မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ ချောင်းဆုံမြို့နယ်(ဘီလူးကျွန်း)သို့ ဆက်သွယ်တည်ဆောက်လျက်ရှိသော သံလွင်တံတား (ချောင်းဆုံ) သည် ၂၀၁၇ ခုနှစ် မတ်လတွင် စတင်အသုံးပြုရန် ခန့်မှန်းလျာထားကြောင်း တံတားတည်ဆောက်ရေးစီမံကိန်းအဖွဲ့ (၄) ညွှန်ကြားရေးမှူး ဦးသိန်းမြင့်မွန်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။
ဦးသိန်းမြင့်မွန်က “လာမယ့် မတ်လမှာ တံတားအသုံးပြုဖို့ လျာထားတယ်ပေါ့၊ သတ်မှတ်ထားတဲ့အချိန်အတိုင်း ပြီးစီးအောင်ကြိုးစား လုပ်နေပါတယ်” ဟုပြောသည်။
အဆိုပါတံတားစီမံကိန်းခန့်မှန်းကုန်ကျငွေကျပ် (၅၉၈၀ဝ) သန်း လျာထားခဲ့ပြီး တံတားတည်ဆောက်ရေးအတွက်၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် (၃၇၀ဝ) သန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် (၂၀ဝ၀ဝ) သန်းကို သုံးစွဲပြီးဖြစ်ကာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် (၃၁၃၆၀) သန်း သုံးစွဲရန်လျာထားကြောင်း သိရသည်။
ဘီလူးကျွန်းဒေသခံ ဒေါ်မေမြတ်နိုးသူ က “ တံတားပြီးစီးရင် အလုပ်အကိုင်အခွင့်အလမ်းတွေ များလာမယ်၊ ဒါပေမယ့် စိုးရိမ်စရာ တစ်ခုကတော့ ကုမ္ပဏီတွေ၊ စက်ရုံတွေ ဝင်လာမယ်ဆိုရင် ဒေသရှိ အိမ်တွင်းလက်မှုပညာတွေ ကွယ်ပျောက်သွားမှာ စိုးရိမ်တယ်” ဟုပြောသည်။
တံတား တစ်ခုလုံး၏ အရှည်မှာ (၅၂၀၃.၄) ပေရှိပြီး မုပွန်ဘက်ကမ်း ချဉ်းကပ် တံတားအရှည်မှာ (၆၈၉) ပေ၊ ကညှော်ဘက် ချဉ်းကပ်တံတား အရှည်မှာ (၂၇၅၆) ပေ၊ နှစ်လမ်းသွား ကားလမ်းအကျယ် (၂၈) ပေ၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် (၃) ပေ (၃) လက်မစီ ဖြစ်သည်။
မော်လမြိုင်-ဘီလူးကျွန်းတံတားစီမံကိန်းကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်တည်ဆောက်ခဲ့ပြီး သံမဏိသံပေါင် ကုန်းတံတား အမျိုးအစားဖြစ်ကာ မော်လမြိုင်မြို့ မုပွန်ရပ်ကွက်မှ ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာသို့ ဆက်သွယ်ထားခြင်း ဖြစ်သည်။
အဆိုပါ သံလွင်တံတား (ချောင်းဆုံ) ဆောက်လုပ်ပြီးစီးပါက မွန်ပြည်နယ် ၁၀ မြို့နယ်သို့ မော်တော်ကားဖြင့် ၂၄ နာရီ အချိန်အခါမရွေး မော်တော်ကားဖြင့် ခရီးသွားလာနိုင်မည် ဖြစ်သည်။