spot_img
Saturday, February 21, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးမွန်ပြည်နယ်အစိုးရတင်ဒါအောင်ကုမ္ပဏီများ လုပ်ငန်းအရည်အသွေးမပြည့်မီပါက အရေးယူခံရမည်ဟုဆို

    မွန်ပြည်နယ်အစိုးရတင်ဒါအောင်ကုမ္ပဏီများ လုပ်ငန်းအရည်အသွေးမပြည့်မီပါက အရေးယူခံရမည်ဟုဆို

    -

    မွန်ပြည်နယ်အစိုးရအဖွဲ့၏ တင်ဒါအောင်မြင်သွားသည့် ကုမ္ပဏီများ လုပ်ငန်းအရည်အသွေး ပြည့်မီအောင် ဆောင်ရွက်နိုင်ခြင်းမရှိပါက ထိရောက်စွာ အရေးယူခံရမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ ့စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်က ပြောသည်။

    တင်ဒါအောင် ကုမ္ပဏီများကို လုပ်ငန်း မစတင်မီ လုပ်ငန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်း တိတိကျကျသတ်မှတ်ထားပြီး စာချုပ် ချုပ်ဆိုထားကြောင်း၊ စာချုပ်တွင် သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိပါက ပြန်လည်ပြုပြင်တည်ဆောက်စေခြင်း၊ ငွေပေးချေမှုမပြုခြင်း ပါဝင်ပြီး စည်းမျဉ်းစည်းကမ်းပါအချက်များ ချိုးဖောက်ပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု ဆိုသည်။

    အရည်အသွေးမပြည့်မီသည့် ဇေတဝန်စာသင်ကျောင်း(MNA)
    အရည်အသွေးမပြည့်မီသည့် ဇေတဝန်စာသင်ကျောင်း(MNA)
    “တင်ဒါအောင် ကုမ္ပဏီတွေအနေဖြင့် လုပ်ငန်းအရည်အသွေး ပြည့်မှီအောင် မဆောင်ရွက်နိုင်ပါက အရေးယူသွားပါမယ်၊ ကုမ္ပဏီတွေကို လုပ်ငန်း မစခင် စည်းမျဉ်းစည်းကမ်းတွေ တိတိကျကျသတ်မှတ်ပြီးတော့ စာချုပ် ချုပ်ဆိုထားတယ်၊ စာချုပ်ပါ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ရင် ဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဦးဝဏ္ဏကျော်က ပြောသည်။
    ၄င်းပြင် တင်ဒါအောင်မြင်သော ကုမ္ပဏီများအနေဖြင့် တဆင့်ကန်ထရိုက်လွှဲပြောင်းဆောင်ရွက်ပါက လုပ်ငန်းများ ဖျက်သိမ်းပြီး ကုမ္ပဏီအား Black List စာရင်းသွင်းခြင်းဖြင့်လည်း အရေးယူမည်ဖြစ်သည်။

    “စိစစ်မှုအားနည်းတာတွေ၊ ကြပ်မတ်မှုအားနည်းတာတွေ၊ တင်ဒါအောင်တဲ့ ကုမ္ပဏီကလည်း ပြီးစလွယ်လုပ်ခဲ့တာတွေရှိနေတယ်၊ အဲသလိုမျိုး အနေအထားမှာရှိခဲ့တဲ့အတွက်ကြောင့် တင်ဒါစိစစ်ရွေးချယ်တာ လုပ်ငန်းအကောင်အထည်ဖေါ်တာတွေ စနစ်တကျနဲ ့လုပ်ဆောင်ဖို ့အင်မတန်မှ အရေးကြီးပါတယ်” ဟု ပေါင်မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် (၁) ကိုယ်စားလှယ် ဦးထွန်းမင်းအောင် ကပြောသည်။

    ပြည်နယ်အစိုးရအဖွဲ ့ဦးဆောင်သည့် တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီကလည်း တင်ဒါအောင်ကုမ္ပဏီများ အရည်အသွေး စံချိန်စံညွှန်းကောင်းမွန်ခြင်းရှိ မရှိ၊ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ခြင်းရှိ မရှိ စိစစ်ဆောင်ရွက်သွားမည် ဖြစ်သည်။

    “ကုမ္ပဏီတွေဆိုတာကလည်း သူတို့အတွက် အမြတ်မကျန်ရင် မလုပ်ကြဘူးလေ၊ ခနခနကြားနေရတယ် ကျောင်းတွေဆောက်တယ် မကြာဘူး ပျက်သွားပြန်ပြီ၊ ဒီမော်လမြိုင်မှာတောင် ဟိုတလောက တိုးချဲ့ကမ်းနားလမ်းကိစ္စ လုပ်ပြီး ဘာမကြာဘူး ရေတွေတက်တယ်၊ အဆင့်မမီဘူးလေ ဒါကို ဘယ်သူက တာဝန်ခံတာလဲ ဘယ်သူကတာဝန်ယူတာလဲ အစိုးရကရော ဘာတွေလုပ်ထားလဲ အရေးယူမယ်ပြောရုံနဲ့ မပြီးဘူးလေ၊ လက်တွေ့က ပိုအရေးကြီးတယ်” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

    လက်ရှိမွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လုပ်ငန်းတင်ဒါများ ခေါ်ယူလျက်ရှိပြီး ဆောက်လုပ်ရေး၊ ပညာရေးနှင့် လျှပ်စစ်ဆိုင်ရာ လုပ်ငန်းအချို့တို့ကို တင်ဒါ ခေါ်ယူထားပြီးဖြစ်ကြောင်း သိရသည်။

    ပြီးခဲ့သည့် မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအုန်းမြင့် အစိုးရသက်တမ်း၌ ပေါင်မြို့နယ်၊ မုတ္တမကျေးရွာအုပ်စု ဇေတဝန် အခြေခံမူလတန်းကျောင်းဆောက်လုပ်ရာတွင် တင်ဒါအောင် မုတ္တမဆောက်လုပ်ရေးအဖွဲ့အား သတ်မှတ်စံချိန်နှင့် မကိုက်ညီသည့်အတွက် ပြန်လည်ပြုပြင်ပေးစေလိုကြောင်း၊ ကွန်ကရိဖျော်စပ်ရာတွင် အချိုးအစားမမှန်ခြင်း၊ ကွန်ကရိလောင်းတိုင်များအား ရေမလောင်းခြင်း၊ ကျောက်စရစ်ရေမဆေးခြင်းနှင့် Beam တည်ဆောက်ရာတွင် သံချောင်း အရွယ်အစား မမှန်ခြင်းတို့အား မြို့နယ်တည်ဆောက်ရေး လုပ်ငန်းစိစစ်ရေးကော်မတီက ၂၀၁၅ ခုနှစ် ဇန်နဝါရီလအတွင်း သက်ဆိုရာသို့တင်ပြခဲ့သော်လည်း အရေးယူဆောင်ရွက်ခဲ့ခြင်း မရှိခဲ့ပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks