Homeသတင်းသုဝဏ္ဏဘူမိမြို့ဟောင်း တူးဖော်ရေးလုပ်ငန်း နိုဝင်ဘာလပထမအပတ်တွင် စတင်ဆောင်ရွက်မည်

သုဝဏ္ဏဘူမိမြို့ဟောင်း တူးဖော်ရေးလုပ်ငန်း နိုဝင်ဘာလပထမအပတ်တွင် စတင်ဆောင်ရွက်မည်

-

မွန်ပြည်နယ်ရှိ သုဝဏ္ဏဘူမိမြို့ဟောင်းတူးဖော်ရေးလုပ်ငန်းအတွက် ပြည်ထောင်စုအစိုးရမှ ၂၀၁၆/၂၀၁၇ ဘဏ္ဍာနှစ်အတွက် ငွေကျပ်သိန်းပေါင်း ၁၅၀ဝ ခွင့်ပြုချက်ရရှိထားရာ လာမည့်နိုဝင်ဘာလ ပထမပတ်တွင် စတင်အကောင်ထည်ဖော်ဆောင်ရွက်မည်ဟု မွန်ပြည်နယ် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ယဉ်ကျေးမှုပြတိုက် (မော်လမြိုင်) မှ သိရသည်။

“ဒီ ၂၀၁၆/၂၀၁၇ ဘဏ္ဍာနှစ်မှာ ရရှိထားတဲ့ ရန်ပုံငွေကို တူးဖော်ရေးအပိုင်းမှာ ကျပ်သိန်းပေါင်း ၅၀ သုံးစွဲ သွားမယ်။ သိန်းပေါင်း ၁၄၅၀ ကိုတော့ ထိန်းသိမ်းတဲ့အပိုင်းမှာ သုံးစွဲသွားမယ်။ အဲဒီလုပ်ငန်းတွေကို နောက်လ ပထမအပတ်မှာ စတင်လုပ်ဆောင်မယ်” ဟု ရှေ့ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာန ယဉ်ကျေးမှုပြတိုက် ညွှန်ကြားရေးမှုး ဦးအောင်နိုင်မိုးက ဆိုသည်။

 

သုဝဏ္ဏဘူမိမြို့ဟောင်း တူးဖော်ခဲ့စဉ်(Facebook)
သုဝဏ္ဏဘူမိမြို့ဟောင်း တူးဖော်ခဲ့စဉ်(Facebook)

ထိန်းသိန်းသည့် အပိုင်းတွင် ၂၀၁၅/၂၀၁၆ ဘဏ္ဍာနှစ်၌ တူးဖော်ထားရှိသည့် ကုန်း ၆ ကုန်းအား အမိုးမိုး ခြင်းလုပ်ငန်းကိုဆောင်ရွက်သွားမည်ဖြစ်ပြီး ဝင်းကကျေးရွာတွင်ရှိသည့် ကုန်အမှတ် ၁၁ အား ဆက်လက် တူးဖော်သွားမည်ဟု ဦးအောင်နိုင်မိုး က ဆက်ရှင်းပြသည်။

ဦးအောင်နိုင်မိုးက “တူးထားပြီးသား ကုန်းတွေကို အမိုးမိုးခြင်းလုပ်ငန်းအတွက် မြန်မာ့ဥသျှောင်ကုမ္မဏီကို တင်ဒါစနစ်နဲ့ ပေးထားတယ်။ ကျန်တဲ့ကုန်းတွေကို ကျွမ်းကျင်ပညာရှင်တွေနဲ့ပဲ တူးဖော်သွားမယ်” ဟု ဆိုသည်။

တူးဖော်ထားသည့် ကုန်းအမှတ် ၁၀/ ၁၁/၁၂/၁၃/၁၄ နှင့် တောင်ကြီးအုတ်ပေါက်ကုန်းကို အမိုးမိုးမည်ဖြစ်ပြီး ပလော့ကြောင်းကုန်းအား ဆက်လက်တူးဖော်မည်ဟု သိရသည်။

ရှေ့ဟောင်းသုတေသန ပညာရှင် ဆရာဦးစံဝင်းက “အစိုးရသစ်လက်ထက်မှာတော့ သုဝဏ္ဏဘူမိမြို့ဟောင်း တူးဖော်ရေး လုပ်ငန်းနဲ့ ပတ်သတ်ပြီးတော့ ကျနော့်နဲ့ ဘာမှ အချိတ်ဆက်မရှိဘူး။ ရှေ့ဆက်ပြီး ဘာ လုပ်မယ်ဆိုတာကိုတော့ ခေါင်းထဲမှာရှိတယ်။ ဝင်းကမြို့ရိုးတူးဖော်ဘို့နဲ့ သထုံမြို့ရိုး တူးဖော်ဘို့ရယ် ပြီးတော့ မုတ္တမမြို့ဟောင်း တူးဖော်ဘို့ စဉ်းစားထားတာရှိတယ်” ဟုဆိုသည်။

မွန်ပြည်နယ်သည် မိုးများဒေသဖြစ်သည့်အတွက် ထိန်းသိမ်းရေးဘက်တွင် ပိုမိုကုန်ကြမည်ဖြစ်ပြီး တူးဖော်ထားပြီးကုန်းများအား အမိုးမိုးရမည်ဖြစ်သောကြောင့် ကုန်ကျစရိတ်များမည်ဟု ဦးစံဝင်း က ဆက်ပြောသည်။

သုဝဏ္ဏဘူမိမြို့ဟောင်းကို ၁၉၇၅-၇၈ ခုနှစ်များတွင် စတင်တူးဖော်ခဲ့ပြီး ၂၀၁၀ အစိုးရသစ်တက်လာသည့် နောက်ပိုင်း ပြည်ထောင်စု ယဉ်ကျေးမှုဝန်ကြီးဌာန၏ ခွင့်ပြုချက်ရန်ပုံငွေဖြင့် ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင် ကျပ်သိန်းပေါင်း ၂၀ဝ နှင့် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ကျပ်သိန်းပေါင်း ၈၀ဝ တို့ဖြင့် တူးဖော်ဆောင်ရွက် ခဲ့သည်ဟု ရှေ့ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ယဉ်ကျေးမှုပြတိုက် (မော်လမြိုင်) မှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts