တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်၌ မွန်ပြည်သစ်ပါတီနှင့် ကရင်အမျိုးသား အစည်းအရုံးKNU တို့၏ နှစ်ဖက်တပ်ဖွဲ့များ လွန်ခဲ့သည့်စက်တင်ဘာလအတွင်း တစ်ကြိမ်ပစ်ခတ်မှုဖြစ်ပေါ်အပြီး အောက်တိုဘာလ (၂၄) ရက်နေ့ မွန်းလွဲပိုင်း (၁၅း၃၅) အချိန်ခန့်တွင် မိနစ်ပိုင်းအနည်းငယ်မျှနောက်ထပ်တကြိမ် ပစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့ကြောင်း မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်ရုံးက မွန်သတင်းအေဂျင်စီသို့ အတည်ပြု ပြောကြားခဲ့သည်။
ရေးဖြူမြို့နယ်ရှိ သဲချောင်းဖျားကျေးရွာအနီးတွင် အခြေစိုက်ထားသည့် မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်၏ မြို့ နယ်တပ်ခွဲစခန်းအား KNU တပ်ဖွဲ့ဝင်တို့ လာရောက်ပစ်ခတ်ခဲ့ရာ နှစ်ဖက်တပ်ဖွဲ့ဝင်များ အပြန်အလှန်ပစ်ခတ်မှု ခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ ပစ်ခတ်မှုနှင့်ပတ်သက်၍ မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်မှ တာဝန်ရှိသူတွေက ကေအင်ယူရဲ့ ဘိတ်-ထားဝယ်ခရိုင် ဆက်ဆံရေးရုံး တာဝန်ခံသို့ အသိပေးအကြောင်းကြားထားကြောင်း သိရသည်။
ဘိတ်-ထားဝယ်ခရိုင် ဆက်ဆံရေးရုံး တာဝန်ခံဖြစ်သူ စောဝင်းခိုင်က “ဒီကိစ္စကို ကျွန်တော်ကလည်း လိုက်ပြီး တော့ ဆက်သွယ်လို့မရဘူးဖြစ်နေတယ်၊ သတင်းအရတော့ ဟုတ်တယ်လို့ပဲ မွန်ပြည်သစ်ပါတီဘက်က အ တည်ပြုတာလေး၊ ဌာနချုပ်ကို သတင်းပြန်ပို့ထားတယ်၊ ဌာနချုပ်က ပြန်စီစစ်တဲ့သဘောမှာရှိနေတယ်” ဟု မွန် သတင်းအေဂျင်စီသို့ ပြောကြားသည်။
တနင်္သာတိုင်းဒေသကြီး ရေဖြူမြို့နယ်တွင် မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်း လက်အောက်ရှိ မြို့နယ်တပ်ဖွဲ့ခွဲနှင့် ကေအင်ယူ တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၁၀) တို့ လှုပ်ရှားရာ နယ်မြေဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့ကလည်း အဆိုပါ သဲချောင်းကျေးရွာအနီးတွင် KNU နှင့် မွန်ပြည် သစ်ပါတီတို့၏ အောက်ခြေတပ်ဖွဲ့ကြား မိနစ် ၄၀ ခန့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ရည်ရွယ်ချက်ရှိရှိ ပစ် ခတ်ကြခြင်းမဟုတ်ကြောင်း နှစ်ဖက်တာဝန်ရှိသူတို့က ထုတ်ဖော်ပြောကြားခဲ့ကြပြီး ခရိုင်အဆင့်တွေ့ ဆုံဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့ကြသည်။