spot_img
Friday, February 27, 2026
More
    spot_img
    Homeသတင်းကိုယ်စားလှယ်မဲအများစုအသုံးချ၍ဆုံးဖြတ်ချက်ချခြင်းသည် လွဲမှားသောဆုံးဖြတ်ချက်ဟု UNA ထုတ်ပြန်

    ကိုယ်စားလှယ်မဲအများစုအသုံးချ၍ဆုံးဖြတ်ချက်ချခြင်းသည် လွဲမှားသောဆုံးဖြတ်ချက်ဟု UNA ထုတ်ပြန်

    -

    မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့နယ်ကို ဆက်သွယ်တည်ဆောက်ထားသော သံလွင်တံတား (ချောင်းဆုံ) အား ပြည်သူ့လွှတ်တော်မှ ဗိုလ်ချုပ်အောင် ဆန်းတံတားဟု အမည်ပေးသတ်မှတ်ခြင်းသည် လွဲမှားသော ဆုံဖြတ်ချက်ဖြစ်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) က မတ်လ (၁၈) ရက်နေ့စွဲဖြင့် သဘောထားထုတ်ပြန်လိုက်သည်။

    ဒေသခံလူထု၏ ဆန္ဒသဘောထားများကို ဆန့်ကျင်ကာ ကိုယ်စားလှယ်မဲအများစုကို အသုံးချပြီး ဆုံးဖြတ်ချက်ချ ခဲ့ခြင်းသည် အလွန်လွှဲမှားသော ဆုံးဖြတ်ချက်ဟု ရှုမြင်ပါကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ထိခိုက်မည်ဆိုလျှင် ကိုယ်စားလှယ်မဲ အများစုဖြစ်နေပါစေ ရှင်းရှင်းလင်းလင်း ရှောင်ရှားရမည်ဟု ထုတ်ပြန်ကြေငြာချက်တွင် ဖော်ပြထားသည်။

    UNA ထုတ်ပြန်ချက်(Copy)

    UNA အဖွဲ့၏ အတွင်းရေးမှူးအဖွဲ့ဝင် SNLD ပါတီမှ အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်က “လွှတ်တော်မှာ ဒီထက်အရေးကြီးတဲ့ကိစ္စတွေ ရှိတယ်။ ဘက်ဂျက်ကိစ္စတွေ ရှိတယ်။ နိုင်ငံတော်မှ ယိုယွင်းနေတဲ့ အများကြီး လုပ်စရာရှိပါတယ်။ ဒီထက်အရေးကြီးတဲ့ တစ်နိုင်ငံလုံး ခြုံတဲ့ကိစ္စကို လုပ်စေချင်တယ်။ ဒေသတစ်ခု မှာရှိတဲ့ အမည်ပြောင်းရုံလောက်တော့ လွှတ်တော်အထိတက်ပြီး မလုပ်စေချင်ဘူး” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ဌာနေတိုင်းရင်းသားများအနေဖြင့်လည်း တရားဝင်နည်းလမ်းများဖြင့် လွှတ်လပ်စွာ ဖော်ထုတ်ရန်လိုအပ်ကြောင်း နှင့် UNA မှ ထုတ်ပြန်သောကြေငြာချက်ပါ အချက်အလက်များအပေါ် တုံ့ပြန်မှုကို စောင့်ဆိုင်းနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

    ယခုအခါ အငြင်းပွားနေကြသည့် သံလွင်တံတား (ချောင်းဆုံ) အမည်ပေးရေးနှင့် ပတ်သက်၍ ပြည်သူ့လွှတ် တော်က ဗိုလ်ချူပ်အောင်ဆန်းတံတားဟု အမည်ပေးရန် မဲအများစုဖြင့် ဆုံးဖြတ်ချက်မချမီ ၁၁ ရက်ခန့်အလိုတွင် မွန်အမျိုးသားများဦးဆောင်ပါဝင်သော လူထုသုံးထောင်ကျော်က အဆိုပါ အမည်ပေးခြင်းအား သဘောမတူကြောင်း ဆန္ဒဖော်ထုတ်ခဲ့ပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

    မော်လမြိုင်တံတား (ချောင်းဆုံ) နှင့် ပတ်သက်ပြီး တိုင်းရင်သားများလည်း ကန့်ကွက်ကြပြီး မွန်အမျိုးသားတို့၏ ကန့်ကွက်လှုပ်ရှားမှုကို အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ သဘောထားထုတ်ပြန်ခြင်းဖြစ်ကြောင်း UNA အဖွဲ့၏ အတွင်းရေးမှူးအဖွဲ့ဝင် မွန်အးမျိုးသားပါတီ တွဲဖက်အတွင်းရေးမှူး နိုင်စိုးမြင့်က ပြောသည်။

    နိုင်စိုးမြင့်က “အစိုးရနေနဲ့ ပြည်သူ့လွှတ်တော်ကနေ မွန်တွေအပေါ်မှာ အနိုင်ယူတာတွေ တိုင်းရင်းသားတွေက မလိုလားဘူးဆိုတာ ပေါ်လွင်စေချင်တယ်” ဟု ၎င်းက ဆိုပါသည်။

    သံလွင်တံတား (ချောင်းဆုံ) အမည်ပြောင်းလဲခြင်းဆိုင်ရာ အမျိုးသားရေးအသွင် လှုပ်ရှားမှုဖြင့် လူအင်အား နှစ်သောင်း(၂၀ဝ၀ဝ) ကျော် မတ်လ (၁၉) ရက်နေ့ နံနက် (၈) နာရီမှ (၁၂) နာရီအထိ မော်လမြိုင်မြို့တွင် ဆန္ဒဖော်ထုတ်ခဲ့သည်။

    ထို့အတူ သံလွင်တံတား (ချောင်းဆုံ) အမည်ပြောင်းလဲခြင်းအပေါ် နိုင်ငံတကာရောက် မွန်အမျိုးသား ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ (OMCC) နှင့် စင်္ကာပူနိုင်ငံ မွန်အဖွဲ့အစည်းအနေဖြင့်လည်းကောင်း မွန်ပြည်နယ်အတွင်းရှိ မွန်၊ ကရင်၊ ပအို့ဝ် အမျိုးသားရေးဦးဆောင်သူများကလည်း သဘောထားများ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

    တန်းတူညီမျှပြီး ကိုယ်ပိုင်ပြ ဌာန်းခွင့်ရှိသော မဟာမိတ်အဖွဲ့အစည်းတစ်ခုဖြစ်သည့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) တွင် တိုင်းရင်းသားပါတီ (၁၅) ခု ပူးပေါင်းပါဝင်လျှက်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks