spot_img
Tuesday, December 16, 2025
More
    spot_img
    Homeသတင်းကျိုက်ထီးရိုးစေတီအတွက် လိုအပ်သည့်ရွှေဆိုင်းများ တင်ဒါခေါ်ယူမည်

    ကျိုက်ထီးရိုးစေတီအတွက် လိုအပ်သည့်ရွှေဆိုင်းများ တင်ဒါခေါ်ယူမည်

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ သမိုင်းဝင် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်အတွက် လိုအပ်သည့် ရွှေဆိုင်း ၅၀ဝ၀ဝ ခန့်ကို တင်ဒါစနစ်ဖြင့် ဝယ်ယူသွားမည်ဖြစ်ကြောင်း ကျိုက်ထီးရိုးဂေါပကအဖွဲ့ထံမှ သိရသည်။

    ယမန်နှစ်များက ကျိုက်ထီးရိုးအတွက် လိုအပ်သည့် ရွှေဆိုင်းများကို ရိုးရိုးလေးကုမ္ပဏီအား လေလံပေးထားပြီး ရွှေဆိုင်းအရည်အသွေး ညံ့ဖျင်းခြင်း၊ အရွယ်အစား မမှန်ကန်ခြင်းနှင့် ဈေးနှုန်းကြီးမြင့်ခြင်းတို့ကြောင့် ယခုနှစ်တွင် ရွှေဆိုင်းတင်သွင်းခြင်းကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ကြီးကြပ် ဆောင်ရွက်မှုဖြင့် ဂေါပကအဖွဲ့က တင်ဒါစနစ်ဖြင့် ဝယ်ယူသွားမည်ဖြစ်သည်။

    ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်(MNA)
    ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်(MNA)
    “အရင်နှစ်က ရွှေဆိုင်းရောင်းတဲ့ ဌာနကို ရိုးရိုးလေး ကုမ္ပဏီကို လေလံပေးထားတယ်၊ ဒီနှစ်တော့ ဂေါပကတွေပဲလုပ်မယ်၊ တင်ဒါခေါ်ပြီး ပစ္စည်း အရည်အသွေးမှီ၊ မမှီ ကြည့်ရအုံးမယ်ဆိုတော့ အချိန် တစ်လလောက်ကြားမယ်” ဟု ကျိုက်ထီးရိုးဂေါပကအဖွဲ့ဝင် ဦးစိန်မြင့်က ပြောသည်။

    ကျိုက်ထီးရိုး ဂေါပကအဖွဲ့သစ်အနေဖြင့် လိုအပ်သည့်ရွှေဆိုင်း ၅၀ဝ၀ဝ ခန့်ကို တရားဝင်တင်ဒါ ခေါ်ယူခြင်း မရှိဘဲ ရွှေဆိုင်း ၁၆၀ဝ၀ ကို နီးစပ်ရာလူများကိုသာခေါ်ပြီး လက်သိပ်ထိုး ချပေးထားကြောင်း၊ ကျန် ရွှေဆိုင်း ၃၄၀ဝ၀ ကိုသာ တရားဝင် တင်ဒါခေါ်သွားမည်ဖြစ်ကြောင်း သတင်းထွက်ပေါ်နေခြင်းအပေါ် ဂေါပကအဖွဲ့က ထိုကဲ့သို့ ရှင်းပြခဲ့ခြင်းဖြစ်သည်။

    ဦးစိန်မြင့်က “ဒီကြားထဲမှာ ရွှေဆိုင်းပြတ်သွားလို့ မန္တလေးက နီးစပ်ရာ ရွှေဆိုင်းလုပ်တဲ့ လုပ်ငန်းရှင် ၂၀ ဆီကနေ ရွှေဆိုင်း ၁၆၀ဝ၀ ကို လှမ်းမှာရတယ်။ ဒီလိုလှမ်းမှာတော့ ဂေါပကတွေက ပွင့်လင်းမြင်သာမှု မရှိဘူးဆိုပြီး အပြင်မှာ ပြောနေကြတယ်၊ အခု လိုအပ်တဲ့ အရေအတွက်ကို အစိုးရ သတင်းစာမှာ တရားဝင် တင်ဒါခေါ်ယူမယ်” ဟု ဆိုသည်။

    တင်ဒါမရွေးချယ်ခင်ကာလအတွင်း လိုအပ်သော ရွှေဆိုင်း ၁၆၀ဝ၀ ကို ရွှေဆိုင်းတင်သွင်းခွင့်ရရှိသူ ၂၀ ဦးထံမှ တစ်လက်မခွဲပတ်လည် ရွှေဆိုင်း ၈၀ဝ ဆိုင်းနှုန်းဖြင့် တင်သွင်းရန် ကျိုက်ထီးရိုး ဂေါပကအဖွဲ့က ခွင့်ပြုထားသည်။
    “တရားဝင် တင်ဒါခေါ်မယ်ဆိုတော့ ကောင်းပါတယ်၊ ကျနော်တို့ အစက ကြားတာက ဂေါပကနဲ့ နီးစပ်တဲ့လူတွေကို ပေးမယ်ဆိုပြီး ကြားတော့ အသစ်ဖွဲ့တဲ့ ဂေါပကလဲ ဘာမှ မထူဘူးဆိုပြီး ပြောမိသေးတယ်” ကျိုက်ထိုဒေသခံတစ်ဦးက ပြောသည်။

    ကျိုက်ထီးရိုး ဂေါပကအဖွဲ့အသစ်သည် ဘုရားရင်ပြင်ပေါ်ရှိ ဈေးဆိုင်ခန်းများကို စည်းမျဉ်းစည်းကမ်း စနစ်တကျ သတ်မှတ်ပြီး လေလံပေးခြင်း၊ ဘုရားအလှူခံ ကန်ထရိုက်စနစ်များ ဖျက်သိမ်းလိုက်ခြင်း၊ တောင်တက်ကားခအချို့ ဈေးနှုန်းလျော့ချခြင်းများ ပြုလုပ်ခဲ့သည်။

    ကျိုက်ထီးရိုး တောင်ခြေ ကင်မွန်းချောင် ကားဝင်ထွက်ဂိတ်လုပ်ငန်း၊ ဘုရားပေါ်ရှိ ဘက်စုံအလှူခံ ဌာန၊ ရွှေဆိုင်းအရောင်းဌာန၊ ခေါင်းလောင်းအရောင်းဌာနနှင့် ဘုရားရင်ပြင်ပေါ်ရှိ အလှူခံ ပုံး ၃၁ ပုံးကို ဂေါပကအဖွဲ့က တာဝန်ယူလုပ်ဆောင်သွားမည်ဖြစ်သည်။

    စက်တင်ဘာ ၂၁ ရက်က သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်၌ လက်ရှိအခြေအနေတွင် ရွှေဆိုင်းအရည်အသွေး ညံ့ဖျင်းခြင်း၊ အရွယ်အစား မမှန်ကန်ခြင်းနှင့် ဈေးနှုန်းကြီးမြင့်ခြင်းတို့ကို ပြုပြင်နိုင်ရန်အတွက် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက စီမံကြီးကြပ် ဆောင်ရွက်မည်ဖြစ်သည်။

    ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်ကြီးအတွက် ရွှေဆိုင်းတင်ဒါခေါ်မည့်ကြော်ငြာကို အစိုးရသတင်းစာတွင် ထည့်သွင်းဖော်ပြသွားမည်ဟု ဂေါပကအဖွဲ့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts