Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေး‘ဗိုလ်ချုပ်အောင်ဆန်းတံတား’ သတ်မှတ်သည့် အပေါ် ဂုဏ်ယူရမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ်ပြော

‘ဗိုလ်ချုပ်အောင်ဆန်းတံတား’ သတ်မှတ်သည့် အပေါ် ဂုဏ်ယူရမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ်ပြော

-

မွန်ပြည်သူလူထုမှ မော်လမြိုင်-ချောင်းဆုံ (သံလွင်မြစ်) ကူးတံတားအား ‘ဗိုလ်ချုပ်အောင်ဆန်းတံတား’ ဟု အမည်ကို ကန့်ကွက်လျက်ရှိပြီး မွန်ပြည်နယ်ဝန်ကြီးချုပ်က ၎င်းအမည်ပေးခြင်းကို ဂုဏ်ယူရမည်ဟု မတ်လ ၁၅ ရက်နေ့၊ ဒုတိယအကြိမ် မွန်ပြည်လွှတ်တော်အစည်းအဝေးအပြီးတွင် သတင်းမီဒီယာများအား ပြောကြားခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက “အကုန်လုံးက ပြည်ထောင်စုက လုပ်ပေးတာပဲ။ ပြည်ထောင်စု ရန် ပုံငွေနဲ့ လုပ်ပေးတာ။ ဒါနဲ့ပက်သတ်ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းအမည်ပေးတာ ကျွန်တော်တို့အနေနဲ့ ရှင်းရှင်း ပြောရရင် ဂုဏ်ယူရမှာပဲ” ဟု ဆိုသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ(MNA)

၁၉၃၅ ခုနှစ် မြန်မာနိုင်ငံအက်ဥပဒေအရ တောင်ပေါ်အုပ်ချုပ်ရေးနှင့် မြေပြန့်အုပ်ချုပ်ရေးဥပဒေရှိကြောင်း၊ ဗိုလ် ချုပ်အောင်ဆန်းသာ ပင်လုံညီလာခံကို မပြုလုပ်လာနိုင်ခဲ့လျှင် မြန်မာပြည်၏မြေပုံသည် အခုလိုဖြစ်လာမည် မဟုတ်ကြောင်း ဝန်ကြီးချုပ်က ဆက်ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်ပေးသည့်ကိစ္စနဲ့ပက်သတ်ပြီး မတ်လ ၂ ရက်နေ့တွင် ချောင်းဆုံဒေသခံ ၃၀ဝ၀ ကျော်က ဒေသအမည်နှင့် သင့်လျော်သည့်အမည်ပေးရန် ဆန္ဒပြတောင်းဆိုထားရှိပြီး အစိုးရဘက်မှ လက်လျောမှုမရှိသည့်အတွက် လာမည့် မတ်လ ၁၉ ရက်နေ့တွင် မွန်တစ်မျိုးသားလုံးအတိုင်းတာဖြင့် အင်အား တစ်သောင်းခန့် ထပ်မံဆန္ဒပြသွားမည်ဟု ဆန္ဒပြဦးဆောင်သူများမှသိရသည်။

မွန်အမျိုးသားရေးလှုပ်ရှားသူ နိုင်မွန်ရာဇာက “အခုကျွန်တော်တို့ဆန္ဒပြမှာက မွန်တမျိုးသားလုံးသက်သက်မဟုတ်ဘူး။ တခြားတိုင်းရင်းသားနိုင်ငံရေးပါတီတွေကလည်း လာဖို့ရှိပါတယ်။ သူတို့တွေကလဲ ကျွန်တော်တို့ရဲ့ ကြွေးကြော်အသံ အတိုင်းပဲ ကြွေးကြော်သွားမယ်” ဟု ဆိုသည်။

အဆိုပါဆန္ဒပြရာတွင် အနယ်နယ်အရပ်ရပ်မှ လာရောက်သူများအား၏ယာဉ်များအား စည်းကမ်းတကျထားရှိ ရန်၊ လုံခြုံရေးတာဝန်ယူရန်နှင့် သောက်သုံးရေဖြန့်ဝေရန်အတွက် တာဝန်ခွဲဝေထားပြီးဖြစ်ကြောင်း နိုင်မွန်ရာဇာ ကဆက်ပြောသည်။

ယင်းတံတားအမည်ကိစ္စအား ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပသည့် မတ်လ ၁၄ ရက်နေ့တွင် ကိုယ်စားလှယ် ၁၅ ဦးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးတို့ ဆွေးနွေးခဲ့ကြပြီး ကန့်ကွက်သူရှိသဖြင့် စက်ခလုတ်နှိပ်မဲပေးရာ ထောက်ခံမဲ ၂၁၇ မဲ၊ ကန့်ကွက်မဲ ၄၃ မဲနှင့် ကြားနေမဲ ၁၁၆ မဲဖြင့် အဆိုကို အတည်ပြုခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts