spot_img
Saturday, February 21, 2026
More
    spot_img
    Homeသတင်းNCA ရေးထိုးရေးနှင့် ညီလာခံတက်ရောက်နိုင်ရေး ဆွေးနွေးလိုကြောင်း UNFC သို့ ငြိမ်းချမ်းရေးကော်မရှင်စာပေးပို့

    NCA ရေးထိုးရေးနှင့် ညီလာခံတက်ရောက်နိုင်ရေး ဆွေးနွေးလိုကြောင်း UNFC သို့ ငြိမ်းချမ်းရေးကော်မရှင်စာပေးပို့

    -

    တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးနိုင်ရေးနှင့် ၂၁ ရာစု ပင်လုံ ညီလာခံ တက်ရောက်လာနိုင်ရေး ဆွေးနွေးလိုကြောင်း လက်မှတ်မထိုးရသေးသည့် ညီညွတ်သော တိုင်းရင်း သား လူမျိုးများဖယ်ဒရယ်ကောင်စီ UNFC သို့ ငြိမ်းချမ်းရေးကော်မရှင်မှ စာပေးပို့အကြောင်းကြားထားသည်ဟု ငြိမ်းချမ်းရေးအကြံပေး ဦးလှမောင်ရွှေ က ဖေဖော်ဝါရီ ၁ ရက်တွင် ပြောသည်။

    UNFC ၏ အလုပ်အဖွဲ့ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ DPN နှင့် ငြိမ်းချမ်းရေးကော်မရှင် ၏ အကြံပေးအဖွဲ့တို့ ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက် ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့၌ အလွတ်သဘောတွေ့ဆုံကာ ငြိမ်း ချမ်းရေးလုပ်ငန်းများကို ဆွေးနွေးခဲ့ကြသည်။

    ငြိမ်းချမ်းရေးအကြံပေး ဦးလှမောင်ရွှေ(ညာအစွန်လူ)-(Khin Zaw Oo Facebook)
    “ကျွန်တော်တို့ ဇန်နဝါရီ ၁၃ ရက် ချင်းမိုင်မှာ အလွတ်သဘောတွေ့ဆုံခဲ့တယ်၊ DPN နဲ့ပေါ့ အခု ငြိမ်းချမ်းရေး ကော်မရှင်က ဇန်နဝါရီ ၂၆ ရက် စာပို့အကြောင်းကြားထားတယ်။ တွေ့ဆုံဆွေးနွေးလိုတဲ့အကြောင်းပေါ့။ ရန်ကုန်မှာ ဆွေးနွေးဖို့ပေါ့။ NCA ထိုးမယ့် ကိစ္စနဲ့ ညီလာခံမှာ ပါဝင်လာနိုင်ရေးအတွက် ဒါတွေကို ဆွေးနွေးသွား မယ်”ဟု ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးလှမောင်ရွှေ ကပြောသည်။

    UNFC ၏ဗဟိုအလုပ်အမှုဆောင် အရေးပေါ်အစည်းအဝေးကို ဇန်နဝါရီ ၂၃ ရက်မှ ၂၅ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပခဲ့ကြပြီး ၂၁ ရာစုပင်လုံညီလာခံသို့ လေ့လာသူအဖြစ်သာ တက်ရောက်ခွင့်ရမည်ဆိုလျှင် တက်ရောက်မည်မဟုတ်ကြောင်း၊ NCA လက်မှတ်ရေးထိုးနိုင်ရေး ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ တွေ့ဆုံ ဆွေးနွေးရေး လမ်းကြောင်း ဖွင့်ထားသရွှေ ့ ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ထုတ်ပြန် ထား သည်။

    “ ဒီကိစ္စကတော့ ငြိမ်းချမ်းရေးကော်မရှင် PC က လမ်းညွန်တဲ့အတိုင်း ကျွန်တော်တို့က ဆွေးနွေးသွားမယ်။ အစိုးရက ချမှတ်တဲ့ ပေါ်လစီအတိုင်း ဆွေးနွေးသွားမယ်။ ဘယ်လို ပါဝင်ခွင့်ပြုမယ်ဆိုတာကတော့ ခေါင်းဆောင် ပိုင်းတွေက ဆုံးဖြတ်မှာဖြစ်တဲ့အတွက် ကျွန်တော်တို့ကတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမယ်”ဟု ဦးလှမောင်ရွှေ ကဆိုသည်။

    သို့ရာတွင် ရှမ်းပြည်နယ်လွှတ်တော်က မြောက်ပိုင်းမဟာမိတ်ကို အကြမ်းဖက်အဖြစ် သတ်မှတ်ခေါ်ဝေါ်နေခြင်းကြောင့် UNFC အဖွဲ့ဝင် KIA ခေါင်းဆောင်များ ပြည်တွင်းသို့ သွားရောက်ဆွေးနွေးရန်အခက်အခဲများရှိနေကြောင်း သိရသည်။

    ထို့အပြင် တပ်မတော်အနေဖြင့် အကြမ်းဖက်အဖွဲ့များအဖြစ် တရားဝင် ခေါ်ဝေါ်သုံးစွဲကာ အကြောင်းအမျိုးမျိုးပြပြီး ပိုမို ထိုးစစ်ဆင်နေခြင်းမှာ တွေ့ဆုံဆွေးနွေးရေးဖြစ်စဉ်ကို ပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းပင်ဖြစ်သည်ဟု ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီ UNFC က ဇန်နဝါရီ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။

    DPN အဖွဲ့ဝင် ဒေါက်တာနိုင်ရွှေသိန်းက “ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့မယ်အစီအစဉ်ဖြစ်မယ်ဆိုရင် နေပြည်တော်ဖြစ်ဖြစ် ရန်ကုန်ဖြစ်ဖြစ် ကျနော်တို့သွားမှာပါ၊ ဒါပေမယ့် ငြိမ်းချမ်းရေးကော်မရှင်နဲ့ဆိုရင် ကျနော်တို့က ချင်းမိုင်မှာဘဲ တွေ့ဆုံလိုတယ်” ဟု ပြောသည်။

    NCA လက်မှတ်မထိုးရသေးသော အဖွဲ့အစည်းများဖြစ်သည့် UNFC တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO/KIA၊ မွန်ပြည်သစ်ပါတီ NMSP၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA၊ ကရင်နီတိုးတက်ရေးပါတီ KNPP၊ ရခိုင်အမျိုးသားကောင်စီ ANC၊ “ဝ”အမျိုးသားအဖွဲ့ WNO၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU၊ စသည့် လက်နက်ကိုင်အဖွဲ့များ ပါဝင်လျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks