မွန်အမျိုးသားကိုယ်စားပြုပါတီဖြစ်သည့် မွန်အမျိုးသားပါတီ (MNP)၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) နှင့် အမျိုးသမီးပါတီ (မွန်) တို့ ပေါင်းစည်းပေးရန်အတွက် ရေးမြို့နယ်အတွင်းရှိ မွန်လူငယ်ကွန်ရက်က ဦးဆောင်ပြီး ဇန်နဝါရီလ ၂၇ ရက်နေ့က ဆန္ဒထုတ်ဖော်ပွဲတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆန္ဒထုတ်ဖော်ပွဲကို ရေးမြို့နယ် မော့ကနင်ကျေးရွာ ဘောလုံးကွင်းမှ လမိုင်းမြို့မ ဘော်လုံးကွင်းအထိ မွန်လူငယ် များ ၃၀ဝ ကျော်တို့က ချီတက်လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မွန်ပါတီ အတွက် တစ်မိသားစုထဲမှာတောင် သူ့ပါတီ ကိုယ့်ပါတီဆိုပြီး စိတ်ဝမ်းကွဲမှုတွေရှိခဲ့တာကို နမူနာယူသင့်ကြောင်း၊ ညှိနှိုင်ရေးအဖွဲ့ရဲ့ ဦးဆောင်မှုအောက်တွင် ပေါင်းစည်းရေးအတွက်လိုက်နာဆောင်ရွက်သင့်ကြောင်းနှင့် မွန်ပါတီတွေပေါင်းစည်းရန်အတွက် မွန်ပြည်သူလူထုနဲ့ မွန်လူငယ်ထုတွေပေါင်းစည်းပြီ နည်းမျိုးစုံနဲ့ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မင်းဇမ္ဗူရော့က ဆက်ပြောသည်။
မွန်အမျိုးသမီးလူငယ်တစ်ဦးဖြစ်သူ မိမရမော်က “ပါတီအကြီးအကဲတွေက အတ္တကြီးကြတယ်။ မာနကြီးတယ်။ ဒါ့ကြောင့် မွန်ပါတီမပေါင်းစည်းနိုင်တာပါ။ မွန်ပါတီတွေကိုတော့ တစ်ပါတီထဲပေါင်းစည်းစေချင်တယ်” ဟု ဆိုသည်။
မွန်ပါတီတွေ များတာကြောင့် ရွေးကောက်ပွဲတွင် မွန်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် အနည်းငယ်သာ ရွေးကောက်ခံရကြောင်း ၄င်းက ဆက်ပြောသည်။
အဆိုပါ ဆန္ဒပြပွဲတွင် (၁) မွန် ၃ ပါတီ အလိုမရှိ- မွန်အမျိုးသားကိုယ်စားပြု ၁ ပါတီထဲဖြစ်ရမယ်၊ (၂) ညီညွတ်ရေးကို မလိုလားသည့် ပုဂ္ဂိုလ် ပါတီမှ နုတ်ထွက်ပေး၊ (၃) ညှိနှိုင်းရေးအဖွဲ့ရဲ့ ဦးဆောင်မှုတွင် မွန်ပါတီတွေ လိုက်နာရမယ်၊ (၄) လူမျိုးမျက်နှာကြည့်ပါက ညီညွတ်ရမယ်-ပေါင်းစည်းရဲရမယ်-တခုပဲဖြစ်ရမယ်၊ (၅) ညှိနှိုင်းရေးအဖွဲ့ဝင်များ ပြည်သူရဲ့ဆန္ဒနဲ့အညီ တရားမျှတပြီး ပြတ်သားရမယ် ဟု ကြွေးကြော်ခဲ့သည်။
လက်ရှိတွင် မွန်နိုင်ငံရေးပါတီများ ပေါင်းစည်းရေးအတွက် သံဃာတော်များ၊ မွန်ပြည်သစ်ပါတီနှင့် မွန်လူမှုအဖွဲ့အစည်း၊ မွန်အရေးလှုပ်ရှားသူများ၊ တတ်သိပညာရှင်ကိုယ်စားလှယ်များ ပါဝင်သည့် ညှိနှိုင်ရေးအဖွဲ့တစ်ခု ဖွဲ့စည်းကာ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
မွန်ပါတီ ပေါင်းစည်းရန်အတွက် လွန်ခဲ့သည့် (၂၀၁၂) ခုနှစ်တွင် မွန်သံဃာတော်များဦးဆောင်ပြီ ၃၃ လ အချိန်ညှိနှိုင်းဆောင်ရွက်ခဲ့သော်လည်း မအောင်မြင်ပေ။