Friday, March 13, 2026
More
    spot_img
    Homeသတင်းတာကျိုးပေါက်၍ ရေးမြို့နယ်ရှိ စုန်းမကျွန်းတွင် လယ်ဧက ၅၀၀ ကျော် စပါးမစိုက်နိုင်

    တာကျိုးပေါက်၍ ရေးမြို့နယ်ရှိ စုန်းမကျွန်းတွင် လယ်ဧက ၅၀၀ ကျော် စပါးမစိုက်နိုင်

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း မြေဆီသြဇာ ကောင်းမွန်သည့် နေရာတစ်ခုအဖြစ် ထင်ရှားသည့် အစင်ကျေးရွာအုပ်စုပိုင် စုန်းမကျွန်းရှိ တာတမံများ ကျိုးပေါက်နေခြင်းကြောင့် လယ်မြေအများစုတွင် စပါးမစိုက်ပျိုးနိုင်သည်မှာ ၅ နှစ်ခန့် ရှိပြီ ဖြစ်ကြောင်း လယ်သမားများ၏ ပြောကြားချက်အရ သိရသည်။

    ၎င်းတို့၏ ပြောပြချက်အရ လွန်ခဲ့သည့် ၅ နှစ်ခန့်က တာတမံ ကျိုးပေါက်ခဲ့ပြီး ဆားငန်ရည် ဝင်ရောက်ခြင်းကြောင့် လယ်မြေဧက ၅၀၀ ကျော်မှာ စပါးစိုက်ပျိုး၍ မရတော့ဘဲ၊ ကုန်းတွင်းပိုင်းမြေ အနည်းငယ်တွင်သာ စိုက်ပျိုး၍ ရကြောင်း သိရသည်။

    စုန်းမကျွန်း တည်နေရာ(Google Earth)
    စုန်းမကျွန်း တည်နေရာ(Google Earth)
    စုန်းမကျွန်းသည် အက်ဒမန်ပင်လယ်နှင့် ထိစပ်ရာ ရေးမြို့နယ် ဇီးဖြူသောင် ပင်လယ်ဝအနီးတွင် တည်ရှိပြီး၊ အစင်ကျေးရွာအုပ်စုအတွင်း ပါဝင်သည့် ကျွန်းတစ်ကျွန်း ဖြစ်ကာ၊ ရေးမြို့၏ အနောက်တောင်ယွန်းယွန်း ၄ မိုင်အကွာတွင် တည်ရှိသည်။

    ကျွန်းပေါ်ရှိ လယ်မြေပိုင်ရှင်တစ်ဦး ဖြစ်သူ အဘော်ကျေးရွာနေ ဒေါ်ခင်ရှိန် က “လယ်ပိုင် ရှိတယ်၊ လယ်လုပ်လို့ မရဘူး။ လယ်လုပ် မရလို့ တခြားမှာ အငှားလုပ်စားနေရတယ်။ ကလေးတွေကို ကျောင်းမထားနိုင်တော့ဘူး” ဟု ပြောသည်။

    ကျွန်းအတွင်းရှိ လယ်မြေအများစုမှာ အဘော်ကျေးရွာနေ ဒေသခံများ ပိုင်ဆိုင်ကြပြီး၊ ကော့လှုိင်နှင့် အစင်ကျေးရွာမှ ဒေသခံအချို့လည်း အနည်းငယ် ပိုင်ဆိုင်ကြသည်။

    တာတမံကို ပြုပြင်ပေးနိုင်ရန်အတွက် ပြီးခဲ့သည့်အစိုးရလက်ထက်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ တင်ပြခဲ့သော်လည်း ထူးခြားမှု မရှိသည့်အတွက် လက်ရှိ လွှတ်တော်ကိုယ်စားလှယ်များမှတဆင့် အစိုးရထံ ထပ်မံတင်ပြထားကြောင်း လယ်ရှင်များက ပြောသည်။

    ရေးမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးချစ်တင် က “ကျွန်တော်က တောင်သူလယ်သမားရေးရာကိစ္စကို ကိုင်ထားတာဆိုတော့ လယ်သမားတွေဆီက အချက်အလက်တွေ စုဆောင်းပြီးတော့ ဝန်ကြီးချုပ်နဲ့ ဆွေးနွေးထားပြီးပြီ၊ လယ်ဆည်ဝန်ကြီးကိုလည်း ပြောထားပြီးပြီ” ဟု ပြောသည်။

    တာတမံများ ပြန်လည်ပြုပြင် ပြီးစီးပါကလည်း စပါးစိုက်ပျိုးနိုင်ရန် ဆားအငန်ဓါတ်လှျော့နည်းသည်အထိ အနည်းဆုံး ၂ နှစ်ခန့် စောင့်ဆိုင်းရဦးမည် ဖြစ်သည်ဟု လယ်သမားများက ပြောသည်။

    စိုက်ပျိုးရေးဦးစီးဌာနကလည်း တာတမံများ ပြုပြင်ပြီးနောက် စပါးကို အမြန်ဆုံး ပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် လယ်သမားများအတွက် လိုအပ်သည့် နည်းပညာများကို ပံ့ပိုးကူညီပေးသွားမည်ဟု ပြောသည်။

    စုန်းမကျွန်းသည် ဧရိယာအားဖြင့် ၁၇၇၆ ဧကခန့် ကျယ်ဝန်းပြီး၊ ကျွန်းဧရိယာ၏ ၇၀ ရာနှုန်းခန့်မှာ လယ်မြေများ ဖြစ်ကာ၊ ဓနိနှင့် ဥယျာဉ်ခြံမြေ အနည်းငယ် ရှိကြောင်း မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks