Friday, March 13, 2026
More
    spot_img
    Homeအယ်ဒီတာ့အာဘော်အစိုးရအစီရင်ခံစာနှင့် မွန်လွှတ်တော်မှတ်ကျောက်

    အစိုးရအစီရင်ခံစာနှင့် မွန်လွှတ်တော်မှတ်ကျောက်

    -

    ပြီးခဲ့သည့် ဒီဇင်ဘာလ ဒုတိယပတ်အတွင်း ကျင်းပခဲ့သည့် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် စတုတ္တပုံမှန်အစည်းအဝေး၌ လက်ရှိမွန်ပြည်နယ်အစိုးရ၏ဆောင်ရွက်ချက်များကို လွှတ်တော်သို့မှတ်ကျောက်တင် အစီရင်ခံသောအခါ ၄င်းအစိုးရတစ်ရပ်၏အရည်အချင်းကိုလည်း လေ့လာသိရှိခွင့် ရရှိခဲ့ပေသည်။

    ဒီဇင်ဘာ ၁၄ ရက်နေ့က မွန်ပြည်နယ်အစိုးရ၏ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ပထမ ၆ လ(ဧပြီမှစက်တင်ဘာလအထိ) အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦး သုံးသပ်၊ ဆွေးနွေး အကြံပြုချက်များအရ “အစီရင်ခံစာအား စိစစ်ပြင်ဆင်ရေးဆွဲ၍ ပြန်လည်တင်ပြရန်” ဟူသည့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏ ကြေညာချက်က အစိုးရတစ်ရပ်၏အရည်အချင်းကို မှတ်ကျောက်ပေါ်တင်ပြီး ဆုံးဖြတ်ချက်ချလိုက်ခြင်းပင် ဖြစ်ပါသည်။

    ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် စတုတ္တပုံမှန်အစည်းအဝေးကျင်းပနေစဉ်(မွန်လွှတ်တော်)
    ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် စတုတ္တပုံမှန်အစည်းအဝေးကျင်းပနေစဉ်(မွန်လွှတ်တော်)
    အစီရင်ခံစာကောက်နုတ်ဖော်ပြချက်အရ ကျေးရွာတစ်ရွာ၌ ခိုင်းကျွဲခိုင်းနွား ၂ ထောင်ရှိသဖြင့် ပြည်နယ်အတွင်း ကျေးရွာအုပ်စု ၃၄၁ အုပ်စုတွင် စုစုပေါင်းကျွဲနွားအရေအတွက် ၆ သိန်း ၅ သောင်းကျော်ရှိသည်ဆိုသည်မှာ လက်တွေ့အရ မဖြစ်နိုင်ကြောင်း၊ ကျိုက်ထိုမြို့နယ်တွင် ပုဇွန်မွေးမြူရေးကန် ၅၁ ဧကမရှိဘဲ ရှိသည်ဟု ဖော်ပြထားသည်မှာ မြေပြင်အခြေအနေနှင့် မည်သို့မျှမကိုက်ညီပါကြောင်း လွှတ်တော်ကိုယ်စားလှယ်များ ထောက်ပြခဲ့သည်။

    ဘတ်ဂျက်နှင့်ပတ်သက်သည့် လမ်း၊ တံတားဆောင်ရွက် ပြီးစီးမှုအခြေအနေကိုလည်း အစီရင်ခံစာတွင် ရေးသားမှုမရှိခြင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်ဆောင်ရွက်ချက်များဆိုရာတွင် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ရုံးနေရပ်လိပ်စာများကိုသာ ရေးသားဖော်ပြထားသည်မှာ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ပြည်နယ်အစိုးရ လုံးဝစိတ်မဝင်စားသလို ပါဝင်ဆောင်ရွက်ခြင်းမရှိခဲ့သည်ကိုလည်း ဝန်ခံလိုက်ခြင်းပင် ဖြစ်ပါသည်။

    အစီရင်ခံစာဟုဆိုရာ၌ အစိုးရအဖွဲ့၏ လုပ်ငန်းများဆောင်ရွက်မှုအခြေအနေအရပ်ရပ်တွင် တိုးတက်မှု၊ ဆုတ်ယုတ်မှု၊ စိန်ခေါ်မှု၊ ထင်သာမြင်သာရှိသည့်အပြောင်းအလဲများကို တာဝန်ယူမှု၊ တာဝန်ခံမှုနှင့်အတူ ပွင့်လင်းမြင်သာမှုရှိရှိ ရေးသားတင်ပြနိုင်ရန် အရေးကြီးလှပေသည်။

    “ဒီ (၆) လပတ်အစီရင်ခံစာကလည်း ရှေးတုန်းက အစီရင်ခံစာနဲ့ အချက်အလက်အပေါ် အခြေခံထားတဲ့ သဘောရှိပါတယ်၊ အစီရင်ခံစာကို ပြန်လည်မစိစစ်ရသေး၍ ကွဲလွဲချက် မည်မျှရှိ သည်ကို မသိသေးကြောင်း၊ အစိုးရသစ်လက်ထက် သက်တမ်းတွင် အခြေခံကျသည့် ကိန်းဂဏန်း အချက်အလက်ဖြစ်အောင် ပြန်လည်စိစစ်မည်ဖြစ်ကြောင်း” ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီတစ်ဦး ပြောဆိုခဲ့မှုကိုသုံးသပ်ပါက လက်ရှိအစိုးရတစ်ဖွဲ့လုံး၏ စည်းလုံးညီညွတ်မှုအနေအထားကို အရိပ်အမြွက်သဘောမျှ နားလည်ပါလိမ့်မည်။

    “ပြောင်းလဲချိန်တန်ပြီ” ဆိုသည့်အတိုင်း ၂၀၁၅ ရွေးကောက်ပွဲတွင် မွန်ပြည်သားများ တာဝန်ကျေခဲ့သည်မှာ ဆန္ဒမဲပြားများက သက်သေထူခဲ့ပြီးဖြစ်သည့်အတွက် အရည်အချင်းပြည့်မီသည့် ပြည်နယ်အစိုးရတစ်ရပ် ရွေးချယ်ခန့်အပ်တာဝန်ပေးရာတွင် သက်ဆိုင်ရာအာဏာရပါတီအကြီးအကဲများ၏ တာဝန်သာ ဖြစ်ပေသည်။

    ထိုကြောင့် အချိန်အခါမနှောင်းမီတွင် အရည်အချင်းမပြည့်မီသည့်ဝန်ကြီးများ(ဝါ) ထုတ်ပယ်သင့်သည့်ပုဂ္ဂိုလ်အားဖယ်ရှား၍ အရည်အချင်းရှိသည့် လွှတ်တော်ကိုယ်စားလှယ်များဖြင့် မွန်ပြည်နယ်အစိုးရအဖွဲ့သစ်အား ပြန်လည်ပြင်ဆင်ဖွဲ့စည်းသင့်သည်ဟု မွန်သတင်းအေဂျင်စီက ရှုမြင်မိပါကြောင်း။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks