးတွင် အယူအဆနှစ်ခြမ်းကွဲနေပြီဟု နိုင်ငံရေးလေ့လာသူများ သုံးသပ်ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks