spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်း“ဗိုလ်ချုပ်အောင်ဆန်းတံတား” သတ်မှတ်ခြင်းသည် တိုင်းရင်းသားအပေါ် အနိုင်ကျင့်ခြင်းဟု ဒေသခံများပြော

    “ဗိုလ်ချုပ်အောင်ဆန်းတံတား” သတ်မှတ်ခြင်းသည် တိုင်းရင်းသားအပေါ် အနိုင်ကျင့်ခြင်းဟု ဒေသခံများပြော

    -

    ဒေသခံများလက်မခံသည့် “ဗိုလ်ချုပ်အောင်ဆန်းတံတား” အမည်သတ်မှတ်ခြင်းကို နိုင်ငံတော်သမ္မတရုံးနှင့် ပြည်သူ့လွှတ်တော်ရုံးသို့ သဘောထားစာပေးပို့ခဲ့သော်လည်း ပြန်လည်အသိမှတ်ပြုခြင်းမရှိသည့်အပြင် မိမိတို့ပါတီဝင်အင်အားများပြားသည့်လွှတ်တော်မှ အများသဘောတူညီမှုဖြင့် အနိုင်ယူခြင်းသည် တိုင်းရင်းသား လူနည်းစုများအပေါ် အနိုင်ကျင့်ခြင်းပင်ဖြစ်ကြောင်း ဘီလူးကျွန်းဒေသခံများက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်စတုတ္ထအကြိမ်ပုံမှန်အစည်းအဝေး၌ မွန်ပြည်နယ်၊ ပေါင်မြို့နယ်မဲဆန္ဒနယ်မှ မိကွန်ချမ်းက မော်လမြိုင်မြို့ နှင့် ချောင်းဆုံမြို့နယ်(ဘီလူးကျွန်း) ကိုဆက်သွယ်သည့် သံလွင်မြစ်ပေါ်ရှိတံတားကို အမျိုးသားခေါင်းဆောင်ကြီး “ဗိုလ်ချုပ်အောင်ဆန်း” ၏ အမည်နာမဖြင့် ဂုဏ်ပြုသတ်မှတ်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းသည့်အဆိုအား ဆွေးနွေးရန်လွှတ်တော်အတည်ပြုခဲ့ပြီးနောက် ဒေသခံများက ယင်းကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

    သံလွင်တံတား(ချောင်းဆုံ)

    မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဒေါက်တာ နိုင်အောင်နိုင်ဦးက “ကျနော်တို့ဒေသခံတွေက ညီညွတ်ကြတယ်၊ မငြိမ်သက်မှု ဆူပူမှုဖြစ်မှာကိုစိုးရိမ်တယ်။ပြောချင်တာက အများဆန္ဒအရဆိုတဲ့ ဒီမိုကရေစီပေတံနဲ့ တိုင်းရင်းသားတွေအပေါ် အနိုင်ရကောင်း ရပေလိမ့်မည်၊ ဒါပေမယ့် မွန်တိုင်းရင်းသားတို့ရဲ့ ရင်တွင်းမှာခံစားနေရတာကြောင့် ရေရှည်စည်းလုံးညီညွတ်မှုကိုတော့ ရလိမ့်မည်မဟုတ်” ဟု ဆိုသည်။

    ဘီလူးကျွန်းရှိ မွန်သံဃာတော်အဖွဲ့၊ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုအဖွဲ့ (ဗဟို) တို့က အဆိုပါတံတားသည် ချောင်းဆုံဒေသနှင့်သာ ဆက်စပ်မှုရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာ မဆောင်သည့်အတွက်ကြောင့် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် မသင့်လျော်ပါကြောင်း၊ ဒေသခံများတွင် ပါတီများကွဲပြားမှု ရှိနေခြင်းကြောင့် မလိုအပ်သည့်ပြဿနာများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ စည်းရုံးရေးကာလဖြစ်နေသည့်အတွက်ကြောင့် ကြားဖြတ်ရွေးကောက်ပွဲအား ထိခိုက်နိုင်ကြောင်း၊ထို့ကြောင့် ဒေသနှင့် ဆက်စပ်သင့်လျော်သည့်အမည်သာ ပေးစေလိုကြောင်း ပြည်ထောင်စုအစိုးရထံသို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် သဘောထားစာ ပေးပို့သည်ဟု သိရသည်။

    မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ဘို့နက်ကျေးရွာ ဇေယျဝံသကျောင်းမှ ဆရာတော် ဘဒ္ဒန္တဝရဝံသက “ဒေသခံများရဲ့အမြင်က ဒါကအများစုနဲ့ အနိုင်ကျင့်တာပဲလို့မြင်တယ်၊ တံတားအမည်ကိစ္စနှင့်ပတ်သက်လို့ မွန်ပြည်နယ်အစိုးရက ဒေသခံတွေရဲ့ သဘောဆန္ဒကို အသိအမှတ်ပြုပါလျက်နဲ့ ၎င်းကိစ္စ ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ ရောက်သွားတာကတော့ ၎င်းတို့အများစုကိုယ်စားလှယ်နဲ့ အာဏာပြလိုက်တာပဲလို့ မြင်တယ်”ဟု မိန့်ကြားခဲ့သည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင်လည်း ဘီလူးကျွန်းရှိ မွန်သံဃာတော်အဖွဲ့၊ မွန်စာပေယဉ်ကျေးမှုအဖွဲ့၊မြို့နယ် မွန်လူငယ်အဖွဲ့ ၊မွန်စာပေယဉ်ကျေးမှုကော်မတီတို့ကလည်း ပထမအကြိမ် သဘောထားစာ ပေပို့ထားသည်ဟု သိရသည်။

    တံတားအမည်နှင့်ပတ်သက်၍ ဒေသခံများ၏ဆန္ဒနှင့်ကိုက်ညီသည့် အမည်သာ သတ်မှတ်သင့်ကြောင်း၊ မွန်အမျိုးသားပါတီအနေဖြင့်လည်း ဖေဖော်ဝါရီလ ၂၂ နေ့တွင် သမ္မတထံသို့ သဘောထားစာ တင်ပြထားသည်ဟု ပါတီ၏ အထွေထွေအတွင်းရေးမှူး နိုင်လယီတမက ဆိုသည်။

    နိုင်လယီတမက “တံတာအမည်နဲ့ပတ်သက်လို့ ကိုယ်စားလှယ်တစ်ဦး တင်သွင်းသည့်အဆိုကို လက်ခံဆွေးနွေးဖို့ ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့တယ်လို့ကြားရကြောင်း၊ ပြည်သူ့အသံ လွှတ်တော် အသံ ဟုဆိုနေသော်လည်း သံဃာတော်များနှင့် ဒေသခံပြည်သူများက သဘောထားစာ ပေးပို့ထားသော်လည်း အသိအမှတ်မပြုတာကို ဝမ်းနည်းမိကြောင်း၊ ဒီမိုကရေစီအရ မိမိတို့လူမျိုး၏ ဆန္ဒကို ဆန့်ကျင်လာလျှင် မိမိတို့လူမျိုး၏ဆန္ဒအတိုင်း ကျနော်တို့ပါတီလည်း ပါဝင်သွားမယ်” ဟု ဆက်ပြောသည်။

    ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့သည့် မော်လမြိုင်-ချောင်းဆုံ(သံလွင်မြစ်ကူး) တံတားသည် အရှည် ၁၇၅၉ ပေ၊ အကျယ် ၆၄ ပေ၊ မုပွန်ချဉ်းကပ်တံတား ၆၈၉ ပေနှင့် ကညှော် ချဉ်းကပ် တံတား ၂၇၅၆ ပေရှိပြီး လာမည့် ဧပြီလတွင် တံတားဖွင့်ပွဲအခန်းအနား ကျင်းပရန်စီစဉ်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks