spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်ရှိတရားမဝင်ကျောက်မိုင်းလုပ်ငန်းများအား အရေးယူမည်

    မွန်ပြည်နယ်ရှိတရားမဝင်ကျောက်မိုင်းလုပ်ငန်းများအား အရေးယူမည်

    -

    မွန်ပြည်နယ်အတွင်း လုပ်ငန်းခွင့်ပြုချက် လိုင်စင်မရှိဘဲ ကျောက်ထုတ်လုပ်ခြင်း၊ တရားမဝင် ဓာတ်သတ္တု တူးဖော်ခြင်းလုပ်ငန်းများ၊ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ခွင့်လျှောက်ထားဆဲကာလတွင် ခွင့်ပြုချက်မရမီ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ခြင်းများကို စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာလ (၈) ရက်နေ့က ကျင်းပသည့် မွန်ပြည်နယ် လွှတ်တော်အစည်းအဝေးတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ပြောသည်။

    ဘီးလင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခင်နိုင်ဦးက “မွန်ပြည်နယ်အတွင်းလမ်းခင်းကျောက် ထုတ်လုပ်ခွင့်လိုင်စင်မရှိဘဲ ကျောက်ထုတ်လုပ်ငန်း (ကျောက်မိုင်း) ထုတ်လုပ်နေခြင်းကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးရန် အစီအစဉ်ရှိမရှိ “ မေးခွန်းမေးမြန်းခြင်းအပေါ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ယင်းသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

    မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် နယ်/လုံရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းနိုင်ဦး(MNA)
    မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် နယ်/လုံရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းနိုင်ဦး(MNA)
    မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက “ကျောက်မိုင်း ကျောက်ထုတ်လုပ်ငန်းနှင့် ပတ်သက်ပြီး တရားမဝင် လုပ်ကိ်ုင်ဆောင်ရွက်နေတယ်လို့ စီစစ်တွေ့ရှိသော် လည်းကောင်း၊ တရားမဝင် လုပ်ကိုင်နေကြောင်း သတင်းတိကျ ခိုင်မာစွာ တင်ပြတိုင်ကြားသူများရှိလျှင်သော် လည်းကောင်း၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ စိစစ်ရေးအဖွဲ့များ ဖွဲ့စည်းပြီး မြေပြင်ကွင်းဆင်းစစ် ဆေးပြီးမှ တည်ဆဲဥပဒေများနှင့် အညီအရေးယူဆောင်ရွက်သွားမယ်” ဟု ပြောသည်။

    ကျောက်မိုင်းလုပ်ငန်းများ၊ ဓာတ်သတ္တုတူးဖော်ရေးလုပ်ငန်းနှင့်ပတ်သက်၍ တရားဝင် လုပ်ထုံးလုပ်နည်းနှင့်အညီ လိုင်စင်လျှောက်ထားခြင်း မရှိဘဲလုပ်ကိုင်ဆောင်ရွက်နေပါက အောက်မြန်မာပြည် မြေယာနှင့် အခွန်နည်းဥပဒေ ၁၀၇ (ဈ) အရလည်းကောင်း၊ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ခွင့်လျှောက်ထားဆဲကာလတွင် ခွင့်ပြုချက်မရမီ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ပါက အောက်မြန်မာပြန်၊ မြို့နှင့် ကျေးရွာ မြေယာများ၏ နည်းဥပဒေ ၇၁ (က) အရလည်း ကောင်း ၊ အောက်မြန်မာပြည် မြို့ နှင့် ကျေးရွာ မြေယာဥပဒေ ၇၄ (ဈ) အရလည်းကောင်း၊ လယ်ယာမြေတွင် ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ပါက ၂၀၁၂ ခုနှစ် မြေယာဥပဒေ၊ နည်းဥပဒေများအရလည်းကောင်း သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးကတရားရုံးတွင် ဦးတိုက်လျှောက်ထားနိုင်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး က ဆက်လက်ပြောကြားခဲ့သည်။

    ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခင်နိုင်ဦး က “၂၀၁၅ ဇူလိုင်လ ၁ ရက်နေ့မှ ၂၀၁၆ ဇွန်လ ၃၀ ရက်နေ့အထိ မွန်ပြည်နယ်တွင် တရားဝင်လုပ်ကိုင်လျက်ရှိပြီး ကျောက်မိုင်း ကျောက်ထုတ်လုပ်ငန်း စုစုပေါင်း ၈၈ ခုရှိပါတယ်၊ မြေပြင်တွင် ကွင်းဆင်းစစ်ဆေးကြည့်လျှင် အမှန်တကယ်ကျောက်ထုတ်လုပ်ငန်း၊ ကျောက်မိုင်းလုပ်ကိုင်ထုတ်လုပ်နေသော်လည်း တရားမဝင်လိုင်စင်မဲ့ ကျောက်မိုင်းများတွေ့ရှိရပါတယ်၊ တရားမဝင်ကျောက်မိုင်းတွေကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးဆုံးရှုံးခြင်းဖြစ်လာပြီး ဒေသခံ ပြည်သူလူထုအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု လျော့နည်းသော အခြေအနေတစ်ရပ် ဖြစ်နေပါတယ်” ဟု ပြောသည်။

    အလားတူ မွန်ပြည်နယ်အတွင်းမှာ တရားမဝင်ကျောက်ထုတ်လုပ်ခြင်းများ၊ တရားမဝင် ဓာတ်သတ္တု တူးဖော်ခြင်းလုပ်ငန်းများ၊ မရှိစေရေးအတွက် မြို့နယ်၊ ခရိုင်အလိုက် တရားမဝင် ဓာတ်သတ္တုတူးဖော်မှု တားဆီးကာကွယ်ရေးကော်မတီများကို မွန်ပြည်နယ်အစိုးရအဖွဲ့က ပြီးခဲ့သည့်သြဂုတ်လ ၂၅ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။

    ယင်းကော်မတီအနေဖြင့် ကျောက်မိုင်းလုပ်ငန်းများအနေနှင့် တရားဝင် ခွင့်ပြုချက် လိုင်စင် ရှိမရှိကို ရှောင်တခင် စစ်ဆေးခြင်း၊ ပညာပေးဆွေးနွေးခြင်း နှင့် အရေးယူဆောင်ရွက်ခြင်း၊ အလားတူ သတ္တု နှင့်ပတ်သက်ပြီး လုပ်ငန်းလုပ်ကိုင်နေမှုများ၊ အုတ်၊ သဲ၊ ကျောက် စသည့်လုပ်ငန်းများနှင့် ပတ်သက်၍ တရားဝင်လုပ်ကိုင်ခွင့် လိုင်စင် ရှိမရှိ စစ်ဆေးခြင်း၊ ခွင့်ပြုချက် လိုင်စင်မရှိဘဲ ခွင့်ပြုပေးသည့် မြေနေရာတွင် လုပ်ကိုင်ဆောင်ရွက် နေခြင်း ရှိမရှိ စစ်ဆေးခြင်း၊ စသည့်လုပ်ငန်းများကို သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဦးဆောင်မှုဖြင့် ကွင်းဆင်း စစ်ဆေးနေကြောင်း သိရသည်။

    ပြီးခဲ့သည့် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်အဆင့် တာဝန်ရှိသူများအားလုံးကို လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ကျောက်မိုင်းလုပ်ငန်း လုပ်ကိုင်ဆောင် ရွက်သည့်နေရာတွင် လုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ကိုင်ရမည့်အကြောင်းကို အသေးစိတ်ချပြရှင်းလင်းခဲ့ ကြောင်း ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ထပ်လောင်းပြောကြားသည်။

    မွန်ပြည်နယ်အတွင်း ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ကျောင်းမိုင်း ၈၈ ခုရှိပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းလုပ်ကိုင်ဆောင်ခွင့်လျှောက်ထားဆဲ ၁၁၅ ဦးရှိရာ မြို့နယ်အဆင့် စိစစ်ဆဲ ၇၇ ခု၊ ခရိုင်အဆင့် စိစစ်ဆဲ ၁၅ ခု၊ ပြည်နယ်အဆင့် စိစစ်ဆဲ ၃ ခု ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks