spot_img
Saturday, February 21, 2026
More
    spot_img
    Homeအယ်ဒီတာ့အာဘော်ဒီမိုကရေစီအာဏာရှင်မဆန်သင့်ပါ

    ဒီမိုကရေစီအာဏာရှင်မဆန်သင့်ပါ

    -

    မော်လမြိုင်-ဘီးလူးကျွန်းဆက်သွယ်သည့် သံလွင်တံတား(ချောင်းဆုံ)ကို “ဗိုလ်ချုပ်အောင်ဆန်းတံတား” အမည်ပေးရန် မွန်နိုင်ငံရေးပါတီမှခေါင်းဆောင်တစ်ဦး၏ သမီးဖြစ်သူ NLD ပါတီပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က လွှတ်တော်သို့အဆိုတင်သွင်းခဲ့မှုအပေါ် ဒေသခံများသာမက မွန်တမျိုးသားလုံးပါ လက်မခံဒေါသသံနှင့်အတူ ဝေဖန်တုန့်ပြန်ပြောဆိုသံများ ထွက်ပေါ်လာသည်။

    တံတားတည်ရှိရာ မော်လမြိုင်-ချောင်းဆုံမဲဆန္ဒနယ်မြေခံမဟုတ်သူ ပေါင်မြို့နယ်ကိုယ်စားလှယ် မိကွန်ချမ်းက ပြည်သူ့လွှတ်တော်သို့ ဖေဖော်ဝါရီ ၂၈ ရက်နေတွင် “ဗိုလ်ချုပ်အောင်ဆန်းတံတား” အမည်သတ်မှတ်ပေးပါရန် အစိုးရအားတိုက်တွန်းကြောင်း အဆိုတင်သွင်းရာ၌ ကန့်ကွက်သူနှစ်ဦးသာရှိသဖြင့် လွှတ်တော်ကအတည်ပြုရန် သေချာသလောက်ရှိနေသည်။

    သံလွင်တံတား(ချောင်းဆုံ) စီမံကိန်း(MNA)

    ယင်းကဲ့သို့ တံတားအမည်ပြောင်းလဲမည့်အဆိုအားလက်မခံနိုင်သဖြင့် ဘီလူးကျွန်းဒေသခံနှင့်အတူ မြို့နယ်များမှမွန်အဖွဲ့အစည်းအသီးသီးတို့ လူအင်အားသုံးထောင်ကျော်စုစည်းပြီး သံလွင်တံတား(ချောင်းဆုံ) ထိပ် ကညော်ကျေးရွာအနီးမှာ မတ်လ ၂ ရက်နေ့က ဆန္ဒဖော်ထုတ်ပွဲပြုလုပ်ခဲ့ရာတွင် “ဗိုလ်ချုပ်အောင်ဆန်းကို မလေးစားခြင်းမဟုတ်”၊ ဒေသခံတို့၏သဘောထားကို လစ်လျူပြုပြီး နေပြည်တော်လွှတ်တော်က နိုင်ထက်စီးနင်းပြုလုပ်လာသည့်အတွက် ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း ဆိုကြပါသည်။

    ပြီးခဲ့သည့်ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင်ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့တွင် “ဗိုလ်ချုပ်အောင်ဆန်းတံတား” အမည်ပေးကင်ပွန်းတပ်ရန်အစီအစဉ်ကို ဒေသခံတို့၏ကန့်ကွက်ပြောဆိုမှုကြောင့်ဖျက်သိမ်းခဲ့ပြီးဖြစ်သလို မွန်ပြည်နယ်အစိုးရက ဒေသခံတို့၏သဘောဆန္ဒအတိုင်း “ဗိုလ်ချုပ်အောင်ဆန်းတံတား” အမည်မပေးရန်ဆုံးဖြတ်ခဲ့သည့်အတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး နုတ်ထွက်ခဲ့ရသည်ဟုလည်း ၄င်းအင်တာဗျူးများတွင် ဖတ်ရှုခဲ့ရသည်။

    ယင်းကဲ့သို့ တံတားအမည်ပြောင်းလဲသည့်ကိစ္စတွင် အဆိုရှင်မိကွန်းချမ်းအနေဖြင့် ၄င်း၏ဆန္ဒအလျောက်တင်သွင်းခြင်းလော(သို့တည်းမဟုတ်) အထက်ပုဂ္ဂိုလ်တစ်ဦးဦး၏ ဖိအားပေးခြင်းကြောင့်လော သို့လောသို့လောဖြစ်နိုင်ခြေများအနက် ကာယကံရှင် ဦးမင်းမင်းဦး ဝန်ကြီးချုပ်မှနုတ်ထွက်ရသည့်ကိစ္စ ပြောဆိုချက်ကိုထောက်ရှုပါက NLD ထိပ်ပိုင်းပုဂ္ဂိုလ်အချို့ပါဝင်ပတ်သက်နေသည်ဟု ကောက်ချက်ချရပေလိမ့်မည်။

    NLD ပါတီအာဏာရရှိလာပြီးနောက် ဗမာလူမျိုးများနေထိုင်ရာဒေသများတွင် ဗိုလ်ချုပ်အောင်ဆန်းအမည် သင်္ကေတများဖြင့် ပန်းခြံ၊ ရုပ်ထု၊ ရုပ်ပုံအထိမ်းအမှတ်များ ပိုမိုထားရှိလာသည်မှာ တစုံတရာပြဿနာမရှိသော်ငြား မကြာသေးခင်က ကချင်နှင့် မွန်ပြည်နယ်တွင် စိုက်ထူခဲ့သည့် ဗိုလ်ချုပ်ကြေးရုပ်အသစ်ကိစ္စတွင် ကန့်ကွက်မှုများရှိလာသည်ကို တွေ့ရသည်။

    အဘယ်ကြောင့်ဆိုသော် အုပ်ချုပ်သူဗမာအစိုးရအဆက်ဆက်က တိုင်းရင်းသားများအပေါ်ထားရှိခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ ကတိကဝတ်များကို လက်တွေ့အကောင်အထည်ဖော်မှု၊ တာဝန်ယူမှုမရှိသဖြင့် တိုင်းရင်းသားများနှင့်အတူ ရယူခဲ့ကြသော လွတ်လပ်ရေး၏အသီးအပွင့်များကို ဗမာလူမျိုးများမှအပ တိုင်းရင်းသားများမခံစားရသေးဟု တိုင်းရင်းသားများကြားတွင် ယူဆပြောဆိုနေကြဆဲ ဖြစ်သည်။

    လက်ရှိ NLD အစိုးရနှင့် NLD အမတ်အများစုကြီးစိုးထားရာလွှတ်တော်အသီးသီးတွင် နိုင်ငံရေးအတွေ့အကြုံမရှိသူ၊ နိုင်ငံရေးမလုပ်ဘူးသူ အများအပြားရောနှောပါဝင်လျက်ရှိရာ ပြည်ထောင်စု၏အရင်းခံပြဿနာနှင့် တိုင်းရင်းသားတို့၏လိုလားချက်များကို စာနာသိနားလည်သူနည်းပါးနေသည့်အလျောက် မိမိတို့၏အစိုးရနှင့် လွှတ်တော်၏အင်အားတန်းခိုးကြီးထွားမှုကိုအခွင့်ကောင်းယူ၍ တိုင်းရင်းသားများအပေါ် မိမိတို့စိတ်ကြိုက်ခြယ်လှယ်လွှမ်းမိုးလိုသည့်အတွက် တံတားအမည်ပြောင်းလဲမည့်ကိစ္စပါမကျန် ဖန်တီးလာသည်ဟု ရှုမြင်မိပါသည်။

    NLD အမတ်အများစုအနေဖြင့် မဲဆန္ဒရှင်ပြည်သူများကို ပေးထားသည့်ကတိအတိုင်း ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် အားထုတ်ကြိုးပမ်းနေသည်ကိုလည်း မကြားသိရသေးပေ။

    မဲအများဆုံးရရှိသည့်ပါတီ(ဝါ) လူဦးရေအများဆုံး(ဝါ) အင်အားကြီးမားဆုံး ဖြစ်သည်ဆိုသော်ငြား ဒီမိုကရေစီလမ်းစဉ်အရ အင်အားနည်းပါးသူ လူနည်းစု၏ဆန္ဒသဘောထားကိုလည်း လက်ခံအသိအမှတ်ပြုသင့်ပါသည်။ ထို့အပြင် တိုင်းရင်းသားလူနည်းစုအပေါ် အင်အားဖြင့် ဒီမိုကရေစီအာဏာရှင်ဆန်ဆန် အနိုင်ကျင့်သည့်လုပ်ရပ်သည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးတည်ဆောက်ရေးတို့နှင့် အလှမ်းဝေးနေလိမ့်ဦးမည်ဟု မွန်သတင်းအေဂျင်စီက ရှုမြင်မိပါကြောင်း။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks