Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးမွန်ပြည်နယ် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ပိုလျှံငွေ ကျပ်သန်းပေါင်း ၁၃၆၁ ကျော်ပြန်အပ်နှံ

မွန်ပြည်နယ် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ပိုလျှံငွေ ကျပ်သန်းပေါင်း ၁၃၆၁ ကျော်ပြန်အပ်နှံ

-

မွန်ပြည်နယ်၌ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဌာန ၁၃ ခုမှ ပိုလျှံငွေ ကျပ်သန်းပေါင်း ၁၃၆၁ ကျော်ကို ပထမအကြိမ် ပြန်လည်အပ်နှံခဲ့သည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်က ပြောသည်။

ဌာန ၁၃ ခုမှ သာမန်နှင့် ငွေလုံးငွေရင်း စုစုပေါင်း ကျပ်သန်း ၁၃၆၁ ဒသမ ဝ၉၃ ကို ပြန်လည်အပ်နှံသည့်အနက် ဌာန ၄ ခု၏ ငွေလုံးငွေရင်း တင်ဒါပိုငွေ ကျပ်သန်းပေါင်း ၁၅၈ ဒသမ ၄၇၁ လည်း ပါဝင်သည်ဟု ၄င်းက ပြောသည်။

မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဆွေးနွေးတင်ပြစဉ်(Tun Min Aung Facebook)

“ပြန်လည်အပ်နှံတဲ့ ပိုလျှံငွေတွေကို အစိုးရအဖွဲ့ ဆုံးဖြတ်ချက်နဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အမျိုးအစားပေါင်း ၂၃၄ ခုမှာ သုံးစွဲသွားမယ်၊ အဲထဲမှာ တင်ဒါပိုလျှံငွေ ကျပ်သန်း ၁၅၈ ကျော်ကိုလည်း ထည့်သွင်း သုံးစွဲထားတယ်” ဟု ဝန်ကြီး ဦးဝဏ္ဏကျော်က ပြောသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အထွေထွေပိုလျှံငွေများဖြင့် မွန်ပြည်နယ် ၁၀ မြို့နယ်အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး မတ်လ ၃၁ ရက်နေ့အပြီး ဆောင်ရွက်မည်ဟုလည်း ၄င်းက ဆက်ပြောသည်။

ပိုလျှံငွေပြန်လည်အပ်နှံသည့် ဌာန ၁၃ ခုမှ ပြည်နယ်အစိုးရအဖွဲ့၊ တရားလွှတ်တော်၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သတ္တုတွင်းဦးစီးဌာန၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ်ကုန်တင်ကုန်ချလုပ်ငန်း၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့တို့ဖြစ်သည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွင်လည်း ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက တစ်နှစ်ပတ်လုံးတင်ဒါခေါ်ယူခြင်းမှ ရရှိလာသည့် ပိုလျှံငွေများအား မည်သို့အသုံးပြထား မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ပထမအကြိမ် ပိုလျှံငွေပြန်လည်အပ်နှံသည့် ဌာနအဖွဲ့အစည်း အမည်စာရင်းနှင့် တင်ဒါပိုလျှံငွေများကို မည်သည့်နေရာတွင် အသုံးပြုထားသည်ဆိုသည့် စာရင်းပြည့်ပြည့်စုံစုံကို လွှတ်တော်သို့ ပေးပို့ရန်လည်း ၄င်းက တောင်းဆိုထားသည်။

“ဒါကလည်း လာမယ့် ဘတ်ဂျက် နှစ်မှာ ဒီဌာနတွေ ဘာကြောင့် မသုံးစွဲသလဲဆိုတာ လွှတ်တော်ကိုယ်စားလှယ်တွေက စီစစ်သုံးသပ်စေဖို့အတွက် ဒီဟာကိုတောင်းခံခြင်းဖြစ်ပါတယ်” ဟု ဦးဇော်ဇော်ထူးက ပြောသည်။

ပြည်ထောင်စုအစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် ၂၀၁၆-၂၀၁၇ခု ဘဏ္ဍာရေးနှစ်အတွက် မွန်ပြည်နယ်ရံပုံငွေတွင် ပါဝင်သော ဌာနအဖွဲ့အစည်းများအနေဖြင့် ခွင့်ပြုရံပုံငွေများမှ မသုံးစွဲဖြစ်သည့် အသုံးစရိတ်များအား ပြန်လည်အပ်နှံရန် ဌာနအဖွဲ့အသီးသီးသို့ ညွန်ကြားခဲ့ပြီး ဌာန ၁၃ ခုမှ ပြန်လည်အပ်နှံခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts