spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်အစိုးရရုတ်သိမ်းခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်ကို ပြည်သူ့လွှတ်တော်တွင် အဆိုတင်သွင်း

    မွန်ပြည်နယ်အစိုးရရုတ်သိမ်းခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်ကို ပြည်သူ့လွှတ်တော်တွင် အဆိုတင်သွင်း

    -

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ ချောင်းဆုံ(ဘီလူးကျွန်း) သို့ ဆက်သွယ်သည့်သံလွင်မြစ်ကူးတံတားအား “ဗိုလ်ချုပ်အောင်ဆန်းတံတား” အမည်ပေးအပ်မည်ကို ယခင်မွန်ပြည်နယ်အစိုးရအဖွဲ့ ကတ်ဘိနက်အစည်းအဝေးက ရုတ်သိမ်းကြောင်း ဆုံးဖြတ်ခဲ့သော်လည်း ယနေ့(ဖေဖော်ဝါရီ ၂၈ ရက်) ပြည်သူ့လွှတ်တော်တွင် တိုက်တွန်းကြောင်းအဆိုတင်သွင်းခဲ့သည်ကို တွေ့ရသည်။

    မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့တို့ သွားလာရေးလွယ်ကူစေရန် သံလွင်မြစ်ပေါ်ထိုးထားသည့်တံတားအမည်အား အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အမည်နာမဖြင့် ဂုဏ်ပြုသတ်မှတ်ပေးပါရန် ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်းက ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆို တင်သွင်းစဉ် ယင်းသို့ပြောကြားခြင်း ဖြစ်သည်။

    သံလွင်တံတား(ချောင်းဆုံ)(mna)
    မိကွန်ချမ်းက “ဗိုလ်ချုပ်အောင်ဆန်းကို မသမာသူရဲ့လုပ်ကြံမှုကြောင့် လူကတော့ကျဆုံးသွားပြီးဖြစ်ပါတယ်၊ ယခုတဖန် တိုင်းရင်းသားညီအစ်ကိုယ်မောင်နှမ အနည်းစုကြောင့် ဗိုလ်ချုပ်အောင်ဆန်းရဲ့အမည်ကို ထပ်မံပြီးတော့ လုပ်ကြံကြဦးမယ်ဆိုရင် ကမ္ဘာ့သမိုင်းအလယ်မှာ ကျမတို့ရှက်ဖွယ်အလီလီ ဖြစ်နေပါပြီ” ဟု ပြောသည်။

    မြန်မာနိုင်ငံရှိ အထင်ကရနေရာများအား “ဗိုလ်ချုပ်အောင်ဆန်း”အမည်ပေးခြင်းအပေါ် အချို့သူများခါးခါးသီးသီး ငြင်းဆန်နေခြင်းသည် အမြင်ကျဉ်းမြောင်းခြင်းဖြစ်ကြောင်း ယနေ့(ဖေဖော်ဝါရီ ၂၈ ရက်) တွင်ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ သူမက ဝေဖန်ပြောကြားလိုက်သည်။

    သူမ၏အဆိုအရ မြန်မာနိုင်ငံတွင် သူရဲကောင်းအမည်များဖြင့်မှည့်ခေါ်တည်ဆောက်ထားသည့် တံတားများရှိခဲ့သော်လည်း ဗိုလ်ချုပ်အောင်ဆန်း၏အမည်ဖြင့် တံတားတစ်စင်းမှမရှိသေးကြောင်း၊ အာဏာရှင်များစနစ်ခေတ်တွင် နာမည်ပေးဖို့တောင်းဆိုရန်မပြောပါနှင့် နာမည်မကြားရသလောက်ပါပဲဟု ဆိုသည်။

    သို့ရာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့တွင် အဆိုပါသံလွင်မြစ်ကူးတံတားအား “ဗိုလ်ချုပ်အောင်ဆန်းတံတား” ဟု ဆိုင်းဘုတ်တင်အမည်ပေးအပ်မည့်အစီအစဉ်ကို ရုတ်သိမ်းလိုက်ကြောင်း ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် မွန်ပြည်နယ်အစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့ကြောင်း၊ အဆိုပါတံတား အမည်ပေးသတ်မှတ်ခြင်းကို ဒေသခံများ၏သဘောထားဆန္ဒ ခံယူသွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်ဟု မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက မွန်သတင်းအေဂျင်စီက ပြောကြားခဲ့သည်။

    ဒေါက်တာ မင်းကြည်ဝင်း က “သံလွင်တံတား(ချောင်းဆုံ) ဆိုင်းဘုတ်တင်ဖို့အတွက်ကို အခုလောလောဆယ်တော့ ရပ်ထားတယ်၊ ဒေသခံတွေရဲ့အသံကို ကျနော်တို့ အသိအမှတ်ပြုသွားမယ်” ဟု ပြောသည်။

    ထို့အတူ မော်လမြိုင်-ချောင်းဆုံ သံလွင်မြစ်ကူးတံတားကို မွန်ပြည်နယ်နှင့် ဆက်စပ်မှုမရှိသည့် ‘ဗိုလ်ချုပ်အောင်ဆန်းတံတား’ ဟု ပြည်ထောင်စုအစိုးရ အမည်နာမပေးအပ်မည့်အပေါ် ဒေသခံများ လက်မခံဟု သိရသည်။

    ချောင်းဆုံဒေသခံ မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက “ဒီတံတားနဲ့ ဒီနာမည်နဲ့ ဘာတခုမှ ဆက်စပ်မှုမရှိဘူး၊ ဒါကြောင့် ဒီနာမည်ကို ကျနော်တို့အနေနဲ့ ဘယ် လိုမှ လက်မခံနိုင်ဘူး” ဟု ဆိုသည်။

    အဆိုပါတံတားအမည်ကိစ္စကို မွန်လွှတ်တော်ဘက်တွင် ဆက်လက်ကြိုးစားသွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုအစိုးရမှ ပြန်လည်သုံးသပ်ပေးနိုင်ရန် စာရေးတင်ပြသင့်ကြောင်းနှင့် ဆန္ဒပြသင့်လျင် ပြရမည်ဖြစ်ကြောင်း ဒေါက် တာအောင်နိုင်ဦးက ဆက်ပြောသည်။

    ထို့အတူ အထက်ပါ ပြည်သူ့လွှတ်တော်တွင် တိုက်တွန်းအဆိုတင်သွင်းသည့်အပေါ် မွန်အရေးလှုပ်ရှားသူများက လူထုအင်အား ၅ တောင်ကျော် မတ်လ ၂ ရက်နေ့တွင် စုရုံးဆန္ဒထုတ်ဖော်ရန် စီစဉ်နေသည်ဟု သိရသည်။

    ဗိုလ်ချုပ်အောင်ဆန်းဟူသောတံတားမှာအမည်မှာ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏အမည်ကို ဂုဏ်ပြုမှည့်ခေါ်ခြင်းမှန်သော်လည်း တံတားအနေဖြင့် နိုင်ငံတော်အဆင့် မဟုတ်ခြင်း၊ တိုင်းရင်းသားလူမျိုးများ နေထိုင်ရာ မြို့ရွာများကို ဆက်သွယ်တည်ဆောက်ထားခြင်းကြောင့် ဒေသခံများအနေဖြင့် မွန်တို့၏ သမိုင်းအကြောင်း၊ မွန်လူမျိုးနှင့် ဆက်စပ်မှုရှိသည့် အမည်နာမကိုသာ သတ်မှတ်ပေးစေလိုကြောင်း မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ဗဟို)၊ မွန်ဒေသလုံးဆိုင်ရာ မွန်စာပေ နှင့် ဗုဒ္ဓဘာသာမွန်စာပေသင်ကြားရေး အဖွဲ့နှင့် မွန်အရေးလှုပ်ရှားသူအဖွဲ့များမှ သဘောထားထုတ်ပြန်ခဲ့ပြီး ဖြစ်သည်

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks