spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းနိုင်းပြိုင်ရွာ မီးဘေးသင့်ထောက်ပံ့ငွေ သိန်း ၃၀ဝ ကျော်ရရှိ

    နိုင်းပြိုင်ရွာ မီးဘေးသင့်ထောက်ပံ့ငွေ သိန်း ၃၀ဝ ကျော်ရရှိ

    -

    မွန်ပြည်နယ်၊ မုဒုံမြို့နယ် နိုင်းပြိုင်ကျေးရွာမီးဘေးသင့်သူများအတွက် အနယ်အနယ်အရပ်ရပ်မှ အလှူငွေကျပ် သိန်းသုံး ရာကျော် (၃၁၁,၄၈,ဝ၀ဝ) ရရှိခဲ့ကြောင်း နိုင်းပြိုင်ရွာ မီးဘေးသင့်သူများပြန်လည်နေရာ ချထားရေးကော်မတီမှ သိရသည်။

    ဇန်နဝါရီလ ၆ ရက်နေ့အထိ ၈ ရက်တာအတွင်း လာရောက်လှူဒါန်းကြခြင်းဖြစ်သည့်အပြင် ဆန်အိတ် ၅၀ ကျော်၊ ဆီဂါလံ ၅၀ ကျော်နှင့် အဝတ်အထည်များ၊ ပန်ကန်များနှင့် အသုံးအဆောင်ပစ္စည်းများကို လူဦးရေ ၂၂ ဦးရှိသော အိမ်ထောင်စု ၇ စုအား အညီအမျှခွဲဝေပေးပြီးဖြစ် ကြောင်း အဆိုပါကော်မတီအတွင်းရေးမှူး ကိုကျော်ဆန်းအောင်က ပြောသည်။

    မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ မီးဘေးသင့်နေရာရောက်ရှိနေစဉ်(Naiaung Oo Facebook)
    “ဒီဇင်ဘာလ သုံးဆယ်ကနေ ၂ ရက်နေ့အထိက ကျွန်တော်တို့ဒီအနီးနားရွာက လူငယ်တွေ အလှူခံပေးတာနဲ့ ဆရာတော်ဆီကိုလာလှူတာက သိန်း နှစ်ရာကျော်ရတယ်၊ ၃ ရက်နဲ့ ၄ ရက်နေ့မှာ ၇၆ သိန်းရတယ်၊ ၅ ရက်နဲ့ ၆ ရက်နေ့မှာ ၃၅ သိန်းလောက်ရတယ်၊ အခုထိ လာလှုတဲ့သူတွေ ရှိနေတုန်းပဲ” ဟု ကိုကျော်ဆန်းအောင်က ဆိုသည်။

    မီးဘေးသင့်သူများအတွက် လှူဒါန်းထားသောငွေများနှင့်အတူ နေအိမ်များကို မိမိတို့အစီအစဉ်ဖြင့် ပြန်လည်ဆောက်လုပ်ကြမည်ဖြစ်ကြောင်း၊ ပရဟိတအသင်းအဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးမှုးနှင့် ဘုရားကျောင်းပရိယတ္တိစာသင်တိုက်ဘုန်းတော်ကြီးကျောင်း ဆရာတော်တို့မှ ဝိုင်းဝန်းကူညီပေးသွားမည်ဖြစ်ကြောင်း၊ နေအိမ်တည်ဆောက်ပြီးသည်အထိ လတ်တလော ဘုန်းတော်ကြီးကျောင်းတွင် နေရာချကျွေးမွေးထားမည်ဖြစ်ကြောင်း ကိုကျော်ဆန်းအောင်က ဆက်ပြောသည်။

    အလားတူ မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ဒုဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များက ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်နေ့တွင် မီးဘေးသင့်သူများထံ အားပေးစကားသွားရောက်ပြောကြားပြီး အလှူငွေကျပ် သုံးသိန်းနှစ်သောင်း (၃၂၀ဝ၀ဝ) ကိုလည်း လှူဒါန်းခဲ့သည်ဟု သိရသည်။

    “မီးလောင်တော့ လူတစ်ကိုယ်စာ လွတ်ဖို့တောင်အနိုင်နိုင်ဆိုတော့ တခြားဘာပစ္စည်းကိုမှလည်း ယူချိန်မရလိုက် ကြဘူးလေ၊ အခုလာလှူဒါန်းထားကြတဲ့ ငွေနဲ့ ပစ္စည်းတွေကိုတော့ ခုနစ်ပုံ ပုံပြီးတော့ သူတို့ကို ချက်ချင်းပေး လိုက်တာပဲ၊ ကျွန်တော်တို့ ကော်မတီလက်ထဲမှာလည်း ကြာကြာမထားရဲဘူး” ဟု ကျေးရွာအုပ်ချုပ်ရေးမှူး နိုင်ညိုထွန်းဦးက ပြောသည်။

    အဆိုပါမီးလောင်ကျွမ်းမှုသည် ဒီဇင်ဘာလ ၂၉ ရက်နေ့ညသန်းခေါင်ယံမှ ၃၀ ရက်နေ့နံနက်ကူးချိန်တွင် မြေးနှစ်ယောက်နှင့်အတူအိပ်ပျော်နေသော အသက် ၇၄ နှစ်အရွယ်ရှိ ဒေါ်တင်စိန်၏ မီးဖိုမှ စတင်လောင်ကျွမ်းသည်ဟုယူဆရပြီး ကာလတန်ဖိုး သိန်းရာကျော်ရှိသောနေအိမ် ၇ လုံးနှင့် စပါးတင်း ၆ ထောင်ကျော် ဆုံးရှုံးခဲ့ရသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks